ChatGPT AI Chatbot ဟာ စတင် ထွက်ရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ အခုနှစ် ဩဂုတ်လမှာ အပတ်စဉ် သုံးစွဲသူ သန်း ၂၀၀ ပြည့်ခဲ့ပါတယ်။

Vector illustration of the ChatGPT logo.

အခုတော့ OpenAI CEO Sam Altman က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က The New York Times ရဲ့ DealBook Summit မှာ ChatGPT AI Chatbot ကို အပတ်စဉ် သုံးစွဲသူ သန်း ၃၀၀ ကျော် ရှိသွားပြီလို့ ပြောပါတယ်။ သူက “ ChatGPT ကို တစ်ရက်မှာ Messages ပေါင်း ၁ ဘီလီယမ်ကျော်ကို User တွေက ပေးပို့နေကြပါတယ်။ အပတ်စဉ် သုံးစွဲသူ သန်း ၃၀၀ ကျော် ရှိသွားပါပြီ။ ဒါဟာ တော်တော် တိုးတက်လာတာပါ။ “ လို့ ပြောပါတယ်။

ChatGPT Hits 300 Million Weekly Users, Sending Over 1 Billion Messages a Day

OpenAI ဟာ ChatGPT ကို စတင်ဖြန့်ချိပေးပြီးနောက်မှာ စွမ်းရည် အသစ်တွေကို တစိုက်မတ်မတ် ထည့်သွင်းပေးခဲ့ပါတယ်။ မကြာခင်ကပဲ အင်တာနက်မှာ ရှာဖွေနိုင်ပြီး ရလဒ်တွေကို အကျဉ်းချုပ် ပြသပေးတဲ့ AI Search Engine နဲ့ Chatbot က ရေးတဲ့ ကုဒ်ကို User တွေက အလွယ်တကူ ပြုပြင်နိုင်တဲ့ Canvas Interface ကို ထည့်သွင်းပေးခဲ့ပါတယ်။

Apple ကလည်း OpenAI နဲ့ ပူးပေါင်းကာ iOS မှာ ChatGPT ကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာ Beta အနေနဲ့ ထွက်ထားတဲ့ iOS 18.2 ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Siri မှာ ChatGPT ကို ထည့်သွင်းပေးထားပါတယ်။

Ref : The Verge