“ကျွန်တော့်လိုလူလွတ်တစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံကို လာခဲ့ရတာတောင်မှ ထမင်းငတ်ခဲ့ရတဲ့နေ့တွေ ခေါက်ဆွဲပြုတ်ကြီးဘဲ စားခဲ့ရတဲ့နေ့တွေအများကြီးကျော်ဖြတ်ခဲ့ရတယ်ဗျ”
ဒီလိုအခြေအနေကို ကြုံတွေ့နေသူကတော့ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုကျော်ကြီး(အမည်လွှဲ) ဖြစ်ပါတယ်။
ကိုကျော်ကြီး ထိုင်းနိုင်ငံမရောက်ခင်ကတော့ မြန်မာပြည်မှာ Food Panda delivery အလုပ်လုပ်ရင်း တစ်လကို ၃ သိန်းကနေ ၄ သိန်းထိ ဝင်ငွေရရှိနေသူ ဖြစ်ပါတယ်။
အာဏာမသိမ်းခင်က မြန်မာကျပ်ငွေလည်း တန်ဖိုးရှိနေသေးတဲ့အတွက် တစ်လကို ၃သိန်းကနေ ၄ထိ ဝင်ငွေရှိတဲ့ ကိုကျော်ကြီးအဖို့ စားဝတ်နေရေး အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့် ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်တွင်း ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးလာမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာလာဖို့ ဆုံးဖြတ်ချက်ချပြီး ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။
တစ်ကိုယ်တည်းသမားဖြစ်တဲ့ ကိုကျော်ကြီးအဖို့ ပိုက်ဆုံအများကြီးရှာမယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့ အသိမိတ်ဆွေတွေကတစ်ဆင့် တရားမဝင်အောက်လမ်းကနေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ခုဆို ထိုင်းနိုင်ငံရောက်တာ ၄ နှစ်ကြာလာပြီး ကြုံရာကျပန်း ဆောက်လုပ်ရေး၊ကောစန်း(ပရံ)နဲ့ စက်ရုံအလုပ်တွေ လုပ်ကိုင်နေရကာ မှန်းချက်နဲ့နှမ်းချက်မကိုက် ဒုက္ခအခက်ခဲပေါင်းစုံ ရင်ဆိုင်နေရပါတယ်။
အလုပ်တစ်ခုရဖို့ တရားဝင်အထောက်အထားတွေမရှိသလို ထိုင်းဘာသာစကားကိုလည်း သေချာတတ်မြောက်ထားခြင်းမရှိတာကြောင့် ပွဲစားတွေကတစ်ဆင့် အလုပ်ရှာကြရပြီး ပွဲစားတွေကို အလုပ်ချိတ်ပေးခ ဘတ် ၃ ထောင်ဝန်းကျင်ကနေ လက်ရှိ ပွဲစားခလည်း ဘတ် ၅ထောင်ကနေ ၇ ထောင်ထိ ပေးရတယ်လို့ သူကပြောပါတယ်။
ခုလိုအခြေအနေတွေကြောင့် အထောက်မထားမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားခမတတ်နိုင်ကြတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဖို့သောက်ဖို့မရှိတော့တဲ့အထိ ကြုံတွေ့နေရသလို လုပ်ငန်းခွင်မှာလည်း လုပ်ခလစာခေါင်းပုံဖြတ်ခံရတာတွေ ရှိနေတယ်လို့ ကိုကျော်ကြီးက ခုလိုဆိုပါတယ်။
“အလုပ်ထဲမှာ ၁၅ ရက်တစ်ကြိမ်ပိုက်ဆံထုတ်ပေးရမှာဖြစ်ပေမယ့် တစ်လလောက်ကြာမှထုတ်ပေးတာမျိုး၊ လုပ်အားခက တစ်နေ့ ၄၀၀ ရရမယ်ဆိုရင် ၃၅ ၀ဘဲရပြီး ကျန်တဲ့၅၀က ပွဲစားနဲ့ ဝန(ခေါင်းဆောင်)တွေကို ပေးလိုက်တာမျိုးလုပ်ကြတယ် အဲလိုဟာမျိုးတွေကလတိုင်းဘဲ ခေါင်းပုံဖြတ်နေကြတာ အဆိုးဆုံးကတော့ လုပ်အားခ တစ်ပြားမှမရတာတွေလည်း ရှိတယ်”လို့သူကပြောပါတယ်။
ကိုကျော်ကြီးလို ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာဖြတ်ခံရပေမယ့် တိုင်တန်းမယ့်နေရာမရှိသလို ကူညီဖြေရှင်းပေးတဲ့သူတွေလည်း မရှိဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာတဲ့ သူတွေထဲမှာ မစု(အမည်လွှဲ)လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မစုက စစ်ကောင်စီအာဏသိမ်းပြီးနောက်မှ ရောက်ရှိလာတာမျိုး ၂၀၁၄ ခုနှစ်ကနေ ထိုင်းနိုင်ငံကိုရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
