ylliX - Online Advertising Network

နွားထိုးကြီးကို လေတပ်က ၄ ရက်ဆက် တိုက်ခိုက်၊ အရပ်သား ၈ ဦး သေဆုံး


‌နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို လေတပ်က ၄ ရက်ဆက် ဗုံးကြဲရာ ကလေးများအပါအဝင် ဒေသခံ ၈ ဦး သေဆုံးကြောင်း ဒေသခံများ၊  တော်လှန်ရေးအဖွဲ့များနှင့် ပြောကြသည်။

ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၅ နာရီခွဲဝန်းကျင်တွင် မြို့တောင်ဘက် ၅ မိုင်ကျော်အကွာ နွားထိုးကြီး- မလှိုင် ကားလမ်းဘေးကပ်လျက်ရှိ အောင်ပန်းကုန်းကျေးရွာကို ဗုံးကြဲခဲ့ရာ  မိသားစုဝင် ၃ ဦး သေဆုံးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

သေဆုံးသူတို့မှာ ဦးကျော်သူမိုး၊ ဒေါ်ခင်အေးကျင်နှင့် သားဖြစ်သူ မောင်အောင်ပြည့်လျှံ (၉ နှစ်) တို့ ဖြစ်သည်ဟု အနီးရှိ ကျေးရွာတစ်ရွာမှ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားက ဆိုသည်။ 

 “မနက်ခင်း ထမင်းချက်နေတဲ့အချိန် လေယာဉ် လာတယ်ဆိုပြီး ကုတင်ပေါ်ပြေးအတက် သားအဖ သုံးယောက် ဖက်လျက်ကလေးပဲ သေသွားတယ်၊ ဒဲ့ ကျသွားတာ၊ တဲပေါ်ကို တိုက်ရိုက်ကျသွားတာ”ဟု ၎င်းက ပြောသည်။

သေဆုံးသူမိသားစုသည် ထန်းတက်လုပ်ကိုင်သူများဖြစ်ကြောင်း၊   ၎င်းတို့၏ ၁၃ နှစ် အရွယ် သမီးဖြစ်သူမှာ ရွာထဲသို့ ရောက်နေချိန် ဖြစ်သောကြောင့် အသက်ရှင်ကျန်ရစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုမိသားစုက မောင်အောင်ပြည့်လျှံကို ရှင်ပြုပေးရန် စီစဉ်နေပြီး လှူဒါန်းမည့် ဆန်နှင့် ပစ္စည်းများလည်း ဝယ်ယူထားကြသည်ဟု ဆို သည်။

ယနေ့နံနက်ပိုင်းတွင်ပင် မြို့တောင်ဘက် ၂ မိုင်ခန့်အကွာမှ အောင်သာကျေးရွာအနီး စစ်လေယာဉ် ၄ ကြိမ် ရောက်လာပြီး ဗုံးအလုံးရေ ၂၀ ခန့် ကြဲချခဲ့သေးကြောင်း အထက်ပါ ရွာသားက ပြောသည်။ 

“ဒီဘက်မှာက ဂျက်ဖိုက်တာနဲ့ကြဲတာမဟုတ်ဘူး၊ တစ်ခါကျရင် ဗုံးကအတွဲလိုက် ၄လုံးလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

၎င်းကိုယ်တိုင်သည်လည်း  ယခင်လက နွားထိုးကြီးမြို့နယ် ဗုံးကြဲခံရမှုများအတွင်း အသက် ဘေးမှ လွတ်မြောက်ခဲ့သူဖြစ်ကာ နေအိမ်လည်း ဆုံးရှုံးထားသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၄ ရက်)က မြို့အနောက်ဘက်  ၈ မိုင်ခန့်အကွာရှိ လုံးတောရွာ လည်း  လေကြောင်းမှ တိုက်ခိုက်ခံရပြီး လူငယ်တစ်ဦး သေဆုံးသွားကာ ဘုန်းကြီးနှင့် ကိုရင်များ ဒဏ်ရာ ရရှိကြောင်း ယင်းအမျိုးသားက ဆိုသည်။ 

သေဆုံးသည့် လူငယ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို မသိရှိရပေ။

