လူငယ်နှင့်သမိုင်းပေးတာဝန်
နိုင်ငံသားမှန်သမျှ ကိုယ်မွေးဖွားကြီးပြင်းလာတဲ့အချိန် ရောက်ရှိနေတဲ့ခေတ်မှာ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ရှောင်လွှဲမရဘဲ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ ခေတ်အလိုက် ကြုံတွေ့ရတဲ့အခြေအနေပေါ်မူတည်ပြီး နိုင်ငံတော်ကို စောင့်ရှောက်ကူညီဖို့ တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်ရခြင်းကို သမိုင်းပေး တာဝန်ထမ်းဆောင်တယ်လို့ ဆိုနိုင်ပါတယ်။
သမိုင်းပေးတာဝန်ဆိုတာ မိမိတို့ရှင်သန်ဖြတ်သန်း နေကြရတဲ့ခေတ်ကာလမှာ နိုင်ငံနဲ့လူမျိုးအဓွန့်ရှည် တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသား တစ်ဦးအနေနဲ့ ထမ်းရွက်အပ်သော ဝတ္တရားလို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အလှည့်ကျရင် မနွဲ့ကြစတမ်း လူတိုင်း မလွဲမသွေ ထမ်းဆောင်ကြရမယ့် တာဝန်တွေကတော့ သမိုင်းပေးတာဝန်တွေပဲဖြစ်ပါတယ်။
ခေတ်အဆက်ဆက် သမိုင်းကပေးလာတဲ့ တာဝန်တွေထမ်းဆောင်ကြရင်း တစ်ခေတ်တစ်ခါမှာ ပြောင်မြောက်တဲ့သူရဲကောင်းတွေပေါ်ထွန်းလာခဲ့ကြပါတယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကစပြီး ဒီနေ့ခေတ်အထိသမိုင်းပေးတာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့သားကောင်းတွေ အမြောက်အမြားရှိခဲ့ပါတယ်။
ဒီလို နိုင်ငံ့သားကောင်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် မြန်မာဆိုတာ သေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ဇာတိပုည ဂုဏ်မာနကိုပြသနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး အရည်အချင်းကောင်းမွန်တဲ့ နိုင်ငံသားကောင်းတွေကို ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ဒေသတွင်းမှာထင်ရှားပါတယ်။
ပုဂံခေတ်မှာ အနော်ရထာမင်းကြီးက သူ့ခေတ်နဲ့သူ့သမိုင်းကို တောက်ပြောင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတိုးတက်အောင် စီမံအုပ်ချုပ်ခဲ့တယ်။ လယ်ယာစီးပွားတိုးတက်လာအောင် ကြံဆောင်ခဲ့တယ်။ ပျူခေတ်ထဲကကိုးကွယ်ခဲ့ကြတဲ့ ဗုဒ္ဓသာသနာတော်ကို ပိုပြီးရှင်သန် တိုးတက်လာအောင် ဆောင်ရွက်ခဲ့တယ်။ နိုင်ငံတော်စည်ပင်တိုးတက်ခဲ့ကြောင်း ပုဂံခေတ်ဘုရားပုထိုးတွေနဲ့ အနုပညာလက်ရာတွေက သက်သေပြနေဆဲဖြစ်ပါတယ်။ ကျန်စစ်သားမင်း လက်ထက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုတဲ့ ဆောင်ရွက်ချက်တွေ ဆောင်ရွက်ခဲ့တာကိုလည်း လေ့လာသိရှိရပါတယ်။ သမိုင်းပေးတာဝန်ကို ဦးလည်မသုန်ထမ်းရွက်ကြရင်း နိုင်ငံတော်ဂုဏ်ကို မြှင့်တင်ခဲ့ကြတဲ့အတွက် ဒီနေ့တိုင် လေးစားဦးညွှတ်နေရဆဲ မြန်မာသူရဲကောင်းတွေဖြစ်ကြပါတယ်။