မစုက မွေးကင်းစအရွယ်ထဲက မိဘနှစ်ပါးအိမ်ထောင်ကွဲသွားတဲ့အတွက် ငယ်ကတည်းကနေ အဒေါ်တွေနဲ့သာနေခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေမျိုးတွေဖြစ်တဲ့ အဒေါ်တွေနဲ့သာနေခဲ့ရတဲ့အတွက် အိမ်အလုပ်တွေကိုဘဲ အမြဲဦးစားပေးလုပ်ခဲ့ရသလို ကျောင်းတက်ဖို့ထောက်ပံ့ပေးမယ့် မိဘမရှိတော့ ၄ တန်းထဲကကျောင်း ဆက်မတက်ဖြစ်တော့ပဲ အိမ်အလုပ်နဲ့သာ နပန်းလုံးနေရသူပါ။
သူမအသက် ၁၄ နှစ်ဝန်းကျင် ထိုင်းမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ရောက်လာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အလုပ်အတူခေါ်လုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ဒါပေမယ့် မိခင်ဖြစ်သူဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပြောင်းရွှေ့သွားပြီး နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ သူမကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
မဲဆောက် စရောက်ချင်း အလှကျောက်သွေးတဲ့ စက်ရုံမှာ နေစရာလည်းပေးတဲ့အတွက် အလုပ်ဝင်လုပ်ခဲ့ပေမယ့် လုပ်အားခကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီးပေးဆောင်တာမျိုးတွေအပြင် တစ်ခါတစ်ရံ လုပ်ခလစာကို
အပြည့်အဝမရတာ တစ်နှစ်ကျော်ကြုံလာရပေမယ့် နေဖို့၊စားဖို့ခက်ခဲတဲ့အတွက် အောင့်ခံကာနေထိုင်လာတာလို့ ပြောပါတယ်။
“လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။
မစုက လုပ်ခလစာပုံမှန်မရတဲ့နေရာမှာ တစ်နှစ်ဝန်းကျင်လုပ်ခဲ့ပြီးနောက် သူမအမေရှိတဲ့ ဘန်ကောက်မြို့ကို ပြန်ရောက်ခဲ့ပြီး လက်ရှိချိန်ထိ ဘန်ကောက်မြို့မှာအိမ်အကူလုပ်ရင်း အတော်အသင့်အဆင်ပြေနေပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအများစုဟာ တရားမဝင်အောက်လမ်းကနေ ရောက်ရှိလာကြသူတွေများပြီး ထိုင်းနိုင်ငံကိုရောက်မှ ပန်းရောင်ကတ်ခေါ် (အလုပ်သမားကတ်)ကိုပြန်လည်လုပ်ဆောင်ကြတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ခလစာခေါင်းပုံဖြတ်ခံရသူတွေအနေနဲ့ တရားဝင်အထောက်အထားမရှိချိန်တွေမှာ ရွေးချယ်စရာမရှိတဲ့အတွက် သိလျှက်နဲ့ သည်းခံပြီးအလုပ်ဆက်လုပ်နေကြတဲ့သူတွေ ဒုနဲ့ဒေးရှိနေပါတယ်။
တရားဝင်အထောက်အထားရှိတဲ့သူတွေကလည်း ထိုင်းအစိုးရချမှတ်ထားတဲ့ ဥပဒေအရ နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ဈေးရောင်းခွင့်မရှိသလို အလုပ်သမားခေါင်းနဲ့ ပွဲစားလိုအလုပ်မျိုးလည်း လုပ်ခွင့်မရှိပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရသတ်မှတ်ထားတဲ့ အလုပ်တွေဟာ အခြေခံအလုပ်တွေဖြစ်တဲ့ စက်ရုံဝန်ထမ်း၊ အိမ်အကူနဲ့ ကော်စန်း(ပရံ)အလုပ်တွေသာ လုပ်ကိုင်နေရပြီး အပိုရတဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ကိုင်နိုင်ဖို့ခဲယဉ်းကြတာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတွင်း ကြုံရာကျပန်းလုပ်ကိုင်ချိန် လုပ်ခလစာခေါင်းပုံဖြတ်ခံရမှုတွေအပြင် တရားမဝင်အောက်လမ်းကနေ ဝင်လာတာကြောင့် ထိုင်းအစိုးရဖမ်းဆီးခံရတာတွေလည်း များနေတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာလဆန်းအထိ ရက်ပေါင်း၁၂၀ စစ်ဆင်ရေးအနေနဲ့ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့အထိ တရားမဝင်လုပ်သား၂၅၆၂၁၃ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြန်မာလုပ်သားကတော့ ၁၉၃၄၃၀ ဦးထိရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။
