ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးများပြားခဲ့တာကြောင့် အင်အားထပ်မံဖြည့်တင်းပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့-NPT က သတင်းထုတ်ပြန်ပါတယ်။အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခန့်မှာ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်း နှောပင်ကျေးရွာကို ကျွန်းတော်ကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ထက်မနည်းသေဆုံးကာ အများအပြားထိခိုက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အထိနာပြီး အင်အားဖြည့်တင်းနေကြောင်း သိရှိရပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နှောပင်ကျေးရွာအတွင်းရှိ ပြည်သူတွေကိုလည်း စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ပြည်သူများအနေဖြင့် သတိပြု သွားလာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။