ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ (ဒီဇင်ဘာ ၆ ရက်) တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များ မြို့တွင်းသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၅ နာရီမှ စတင်ကာ တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ဗန်းမော်မြို့ နှင့် မံစီမြို့များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို စတင်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့မှ တစ်မိုင်ခန့် အကွာတွင်ရှိသည့် အမှတ် (၄၇) ခြေလျင်တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီက ဗန်းမော်မြို့မှ လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIA ထိုးစစ်ကို အပြင်းအထန်ခုခံခဲ့သည်။
ယနေ့နံနက်တွင် KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့အတွင်း ဝင်ရောက်လာကြပြီး မြို့တွင်းရှိ လမ်းဆုံလမ်းခွများတွင် နေရာယူကာ စစ်ကောင်စီ၏ တပ်ရင်းစခန်းများနှင့် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)တို့ကို ဆက်လက်တိုက်ခိုက်နေသည်ဟု ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ကြားသလောက်တော့ မြို့တွင်းလည်း KIA ဝင်ထားပြီပေါ့နော်၊ လက်ရှိအခြေအနေမှာ လည်း… လမ်းဆုံတွေမှာလည်းအကုန်လုံး တားထားပေးတယ်၊ ပြည်သူတွေအိမ်ထဲကနေ အပြင် မထွက်ဖို့ သူတို့ ညွှန်ကြားထားတယ်၊ ပြည်သူတွေအထိအခိုက်ဖြစ်မှာစိုးလို့ လုံခြုံတဲ့နေရာနေပေါ့ ။ အဲဒီလိုမျိုးတော့ ပြောထားတယ်”
ယနေ့ တစ်မနက်လုံး တိုက်ပွဲဖြစ်ပွားသံများကို အဆက်မပြတ်ကြားနေရပြီး မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားသည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။
မြို့တွင်းအထိ တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။
ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမှတ် (၂၃၆) နှင့် (၄၇) ခြေလျင်တပ်ရင်းများ၊ အမှတ် (၃၃၆) နှင့် (၃၀၄) အမြောက်တပ်များ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။
စကခ(၂၁)နှင့် ခလရ(၂၃၆) အပါအဝင် လက်ရုံးတပ်အများစုမှာ မြို့အရှေ့ဘက် မိုးမောက်မြို့သို့ သွားသည့်လမ်းမပေါ်တွင် ရှိကြပြီး ခလရ(၄၇)မှာ မြို့တောင်ဘက် မံစီမြို့ဘက်သို့ သွားသည့် လမ်းကြောင်းပေါ်တွင် ရှိသည်။
KIA တို့က အဆိုပါတပ်များအပြင် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့ရှိ အမှတ် (၃၁၉) နှင့် (၆၀၁) ခြေမြန်တပ်ရင်းများ၊ အမှတ် (၅၂၃) အမြောက်တပ်တို့ကိုပါ တိုက်ခိုက်နေသည်။
စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ အားပြုပြီး အပြင်းအထန် ခုခံနေသည်ဟု သိရသည်။
“(စစ်ကောင်စီက) တောင့်ပြီးခံနေတုန်းပေါ့ဗျာ။ တက္ကသိုလ်မရောက်ခင်မှာ သံတံတားဆိုတာရှိတယ်၊ ဒီတံတားနားလေးမှာ ဥယျာဉ်ကုန်း ဆိုပြီးမှ သတ်မှတ်ထားတာပေါ့ဗျာ။ အဲဒါ အခု မီးတွေကတော့ စလောင်နေတယ်၊ မီးလောင်တာ မီးခိုးတွေ တွေ့နေရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ကချင်ဒေသအကြောင်း အထူးပြုတင်ဆက်သည့် သတင်းဌာနအချို့က ခလရ(၂၃၆) နှင့် တပ်စခန်း အချို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်ဟု သိရကြောင်း ဖော်ပြထားကြသည်။
တိုက်ပွဲဖြစ်စဉ်အခြေအနေများကို အသေးစိတ် သိရှိနိုင်ရန် KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်များတွင် တိုက်ပွဲများအကြောင်း ပါဝင်လေ့မရှိပေ။
ယနေ့နံနက်အထိ နှစ်ဘက်ပစ်ခတ်မှုများကြောင့် မြို့တွင်း ရပ်ကွက်အချို့ မီးလောင်နေပြီး မြို့တွင်း ကျန်နေသည့် ဒေသခံအများစုမှာ ဆိုင်ကယ်များဖြင့် လွတ်သည့် လမ်းကြောင်းများမှ ထွက်ပြေးနေကြသလို ဧရာဝတီမြစ်ကြောင်းအတိုင်း ပြေးကြသူများလည်းရှိသည်၊ မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံများလည်း ရှိသည်ဟု သိရသည်။
မန္တလေးတွင် ရောက်ရှိနေသည့် ဗန်းမော်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ၎င်း၏ မိသားစုဝင် အများစု မြို့မှတိမ်းရှောင်လာခဲ့ပြီးဖြစ်သည်၊ နှစ်ဦးမှာ ကျန်းမာရေးအခြေအနေကြောင့် မြို့၌ ကျန်ရစ်နေခဲ့သည်ဟု ဆိုသည်။
ယနေ့နံနက်တွင် ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာသည့်အတွက် မင်းကုန်းရပ်ကွက်ရှိ ၎င်းတို့ နေအိမ်မှ ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ သွားရောက် တိမ်းရှောင်နေရသည်ဟု သိရသည်။
“အဒေါ် လူနာက အောက်ဆီဂျင်ပိုက်နဲ့ဆိုတော့ အစ်မက မပြေးဘဲနဲ့ အိမ်မှာပဲ ကျန်ခဲ့တာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
တိုက်ပွဲများအတွင်း လက်နက်ကြီး၊ လေကြောင်းနှင့် ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်မှု များပြားပြီး ခွန်သာရပ်ကွက်ရှိ သူငယ်ချင်းတစ်ဦးဖြစ်သူ၏ ဖခင် သေဆုံးသွားသည်ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
The 74 သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် သုံးရက်ကြာ ဗန်းမော်တိုက်ပွဲအတွင်း ဒေသခံ သေဆုံးသူ အရေအတွက်မှာ ၃၀ ဝန်းကျင်ခန့်အထိ ရှိလာသည်ဟု ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို ဖော်ဆောင်လာသည်။
စက်တင်ဘာလက ကချင်ပြည်နယ်အရှေ့မြောက်ဘက်တွင်ရှိသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ စခန်းများကို KIA က တိုက်ခိုက်ရှင်းလင်းခဲ့သည်။
လက်တလော ကချင်ပြည်နယ်ရှိ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေချိန်တွင် ဗန်းမော်မြို့ နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။
မတ်လတွင် စတင်သည့် ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် တို့ကို သိမ်းပိုက်ထားသည်။