ခုလိုအခြေအနေတွေဟာ အဓိကတော့အားဖြင့် မြန်မာအစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကို အလုပ်သမားအခွင့်အရေးရအောင်ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း အလုပ်သမားအခွင့်အရေးနဲ့မညီညွှတ်ဘဲခိုင်းတဲ့အချိန်တွေမှာတောင် နောက်ထပ်အလုပ်သမားအသစ်တွေကရှိနေတာမျိုးတွေကြောင့် နေ့စဉ်နဲ့အမျှအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်သူလည်းဖြစ် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း(Foundation For Education and Development- FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သုံးသပ်ပြောဆိုပါတယ်။
ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုအခက်အခဲဘဲရှိနေပါစေ ပထမဦးဆုံး တရားဝင်အထောက်အထားတွေရှိထားသင့်တယ်လို့ သူအနေနဲ့ အကြုံပြုထားပြီး ကိုယ့်ကိုယ်ကို အစိုးရလို့ခံယူထားတဲ့ စကစ အစိုးရဖြစ်ဖြစ် NUGအစိုးရဖြစ်ဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ခုလိုပြောပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားရေးဆိုတာ မြန်မာနိုင်ငံလို စစ်ဖြစ်နေတဲ့နိုင်ငံကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ရွှေ့ပြောင်းလာတဲ့နိုင်ငံသားတွေကို ပညာရေး၊ ကျန်မာရေး၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့လို စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ နောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးမားလာမယ့်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေးကိစ္စတွေကို အစိုးရတွေအနေနဲ့ စနစ်တကျဆောင်ရွက်ပြီးတော့ အခုလာမယ့်မြန်မာပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကို အမျိုးသားရေးတစ်ရပ်တာဝန်အနေနဲ့ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လိုဆိုပါတယ်။
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၁,၇၂၆,၁၄၉ ဦးထိရှိတယ်လို့ ထုတ်ပြန်ထားပြီး နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်း IOM(International Organization for Migration)ရဲ့ ၂၀၂၄ ဧပြီလ ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ဇန်နဝါရီလကနေ ၂၀၂၄ မတ်လအတွင်း ၂,၃၀၈,၁၁၆ဦးထိရှိခဲ့တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။
ဒီမတူညီတဲ့အဖွဲ့အစည်းနှစ်ခုရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်လို့ရှရင်၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ဒီဇင်ဘာလအတွင်းမှာဘဲ တရားဝင်အထောက်အထားရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်အသားဟာ ၅၈၁,၉၆၇ ဦးထိတိုးလာတာကို မြင်တွေ့ရတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူအများစု သုံးသပ်ပြောဆိုချက်ကြတာကတော့ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်းရင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။
By – Hope
The post အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ appeared first on Kachin News Group (KNG).