ဒီနှစ်တွေဟာ Battlefield ဂိမ်းလို large-scale action FPS ဂိမ်းအမျိုးအစားကို နှစ်သက်တဲ့သူတွေအတွက် စိတ်ပျက်စရာကာလလို့ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထွက်ရှိထားတဲ့ Battlefield 2042 က ယခင်ဂိမ်းတွေရဲ့ အငွေ့အသက်နဲ့ဟန်ပန်တွေပျောက်ကွယ်နေပါတယ်။ လူအများမျှော်လင့်စောင့်စားနေကြတဲ့ Battlefield ဂိမ်းအသစ်ဟာလည်း EA ဘက်က ဖန်တီးနေတယ်ဆိုတာသိရပေမယ့် ၂၀၂၆ခုနှစ်လောက်မှမြင်တွေ့ရဖွယ်ရှိနေတာကြောင့် မိတ်ဆွေတို့အနေနဲ့ ဒီကာလအတွင်းမှာ Battlefield ပုံစံဂိမ်းတစ်ခုကို ကစားချင်တယ်ဆိုရင်တော့ ဒီဇင်ဘာလ ၅ရက်နေ့မှာ Open Beta အနေနဲ့ ထွက်ရှိလာတဲ့ Delta Force ဆိုတဲ့ဂိမ်းတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။
Delta Force
Delta Force ဟာ Team Jade နဲ့ TiMi တို့က NovaLogic ရဲ့ ၁၉၉၈ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Delta Force ဂိမ်းစီးရီးကို ပြန်လည်အသက်သွင်းဖို့ လုပ်ဆောင်နေတဲ့ ဂိမ်းဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၉၃ခုနှစ်နဲ့ မဝေးလှတဲ့အနာဂတ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ စစခြင်းဂိမ်းအမည်ကို Delta Force: Hawk Ops လို့ပေးထားပေမယ့် မှတ်သားရလွယ်ကူအောင် Delta Force လို့ပြောင်းလဲခဲ့ပါတယ်။ ဒီဂိမ်းမှာ Black Hawk Down (Campaign)၊ Warfare၊ Operations ဆိုပြီး Mode ၃ခုပါဝင်ပါတယ်။
သဘောအကျဆုံးတစ်ခုကတော့ PC နဲ့ Console တွေအပြင် Mobile ဖုန်းတွေအတွက်ပါထွက်ရှိလာမှာဖြစ်ပါတယ်။ Mobile version ကိုတော့ နာမည်ကျော် Mobile Developer ဖြစ်တဲ့ LevelInfinte ကရေးဆွဲထားတယ်လို့ သိရပါတယ်။ ဂိမ်းရဲ့ developer ကတော့ Delta Force ဟာ free to play ဆိုပေမယ့် pay to win ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
Black Hawk Down (Campaign)
ဒီ ပထမဆုံး mode ကတော့ single player သီးသန့်ဖြစ်ပြီး ဆိုမာလီယာပြည်တွင်းစစ်ကိုဇာတ်အိမ်တည်ထားတဲ့ Black Hawk Dawn ရုပ်ရှင်ကို အခြေခံထားတဲ့ Delta Force Black Hawk Dawn ကို Unreal Engine 5 နဲ့ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းသွား mode တစ်ခုပဲဖြစ်ပါတယ်။ ဒီ mode မှာ သင့်အနေနဲ့ Mogadishu လမ်းမပေါ်မှာ တိုက်ပွဲဝင်ရမယ့် Delta Force တပ်ဖွဲ့ဝင်အဖြစ်ကစားရမှာဖြစ်ပါတယ်။ Black Hawk Down ကို နောက်နှစ်ဇန်နဝါရီလမှာ ကစားနိုင်မယ်လို့သိရပါတယ်။
Warfare
နောက်တစ်ခုကတော့ Battlefield ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Warfare ပဲဖြစ်ပါတယ်။ ဒီ mode မှာ တစ်ဖက်ကို ၃၂ယောက်စီနဲ့ စုစုပေါင်း ၆၄ယောက်ကစားနိုင်မှာဖြစ်ပြီး ကျယ်ပြောလှတဲ့မြေပုံမှာ တိုက်စစ်ဆိုရင် ရန်သူနယ်မြေတွေသိမ်းယူရမှာဖြစ်ကာ ခံစစ်ဆိုရင်တော့ မိမိနယ်မြေတွေမပါသွားအောင်ခုခံရမှာဖြစ်ပါတယ်။ Gameplay ပုံစံက Battlefield ဂိမ်းတွေထဲက Conquest နဲ့ Breakthrough တို့နဲ့ဆင်တူပါတယ်။ ဒီ mode ဟာ All-Out-Warfare ပုံစံဖြစ်တာကြောင့် infantry သာမက ရဟတ်ယာဉ်တွေသံချပ်ကားနဲ့တင့်ကားတွေအထိအသုံးပြုနိုင်ပါတယ်။ ဘယ်လောက်တောင် Battlefield ဆန်သလဲဆိုရင် Battlefield မဆန်တော့တဲ့ Battlefield 2042 ထက်တောင် Battlefield ပိုဆန်တယ်လို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် Battlefield 2042 မှာ ချပ်လှပ်ထားခဲ့တဲ့ အမြှောက်ပစ်ကူ၊ ဒုံးပစ်ကူပေးတာတွေကိုထည့်သွင်းထားတာတွေ့ရပါတယ်။ Battlefield လို Jet Fighter တွေမပါဝင်သေးပေမယ့် နောက်ပိုင်းမှာ ပါဝင်လာမယ်လို့ဆိုပါတယ်။ Mobile Version မှာဆိုရင် တစ်ဖက်ကို တစ်ဖက်ကို ၂၄ယောက်စီနဲ့ စုစုပေါင်း ၄၈ယောက်ကစားနိုင်ပါတယ်။ သဘောကျစရာတစ်ခုက gun customization ကို အခြားဂိမ်းတွေထက် အများကြီးလုပ်နိုင်တာပါပဲ။