ဘုရင့်နောင်နဲ့ အလောင်းမင်းတရားကြီး လက်ထက်မှာ နိုင်ငံတော်ကို ပိုမိုစည်းလုံးညီညွတ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ကျယ်ပြန့်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒေသတွင်းမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ခန့်ညားလေးစားခံရတဲ့ ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ ရှေးမင်းများရဲ့ လုပ်ရည်ကိုင်ရည်ကို လေ့လာကြည့်ရင် ရဲစွမ်းသတ္တိရှိကြသူများ၊ နိုင်ငံနဲ့လူမျိုးကို သစ္စာရှိသူများ၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူများ ဖြစ်ကြတာကို တွေ့ရပါတယ်။ သမိုင်းပေးတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းရွက်ခဲ့ကြသူများ ဖြစ်ကြတဲ့အတွက် မြန်မာ့သမိုင်းမှာ လေးစားဂုဏ်ယူဖွယ် မှတ်တမ်းကောင်းများ ထားရှိနိုင်ကြသူတွေဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ ကိုယ်မွေးဖွားရာခေတ်ရဲ့ လိုအပ်ချက်အရ သမိုင်းပေး တာဝန်ထမ်းဆောင်ရ တယ်ဆိုတာကလည်း ငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရေမြေသဘာဝကောင်းမွန်ပြီး ပထဝီအနေအထားအရ အချက်အချာကျတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့သူတွေဖြစ်ပြီး ရဲစွမ်းသတ္တိရှိရှိ ကာကွယ်စောင့်ရှောက်ကြလို့သာ ဒီနေ့အချိန်အထိ တည်တံ့နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းကိုပြောရရင် လွန်ခဲ့တဲ့နှစ် ၂၀၀၀ ကလို့ ဂုဏ်ယူပြီးပြောနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိမှုကိုလည်း ဒေသတွင်းနိုင်ငံအများကအသိအမှတ်ပြုကြရပါတယ်။ ဂုဏ်ယူဖွယ်သမိုင်းကြောင်းနဲ့ ဇာတိအစဉ်အလာတွေကို ချေဖျက်ပြီး ခေတ်သစ်ကျွန်ပြုလိုကြတဲ့ နိုင်ငံတွေရဲ့ စနစ်တကျနှောင့်ယှက် ဖြိုခွဲမှုတွေကြောင့် နိုင်ငံ့အင်အားကို လျော့ပါးလာစေတာကိုလည်း အားလုံးသတိမူရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ပြီး ရက်စက်စွာဖိနှိပ်အုပ်ချုပ်တာကို ခံခဲ့ရပါတယ်။
နယ်ချဲ့လက်အောက်မှာ ဖိနှိပ်ခံနေရပေမယ့် ရတဲ့နည်းလမ်းနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ကြတဲ့သူတွေလည်း ပေါ်ထွန်းခဲ့ပါတယ်။ ဒီနေရာမှာ မြန်မာအမျိုးသားများနဲ့တကွ အာရှ၊ ဥရောပသားတွေကပါသိကြပြီး ဘကြီးဘဖေလို့ခေါ်ကြတဲ့ ဝိုင်အမ်ဘီအေ တည်ထောင်ရာမှာဦးဆောင်ပါဝင်သူ ဦးဘဖေရဲ့ အကြောင်းကိုလည်းတင်ပြချင်ပါတယ်။ ဘကြီးဘဖေကို ကြို့ပင်ကောက်မြို့မြေပိုင်ရှင် အဖ ဦးအို၊ အမိ ဒေါ်မှင်တို့က မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ် ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခုနှစ် ဧပြီလ ၁၆ ရက်) တနင်္လာနေ့မှာ ဖွားမြင်ခဲ့ပါတယ်။
