ylliX - Online Advertising Network

အလုပ်သမားများထံမှ ငွေကောက်မည့် ဘန်ကောက်သံရုံးအစီအစဉ် ကန့်ကွက်ခံနေရ – Myanmar Now


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုးပေးသည့်လုပ်ငန်းစဉ်တွင် စစ်ကောင်စီ ဝင်ရောက်အခွန်ကောက်ရန် ကြိုးစားနေခြင်းကို ကန့်ကွက်နေကြသည်ဟု သိရသည်။ 

ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးက အလုပ်သမားဟောင်းတစ်ဦးလျှင် တစ်လ ဘတ် ၁၅၀ နှုန်းဖြင့် နောက်ကြောင်းပြန် အခွန်ကောက်ရန်၊  အမည်စာရင်းတင်လိုသူ  အလုပ်သမားသစ်တစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းကောက်ရန်စီစဉ်ထားသည်။

သို့သော်လည်း ထိုင်းအစိုးရ ဌာနများ ဝန်ဆောင်မှုပေးနိုင်သည့်အချိန် မလုံလောက်မှုနှင့် အခြားကိစ္စများကြောင့် သံရုံး၏ အစီအစဉ် မရေမရာဖြစ်နေကြောင်း သံရုံးနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း သန်းနှင့်ချီသော မြန်မာအလုပ်သမားများကို ၂၀၂၅ ဖေဖော်ဝါရီတွင် အပြီးသတ် သက်တမ်းတိုးရမည်ဖြစ်၍ အခွန်ကောက်၊ အချက်အလက်ယူမည့် လုပ်ငန်းများမလုပ်ကိုင်ရန် စစ်ကောင်စီသံရုံးထံ အကြောင်းကြားထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးစိုးရ(NUG) အလုပ်သမားရေး ဒုဝန်ကြီး ဦးကျော်နီကလည်း ထိုင်းအစိုးရကို   ယခင်နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်း သက်တမ်းတိုးပေးရန်   ယမန်နေ့တွင် တောင်းဆိုထားသည်ဟု ပြောသည်။ 

“ဘာပဲပြောပြော သူက ဒီဟာက ကျော်လွန်ပြီးတော့လုပ်တဲ့သဘောလည်းပါတယ်။ Work Permit ဆိုတာ ထိုင်းအစိုးရဘက်က လုပ်ပေးတာ။ ဒါကို ဘာမှမဆိုင်ဘဲနဲ့ သူ့ဆီအခွန်ဆောင်ပြီးမှ လုပ်ပေးရမယ်ဆိုတော့ ထိုင်းအစိုးရကို လာပြီးတော့ ကျော်လွန်ပြီးတော့တောင်းဆိုတဲ့တောင်းဆိုချက်ပေါ့” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၄ ရက်နေ့က ဘန်ကောက်မြို့ Pullman King Power ဟိုတယ်တွင် ပြုလုပ်သည့် ထိုင်းအလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်သမားအခွင့်အရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာအလုပ်သမားတချို့က စစ်ကောင်စီသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အခက်အခဲရှိနိုင်ကြောင်း ဆွေးနွေးကြသည်ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU) ဖြင့် မဟုတ်ဘဲ ထိုင်းနိုင်ငံထဲသို့ မှောင်ခိုလမ်းကြောင်းမှဝင်လာပြီး အထောက်အထားကိုင်ဆောင်၍ ကာလရှည် လုပ်ကိုင်နေကြသည့်  နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးမည့်လုပ်ငန်းစဉ်တွင် စုစုပေါင်းအလုပ်သမား ၁ ဒသမ ၇ သန်းကျော်ကို သက်တမ်းတိုးရမည်ဖြစ်သည်။

ထိုအလုပ်သမားများအနက် ၈၀ ရာခိုင်နှုန်းမှာ မြန်မာအလုပ်သမားများဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၁ ဒသမ ၃၆ သန်းခန့်ရှိသည်ဟု NUG အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။ 

ထိုအလုပ်သမားများကို ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းဖြစ်သည်။

 ထိုင်းအစိုးရနှင့်သာ အဓိကသက်ဆိုင်သည့် ထိုလုပ်ငန်းတွင် စစ်ကောင်စီက မြန်မာအလုပ်သမားများ၏ အချက်အလက်နှင့် အခွန်ငွေကောက်ခံရန် စီစဉ်သည့်အပေါ် အလုပ်သမားများနှင့် အလုပ်သမားအခွင့် အရေးလှုပ်ရှားသူများက ကန့်ကွက်နေသည်။

စစ်ကောင်စီသံရုံး၏ မူလအစီစဉ်အရ ထိုင်းအစိုးရကောက်ခံမည့် သက်တမ်းတိုးကုန်ကျစရိတ်အပါဝင် အလုပ်ရှင်ရှိ အာမခံရှိသူဖြစ်ပါက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၈၀၀၀၊ အလုပ်ရှင်ရှိ အာမခံမရှိသူ ၈,၉၀၀ နှင့် အလုပ်ရှင်မရှိ၊ အာမခံမရှိသူ ၁၀,၄၉၀ ကုန်ကျနိုင်သည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် တစ်လဘတ် ၁၅၀ နှုန်းဖြင့် နောက်ကြောင်းပြန်အခွန်ကောက်ရန်စီစဉ်ထားသည်။



