နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့ ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်ပွဲအခမ်းအနား၌ သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့၊ မိုးလုံလေလုံ အားကစားရုံ၌ ဝန်ကြီးဌာန အမျိုးသား ပိုက်ကျော်ခြင်းအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ နေပြည်တော် အထက(၇) အားကစားကွင်း၌ ဝန်ကြီးဌာန ဘောလုံးအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း ၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ဖူဆယ်လေ့ကျင့်ရေး အားကစားရုံ၌ ဝန်ကြီးဌာန ဖူဆယ်အသင်း လေ့ကျင့်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြ နှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ချီးမြှင့်ငွေနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခဲ့သည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် အားကစားအသင်းများ အနေဖြင့် ဝန်ကြီးဌာန ဂုဏ်ဆောင်နိုင်အောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် လေ့ကျင့်ယှဉ်ပြိုင်သွားရန် ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်၊ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကောင်းမွန်အောင် နေထိုင်၊ စားသောက်ရေး ဂရုစိုက်ရန် မှာကြားခဲ့ပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် အမျိုးသား ဘောလုံး ၊ အမျိုးသား / အမျိုးသမီး ဘော်လီဘော၊ အမျိုးသား ပိုက်ကျော်ခြင်း၊ အမျိုးသား ဖူဆယ်၊ အမျိုးသား ဂေါက်သီးရိုက်စသည့် အားကစားနည်း ၅ မျိုးတွင် အားကစားသမား ၁၀၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။