ဦးဘဖေဟာ အသက် ၁၇ နှစ်သားအရွယ်မှာ အင်ထရင့်စာမေးပွဲကို စကောလားရှစ်ဆုရပြီး အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ၁၉ဝ၆ ခုနှစ် အသက် ၂၃ နှစ်တွင် ဘီအေစာမေးပွဲကိုအောင်မြင်ခဲ့ပြီး ဝိုင်အမ်ဘီအေ (YMBA) ခေါ် တဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း စတင်တည်ထောင်ရာမှာ အဓိကအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်အစိုးရက မြို့အုပ်ရာထူးပေးတာကို မယူဘဲ စိန်ပေါကျောင်းမှာ ကျောင်းဆရာလုပ်ခဲ့ပါတယ်။
ဦးဘဖေငယ်စဉ်က ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေဖို့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ သူငယ်စဉ်က ရန်ကုန်မြို့မှာနေထိုင်ခဲ့ပြီး ကျောင်းသွားစဉ်မှာ ဆိုင်ကယ်စီးလာတဲ့ ပုလိပ်မင်းကြီး အက်ဒေါနင်ရှေ့မှ ကလေးပီပီ ဖြတ်ပြေးသွားခဲ့မိပါတယ်။ မင်းကြီးရှေ့မှ ဖြတ်ပြေးသွားရကောင်းလားဆိုပြီး ဒဏ်ငွေ သုံးကျပ် အရိုက်ခံရပါတယ်။ လူချင်းတူပါလျက် မျက်နှာဖြူ အင်္ဂလိပ်ပုလိပ်မင်းကြီးရှေ့က ဖြတ်ပြေးမိရုံနဲ့ ဒဏ်ငွေရိုက်ခြင်းကို သူမကျေနပ်ခဲ့။ ကလေးအရွယ်ဖြစ်တယ်လို့ ခွင့်လွှတ်ပေးခြင်းလည်းမရှိဘဲ ကိုယ့်နိုင်ငံကို လာအုပ်ချုပ်ပြီး အနိုင်ကျင့်တဲ့အတွက် ခံပြင်းခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဦးဘဖေရဲ့စိတ်မှာစွဲထင်နေခဲ့ပြီး ဇာတိမာန်တက်ကြွမှုကို မျိုးစေ့ချပေးခဲ့သော ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ အဲဒီခေတ်ကာလနယ်ချဲ့တို့ရဲ့ဖိနှိပ်မှု ခံနေရတဲ့အခြေအနေမှာ နိုင်ငံရေးအသင်းအဖွဲ့ ဖွဲ့စည်းဖို့မဖြစ်နိုင်တဲ့အတွက် ဘာသာရေးဆန်တဲ့ ဝိုင်အမ်ဘီအေအသင်းကို ၁၉၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ရတာဖြစ်ပါတယ်။ Young Men’s Buddhist Association (YMBA) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာကလျာဏယု၀ အသင်းဟာ မျိုးချစ်စိတ်ဓာတ် ပြန်လည်နိုးကြားလာဖို့ စွမ်းဆောင်နိုင်ခဲ့တဲ့ အမျိုးသားရေးအရ တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ရှေ့ဆောင်အသင်းကြီးပဲ ဖြစ်ပါတယ်။