အလားတူ ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီတွင်လည်း မြို့အနောက်တောင်ဘက် ၁၆ မိုင်ကျော်အကွာရှိ ကွမ်းအုံ ကျေးရွာကို  တိုက်ခိုက်မှုတွင်  အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်ပို၊ မြေးဖြစ်သူ ၁၁ နှစ် အရွယ် မောင်မာန်ရှိုင်း ခေတ်တို့ သေဆုံးခဲ့သည်ဟု ယင်းရွာအနီးနားမှ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံ တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုတွင်  ခြေပြတ် လက်ပြတ်သည်အထိ ဒဏ်ရာရသွားသူများ လည်း ရှိကြောင်း ၎င်းက ဆိုသည်။



ဒီဇင်ဘာ ၂ မှ ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

ဩဂုတ် ၂၀ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွမ်းအုံကျေးရွာကို လေတပ်က ဗုံး ၂ ကြိမ်ကြဲပြီး ပစ်ခတ်သွားရာ ဒေသခံ ၂ ဦး သေဆုံး၊  ၄ ဦး ဒဏ်ရာရခဲ့သည်။ 

ထိုဖြစ်ရပ်များကြောင့် ဒေသခံ အများအပြားသည်   တောတောင်များထဲတွင်  ပုန်းခိုနေကြရကြောင်း နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာနှင့် မနီးမဝေးသည့်ရှိသည့် သမင်ဘေးကျေးရွာမှ တောင်သူအမျိုးသားက ပြောသည်။

“လေယာဉ်တွေလာပြီဆို အသံကြားရတယ်၊ လာပြီဆို ကြောက်ရတာပေါ့ဗျ၊ ဒီလိုပဲ၊ ရွာထဲမှာဆို မနေရဲဘူး။ မိသားစုလိုက်ရှောင်ရတာပေါ့၊ တောထဲမှာပေါ့” ဟု ထိုအမျိုးသားက ပြောသည်။

“နေ့စဉ်ရက်ဆက်ကြဲနေတာဆိုတော့ ဘယ်ရွာကြဲမယ်ဆိုတာကို အတိကျမသိရဘူးလေ” 

ဒီဇင်ဘာ ၂ နှင့် ၃ ရက်နေ့များတွင်လည်း နွားထိုးကြီးမြို့နှင့်ကပ်လျက် နဘဲမြစ်ကျေးရွာကို လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုးရီးယားစာသင်နေသည့် ကျောင်းသား၂ ဦး သေဆုံးခဲ့သည်။

ထိုကျေးရွာများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်က သွားရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း  နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အရင်က စစ်ကြောင်း သုံးလေးကြောင်းနဲ့ တိုးဖူးတယ်၊ တိုးတဲ့စစ်ကြောင်းတွေက အပြန်မရှိတဲ့အခါက တော့ မတိုးရဲတော့ ဒရုန်းနဲ့ပစ်တယ်၊ လေကြောင်းနဲ့ချတယ်၊ အဲဒါမျိုးတွေ လုပ်တာ” ဟု  ၎င်းက ဆိုသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း သုံးပွင့်ဆိုင်ရှိသည့် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံမြို့နယ်တို့သည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရသောရွာများသည် နွားထိုးကြီးမြို့နယ်အနောက်ဘက် မြင်းခြံနှင့်တောင်သာ အကြား ကျေးရွာများဖြစ်ကြသည်ကို တွေ့ရသည်။ 

  မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက် ခဲ့ကြသေးသည်။ 

ထိုနေ့က မြို့ပေါ်နေရာများအထိပါ  တော်လှန်ရေးအင်အားစုက နေရာယူခဲ့ပြီး လေကြောင်းမှ အပြင်းအထန် တုံ့ပြန်သဖြင့် နေ့ချင်းပြန်ဆုတ်သွားသည်။ 

ယင်းနေ့က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း နွားထိုးကြီးနှင့် သုံးပွင့်ဆိုင်တည်ရှိနေသည့် တောင်သာမြို့နယ် နှင့် မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး “ (Myingyan District Special Operation) အမည်ဖြင့် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ 

မြေပြန့်လွင်ပြင်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းသည့် ထိုဒေသတွင် တော်လှန်ရေးတပ်များက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီက လေတပ်အားပြု တုံ့ပြန်ရာမှ အရပ်သား အများအပြား ထိခိုက်နေသည်။

အောင်ပန်းကုန်းရွာမှ မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်း ပြင်ဆင်ထားစဉ်။ (ဓာတ်ပုံ-ပေးပို့) 





Source link

Leave a Reply

Your email address will not be published. Required fields are marked *