မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းရောက်ရှိလာတဲ့ မြန်မာအလုပ်သမားဦးရေဟာ အလွန်များပြားနေပြီး အများစုရဲ့ အလုပ်လုပ်ခွင့် (work permit) သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကုန်ဆုံးပါတော့မယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဓမ္မအမိန့်တွေကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားတွေဟာ မိမိကိုင်ဆောင်ထားတဲ့အထောက်အထားတွေအလျောက် စစ်ကောင်စီကို အခွန်ထမ်းဆောင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ပြည်ပရောက်နေပေမယ့် အခွန်ထမ်းဆောင်ထားခြင်း အထောက်အထားမပြနိုင်ရင် ထိုင်းနိုင်ငံကိုပြန်ဝင်တဲ့အချိန်မှာ တားဆီးခြင်း၊ ပြည်ပရောက်အလုပ်သမား သက်သေခံကတ်မထုတ်ပေးခြင်း၊ ပတ်စပို့သက်တမ်းတိုးချိန် နှင့် ဗီဇာသက်တမ်းတိုးချိန်မှာ ဒုက္ခရောက်စေခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ တင်းကျပ်ထားကြပါတယ်။ မကြာခင်မှာ ရွှေ့ပြောင်းမြန်မာတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရဖို့ ဖြစ်လာခဲ့ပါပြီ။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေငြာချက်ထွက်လာပြီးနောက်မှာ အလုပ်လုပ်ခွင့် နှင့် ဗီဇာသက်တမ်းတိုးကြမယ့် မြန်မာဦးရေဟာ ၁၇ သိန်းခန့်ရှိတယ်လို့ အထောက်အထားဝန်ဆောင်မှုပေးနေတဲ့ သတင်းရင်းမြစ်တွေထံမှသိရပါတယ်။ ဒီလူဦးရေအကုန်လုံး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့နောက်ဆုံးထားပြီး သက်တမ်းတိုးကြရမှာပါ။ ဒီအခြေအနေဟာ လုပ်ငန်းစဉ်ပြီးဆုံးဖို့ အချိန်နည်းနေမှာဖြစ်ပြီး ထိုင်းဘက်ကလည်း သက်တမ်းတိုးလုပ်ငန်းစဉ်အတွက် ရက်သတ်မှတ် တိုးပေးခြင်းလည်း မရှိသေးပါဘူး။ ဒီလိုအခြေအနေမှာပဲ စစ်ကောင်စီသံရုံးဘက်က တောင်းဆိုမှုကြောင့် သက်တမ်းတိုးမြန်မာတွေဟာ သံရုံးကိုကျသင့်တဲ့အခွန်ငွေအကုန်ဆောင်ရပါတော့မယ်။ မြန်မာသံရုံးမှ အမည်စာရင်းကျမှသာ ရှေ့ဆက်လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဟာ စစ်ကောင်စီသံရုံးရဲ့ အခုလိုတင်းကျပ်မှုတွေကြောင့် လုပ်ငန်းစဉ်အချိန်မီ မပြီးစီးမှာကို စိုးရိမ်နေရပြီး ထိုင်းသံအမတ်ကြီးကတဆင့် မြန်မာတွေရဲ့ အခွန်ကိစ္စကို ရပ်နားထားဖို့ တောင်းဆိုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ယခုနှစ် အလုပ်လုပ်ခွင့် ပါမစ် သက်တမ်းတိုးရာမှာ အခကြေးငွေတွေလည်း အဆမတန်မြင့်တက်သွားပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရရှိတဲ့သတင်းတွေအရ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော်ဆန္ဒပြကြကြောင်းသိရပါတယ်။မြန်မာလုပ်သား ၄၀၀ ကျော်ထံမှ နိုင်ငံကူးလက်မှတ် သက် တမ်းတိုးရန်အတွက် စက်ရုံကိုယ်စားလှယ်က တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ အထိကောက်ခံနေကြောင်း၊ မြန်မာအလုပ်သမားများက ဆန္ဒပြကြကြောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ကုန်ကျစရိတ်သည် ထိုင်းဘတ် ၈၅၀၀ ဝန်းကျင်သာ ကုန်ကျသော်လည်း ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေခြင်း ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။ နောက်ထပ် အလုပ်လုပ်ခွင့် ဝပ်ပါမစ် နှစ်နှစ်ရဖို့ ခုလို အဆမတန် ဈေးတွေ တက်သွားရတာ စစ်ကောင်စီသံရုံးက နိမ်းလစ်တင်ရန်ကိစ္စနဲ့ စစ်ကောင်စီထံ အခွန်သွင်းဖို့ အခကြေးငွေ လုပ်ငန်းစဉ်များကြောင့် ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ “သက်တမ်းတိုးရမယ့်သူအကုန်လုံး အခွန်ဆောင်ရမယ်ဆိုရင် မြန်မာဘက်အနေနဲ့ သက်တမ်းတိုးချိန်
မှီအောင် လုပ်ပေးနိုင်ဖို့ မလွယ်တာကြောင့် အခွန်ဖိုး ကောက်ခံတာကို ဖြုတ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးက တောင်းဆိုထားကြောင်း” သိရကာ တရားဝင်အသိပေးထုတ်ပြန်ချက်တွေ ထွက်မလာသေးပါဘူး။ထိုင်းနိုင်ငံမှာ အများစုအလုပ်လုပ်နေကြတဲ့ မြန်မာ – ကမ္ဘောဒီးယား၊ လာအိုနှင့်ဗီယက်နမ်စတဲ့ အလုပ်သမားတွေအနက် စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအုပ်စုကသာ ခုလို ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာပါ။ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံကိုထပ်မံရောက်ရှိနေတဲ့ အထောက်အထားမဲ့မြန်မာတွေဟာ ဒီဇင်္ဘာ ၁၅ ရက်နေ့မှာ အထောက်အထားမှတ်ပုံတင်ခွင့်ရကြမှာ ဖြစ်ပြီး လူဟောင်းများကတော့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အလုပ်လုပ်ခွင့်သက်တမ်းများကို တိုးကြရဖို့ရှိနေပြီး စစ်ကောင်စီကိုလည်း အခွန်ပေးသွင်းရမယ့် ဒုက္ခနဲ့ ကုန်ကျစရိတ်ကြီးမားခြင်း ဒုက္ခတွေကို ခါးစည်းရင်ဆိုင်နေရသည်။