ဝိုင်အမ်ဘီအေရဲ့ မူလရည်ရွယ်ချက်က “အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ” ကို မြှင့်တင်ဖို့ဖြစ်ပြီး ကြွေးကြော်သံကတော့ “အမျိုးကို ချစ်ပါ”၊ “ဘာသာကို လေးစားပါ”၊ “သာသနာကိုချီးမြှင့်ပါ”၊ “ပညာရေးကို အားပေးပါ” တို့ ဖြစ်ပါတယ်။ ဝိုင်အမ်ဘီအေအသင်းကြီးဟာ ပထမပိုင်းမှာ သာသနာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းတွေကို ဇောင်းပေးလုပ်ဆောင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းတွေဆီကိုပါ ဦးတည်ရှေးရှုလုပ်ဆောင်နိုင်လာခဲ့ပါတယ်။ ပြည်သူကို ကိုယ်စားပြုပြီး ဗြိတိသျှ နယ်ချဲ့အစိုးရရဲ့လုပ်ငန်းတွေကို ကန့်ကွက်ခြင်း၊ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပေးရန် တောင်းဆိုခြင်းတွေကိုပါ လုပ်ဆောင်နိုင်လာခဲ့တဲ့အထိ အင်အားကောင်းလာခဲ့ပါတယ်။
“ဖိနပ်ပြဿနာ”လို့ သမိုင်းတွင်ခဲ့တဲ့ နိုင်ငံခြားသားတွေ ဘုရားပုထိုးစေတီရင်ပြင်တွေပေါ် ဖိနပ်စီးနင်းတက်ရောက်တဲ့ကိစ္စနှင့်ပတ်သက်ပြီး ၁၉၁၇ ခုနှစ်မှာ ဆန္ဒပြမှုတွေပေါ်ပေါက်လာတဲ့အခါ ပြည်သူတွေနှင့်အတူ ပြည်သူ့ကိုယ်စား ဦးဆောင်တိုက်ပွဲဝင်ခဲ့တာလည်း ဝိုင်အမ်ဘီအေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အထွတ်အမြတ်ထားရာ ဘုရားစေတီတော်တွေရဲ့ ရင်ပြင်တော်ပေါ်ကို စော်ကားရိုင်းစိုင်းတဲ့စိတ်ထားနဲ့ ဖိနပ်စီးပြီးတက်ခဲ့တဲ့ဖြစ်ရပ်ဟာ သမိုင်းတွင်ခဲ့ပါတယ်။
အနောက်တိုင်းသားတွေဟာ သူတို့စိတ်အခန့်မသင့်တဲ့နိုင်ငံကို “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ စွပ်စွဲပြောဆိုပြီး အရေးယူဖို့တောင်းဆိုတတ်ကြပေမယ့် သူတို့ကိုယ်တိုင် မြန်မာတွေရဲ့လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအခွင့်အရေးတွေကို ချိုးဖောက်ခဲ့တယ်ဆိုတာ ဒီသမိုင်းကသက်သေပါပဲ။
ဒါကို ငြိမ်ခံမနေဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ သတ္တိ၊ ဦးဆောင်ခဲ့တဲ့ ဝိုင်အမ်ဘီအေအသင်းကြီးရဲ့ လုပ်ဆောင်မှုတွေကလည်း သမိုင်းတင်ခဲ့ပါတယ်။ ဒါဟာဘာမှမဟုတ်လောက်တဲ့ “ဖိနပ်ပြဿနာ” မဟုတ်ပါဘူး။ နှိမ့်ချစော်ကားတာကို လက်မခံတဲ့စိတ်ကနေ နိုင်ငံတော်လွတ်လပ်ရေးအတွက် ကြိုးပမ်းနိုင်တဲ့အထိ မျိုးချစ်စိတ်ဓာတ်နိုးကြားစေတဲ့ အရေးပါတဲ့ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ကိုလိုနီလက်အောက်ခံဘဝမှာ ခွဲခြားနှိမ့်ချမှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ ခံနေရတဲ့ကြားထဲက တတ်စွမ်းနိုင်တဲ့ဘက်ကနေ သမိုင်းကပေးလာတဲ့တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ဦးဘဖေလို လူငယ်တွေကြောင့်သာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်လှမ်းနိုင်ကြတာဖြစ်ပါတယ်။ သူတို့ခေတ်မှာ သူ့လိုလူငယ်တွေ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြောင်း ဝိုင်အမ်ဘီအေက သက်သေကောင်းပဲဖြစ်ပါတယ်။