Operations
Delta Force က Escape from Tarkov တို့လို hardcore extraction shooters တွေကို ကြိုက်နှစ်သက်တဲ့ ကစားသမားတွေအတွက် PvPvE Operations mode ကိုလည်း ထည့်သွင်းထားပါတယ်။ Operations မှာ ကစားသမားတွေအနေနဲ့တွေဟာ ကြီးမားတဲ့မြေပုံတွေကို မိမိကိုယ်တိုင်နဲ့အဖွဲ့သားတွေလွတ်မြောက်စေဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အကယ်၍ ကစားသမားတွေက မြေပုံထဲက ထွက်လွတ်မရခင်သေဆုံးသွားခဲ့ရင် သူတို့ စုဆောင်းထားတဲ့အရာတွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။
SYSTEM REQUIREMENTS
Delta Force ဂိမ်းကိုကစားလိုသူတွေအတွက် PC System Requirements တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
MINIMUM:
Requires a 64-bit processor and operating system
OS: Windows 10 64 bit
Processor: Intel Core i3-4150 / AMD FX-6300
Memory: 12 GB RAM
Graphics: Nvidia Geforce GTX 960 / AMD R9 380 / Intel Arc A380
DirectX: Version 12
Network: Broadband Internet connection
Storage: 50 GB available space
RECOMMENDED:
Requires a 64-bit processor and operating system
OS: Windows 10 64 bit
Processor: Intel Core i5-6500 / AMD Ryzen 5 1500x
Memory: 16 GB RAM
Graphics: Nvidia Geforce GTX 1060 5G / AMD RX5500 XT / Intel Arc A580
DirectX: Version 12
Storage: 50 GB available space
Experience on Previous Alpha and Steam Next Fest Test
ကျနော့်အနေနဲ့ Delta Force (PC) ဂိမ်းကို ဩဂုတ်လမှာ Alpha Test တစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်စမ်းသပ်ကစားခဲ့ဖူးပါတယ်။ ကစားကြည့်ရသလောက် Alpha Test မှာတင် ဂိမ်းကအတော်လေး stable ဖြစ်တာကိုတွေ့ရပြီး အားနည်းချက်လေးတွေရှိပေမယ့် Free to play ဂိမ်းတစ်ခုအနေနဲ့ အတော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ အခုဂိမ်းကို ပထမဆုံးဆော့ကြည့်ရာမှာတော့ ခုထွက်လာတဲ့ Open Beta Version ကပိုကောင်းမွန်ပြီး Stable ဖြစ်တယ်လို့ခံစားရပါတယ်။
Mobile အတွက် တရုတ်နိုင်ငံမှာ စမ်းသပ်နေတဲ့ version ကိုလည်းစမ်းသပ်ကြည့်ရာမှာတော့ graphics ကွာခြားမှုလောက်ကလွဲရင် PC နဲ့ မကွဲပြားလှတာကိုခံစားရပါတယ်။ China version ဖြစ်တာကြောင့် ဂိမ်းကို စမ်းသပ်ကစားဖို့က WeChat သို့မဟုတ် QQ လိုမှာပါ။
Anti-Cheat Software
Delta Force ဂိမ်းမှာ Cheater တွေရန်က ကာကွယ်ဖို့အတွက် Anti-Cheat Expert (ACE) နဲ့ပူးပေါင်းပြီး G.T.I. Security ဆိုတဲ့ Kernal Level Anti-Cheat တစ်ခုကိုထည့်သွင်းထားပါတယ်။ ဒီ Anti-Cheat ကြောင့် Steam မှာ bad review တွေတက်နေတာတွေ့ရပေမယ့် တကယ်ကစားကြည့်တဲ့အခါ ဘာပြဿနာမှမကြုံခဲ့ရပါဘူး။
Play Now on Steam and Epic Games
ယနေ့ ထွက်ရှိလာတဲ့ Free To Play ဂိမ်း Delta Force Hawk Ops ကို သူ့ရဲ့ Offiical Website အပြင် Steam နဲ့ Epic Games တို့မှာပါရယူကစားနိုင်ပါတယ်။ Mobile ကတော့ အချို့နိုင်ငံတွေမှာ Testing လုပ်နေဆဲဖြစ်ပြီး နောက်နှစ်မှာကစားနိုင်မယ်လို့သိရပါတယ်။ အခြား platform တွေဖြစ်တဲ့ Android, iOS, PlayStation 5, PlayStation 4, Xbox One, Xbox Series X and Series S တို့ကတော့ နောက်နှစ်ထဲမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။
Source: PCGamesN, Digital Trends, and Playdeltaforce