 စစ်ကောင်စီသံရုံ၏ အလုပ်လုပ်ခွင့်သက်တမ်းတိုးကုန်ကျစရိတ်သတ်မှတ်ချက်

အလုပ်သမားတစ်ဦး ဘတ် ၂၀၀၀ ကောက်ယူကာ အမည်စာရင်းတင်ရန် စစ်ကောင်စီသံရုံးနှင့်နီးစပ်သည့် ပြည်တွင်းကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း ယခုအခါ ထိုအစီစဉ်လည်းရပ်ထားကြောင်း သံရုံးနှင့်နီးစပ်သူက ပြောသည်။ 

ယခုအစီစဉ် အထမမြောက်ပါက အလုပ်သမားတို့၏ အချက်အလက်များ စစ်ကောင်စီ မရမည့်အပြင် အလုပ်သမားများလည်း ဘတ် ၄၅၀၀ ဝန်းကျင် သက်သာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။ 

စစ်သားသစ် လိုအပ်နေသည့် စစ်ကောင်စီသည် ထိုင်းတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်၍ အထောက်အထားတစ်ခုခုဖြင့် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို အချိန်မရွေးပြန်ခေါ်ရန် ထိန်းချုပ်လိုကြောင်း၊ ထိုင်းအစိုးရဘက်ကလည်း အနေကြာသည့်မြန်မာအလုပ်သမားများကို MoU စနစ်ကဲ့သို့ ၄ နှစ်ပြည့်လျှင် မြန်မာနိုင်ငံပြန်ခိုင်းကာ အေဂျင်စီများမှတစ်ဆင့် ပြန်လည်ဝင်ရောက်စေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထိုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိသူ ဘန်ကောက်မှ မြန်မာအမျိုးသားတစ်ဦးက ဆိုသည်။ 

“(ထိုင်းအစိုးရကလည်း) ဒီမှာ အမြဲတစေနေထိုင်ခွင့်ပေးနိုင်တဲ့ ဗီဇာမျိုးမပေးချင်ဘူး။ ပြဿနာက အဲ့ဒါကြောင့် Pre MoU ဆိုပြီးလုပ်တာ။ သက်ဆိုင်ရာ မိခင်နိုင်ငံကနေလာရင်တော့ MoU ပေါ့။ ထိုင်းမှာ နှစ်ကြာရှည်နေတဲ့ အုပ်စုတွေကို Pre MoU ဆိုတဲ့လုပ်ငန်းစဉ် ကောက်ပြောင်းလိုက်တယ်။ Pre MoU ဆိုတဲ့ခေါင်းစဉ်ပြောင်းခြင်းအားဖြင့် အခွန်အခတွေထွက်လာလိမ့်မယ်” ဟု  ၎င်းက ပြောသည်။ 

ယခုနှစ် အလုပ်လုပ်ခွင့်သက်တမ်းတိုးသည့် ဖြစ်စဉ်တွင် စုစုပေါင်း ဘတ် ၁၃၀၀၀ (ကျပ် ၁၇ သိန်း ဝန်းကျင်) ကုန်ကျနိုင်ခြင်းကြောင့်  ဘန်ကောက်မြို့၊ စမွတ်ပကန်ခရိုင်  CH ကားပစွည်း ထုတ်လုပ်ရေးစက်ရုံမှ မြန်မာလုပ်သား ၄၀၀ ကျော်ဆန္ဒပြခဲ့ကြောင်း BBC မြန်မာပိုင်းသတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

မြန်မာအလုပ်သမားများ၏ ပတ်စ်ပို့အနီ၊ CI (မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာ) စာအုပ်များ အပါအဝင် အလုပ်လုပ်ကိုင်ခွင့်  သက်တမ်းတိုးဆောင်ရွက်ရန် အလုပ်ရှင်၏ လူယုံကိုယ်စားလှယ်မှတဆင့် ညှိနှိုင်းရာမှ အငြင်းပွားခဲ့ကြောင်း  ထိုသတင်းက ဆိုသည်။

စစ်အာဏာမသိမ်းမီအထိ ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အများအပြား ရောက်ရှိနေရာ တရားဝင် ပတ်စပို့၊  CI နှင့် ပန်းရောက်ကတ်ကဲ့သို့ အခြားအထောက်ထားကိုင်ဆောင်ထားသူ ၁ ဒသမ ၂ သန်းကျော်၊ MOU အလုပ်သမား ၈ သိန်းခန့်နှင့် အထောက်ထားမဲ့သူ ၁.၅ သန်းကျော် ရှိသည်ဟု NUG ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်အလုပ်လုပ်သူများသည် ကနဦးအနေဖြင့် ထိုင်းအစိုးရက ထုတ်ပေးသည့် ဘတ်ဟုခေါ်သည့် ပန်းရောက်ကတ်ဖြင့် အလုပ်လုပ်ကိုင်ကြသည်။ ထိုနောက် ထိုကတ်များ ကိုင်ဆောင်သူကို မြန်မာဘက်က ထုတ်ပေးသည့် CI စာအုပ်(စာအုပ်အစိမ်း) ထပ်မံပြောင်းလဲနိုင်သလို ထိုမှတဆင့် နိုင်ငံကူးလက်မှတ်(စာအုပ်အနီ) အဆင့်ဆင့်ပြောင်းလဲခွင့်ရှိသည်။  





Source link

Leave a Reply

Your email address will not be published. Required fields are marked *