သခင်အောင်ဆန်းဆိုတဲ့လူငယ်တစ်ဦးဟာ သူ့ကျွန်ဘဝကလွတ်မြောက်အောင် ပြောင်မြောက်တဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် လွတ်လပ်ရေးရရှိတယ်ဆိုတဲ့အကျိုးကို ရရှိခဲ့ပါတယ်။ ဒီနောက်မှာ ရန်ကုန်အစိုးရလို့ ခနိုးခနဲ့ဆိုခဲ့ရတဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ တရုတ်ဖြူအရေးအခင်းလို ပြည်ပကျူးကျော်မှုတွေကြုံလာတိုင်း လူငယ်တွေဟာ ကိုယ်ကျိုးစွန့်ပြီး နိုင်ငံ့တာဝန်ကိုထမ်းဆောင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာလည်း ပြည်တွင်းသစ္စာဖောက်တွေကြောင့် ယိုင်နဲ့လာတဲ့နိုင်ငံ အခြေအနေကို ထူမတ်နိုင်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံ့တာဝန်ကို ဦးလည်မသုန် တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေရှိနေပါပြီ။ သူတို့တွေကလည်း ခေတ်သမိုင်းကပေးတဲ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ကြသူတွေဖြစ်လို့ ဦးညွှတ်အလေးပြုအပ်ပါတယ်။
လူငယ်တိုင်းဟာ သူရောက်ရှိရာခေတ်တွေရဲ့ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်နိုင်ကြတဲ့အတွက် နိုင်ငံတော်ကြီးဟာ တစ်ဆင့်ချင်းစီ တိုးတက်ခေတ်မီလာခဲ့ပါတယ်။ လူငယ်တစ်ယောက်စီတိုင်းသာ သမိုင်းပေးတာဝန်ကို ငြင်းဆန်ကြမယ်ဆိုရင် နိုင်ငံဆုတ်ယုတ်ပျက်ပြားခြင်းနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
နိုင်ငံကို အမှန်တကယ်ချစ်တယ်ဆိုရင် အလှည့်ကျမနွဲ့ကြစတမ်း တာဝန်ယူကြရမှာပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၁၅ နှစ်ကနေ ၆၄ နှစ်အထိ အလုပ်လုပ်နိုင်တဲ့လူဦးရေရာခိုင်နှုန်းဟာ ၆၅ ဒသမ ၆ ရှိပါတယ်။ အင်မတန်များပြားတဲ့ နိုင်ငံ့အင်အားလူငယ်တွေကို ဟုတ်လိမ့်နိုးနိုး မျှော်လင့်ချက်အမှားတွေနဲ့ လမ်းမှားကိုပို့ခဲ့ကြတဲ့ အတုအယောင်နိုင်ငံရေးသမားတွေရှိခဲ့ပါတယ်။ လက်ရှိမှာလည်းရှိနေဆဲပါပဲ။ နိုင်ငံနဲ့လူမျိုးအကျိုးကိုမကြည့်ဘဲ လူငယ်တွေဘဝကို ဖျက်ဆီးခဲ့ကြသူတွေဖြစ်ပါတယ်။
ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာကြီးပြင်းကြတဲ့သူတွေတိုင်း နိုင်ငံတော်ကို ချစ်ခင်စောင့်ရှောက်ကြရပါမယ်။
ကာယအား၊ ဉာဏအားတွေနဲ့ တတ်စွမ်းသလောက် နိုင်ငံတိုးတက်ဖို့၊ အေးချမ်းဖို့ စွမ်းဆောင်ကြရပါမယ်။
အလှည့်ကျလာတဲ့ သမိုင်းပေးတာဝန်တွေကို ဦးလည်မသုန်ထမ်းရွက်ဖို့ကလည်း အရေးကြီးပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ သမိုင်းကပေးလာတဲ့ တာဝန်တွေကိုထမ်းဆောင်ရင်း ပိုမိုတောက်ပြောင်တဲ့ဘဝပိုင်ရှင်များဖြစ်လာအောင် ကြိုးစားလိုက်ကြပါလို့လည်း အလေးအနက် မေတ္တာရပ်ခံရေးသားလိုက်ရပါတယ်။ ။