မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ နယ်မြေ အများအပြား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက် တဖြည်းဖြည်း ရောက်ရှိလာပြီးနောက် တရုတ်အစိုးရက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော ၎င်းတို့၏ အကျိုး စီးပွားများကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသုံးပြီး တိုက်ရိုက်ကာကွယ်ရန် ခြေလှမ်းပြင်လာနေပြီ ဖြစ်သည်။
စစ်တပ်နှင့် ဖက်စပ်လုံခြုံရေးကုမ္ပဏီ တည်ထောင်ရေး တရုတ်အစိုးရ၏ အဆိုပြုချက်ကို စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်က ခေါင်းငြိမ့်လက်ခံခဲ့ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် (၁၇၄/၂၀၂၄) အရ သိရှိရသည်။ စစ်ကောင်စီသည် ထိုအမိန့်ကို ၎င်းတို့၏ ဝါဒဖြန့်မီဒီယာမှတစ်ဆင့် မြန်မာပြည်သူများ ပွင့်လင်းစွာ သိရှိရန် ထုတ်ပြန်အသိပေးခဲ့ခြင်း မရှိဘဲ၊ နိုင်ငံတော် ပြန်တမ်းတွင်သာ ဖော်ပြခဲ့သည်။
ထိုအမိန့်စာမှာ “တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်း” ဖြစ်ပြီး၊ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး၊ ကော်မတီ၏ တာဝန်မှာ တရုတ်နိုင်ငံက အဆိုပြုထားသော နားလည်မှုစာချွန်လွှာပါ အချက်များကို စိစစ်ရန် ဖြစ်သည်။
ကော်မတီ၏ တာဝန်များထဲမှ ထူးခြားမှုအရှိဆုံး အချက်မှာ “ပြည်ပမှတင်သွင်းလာမည့် လက်နက်များ၊ အထူး ကရိယာတန်ဆာပလာများ (ဆက်သွယ်ရေးစက်များ အပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့် စပ်လျဥ်း၍ မည်ကဲ့သို့တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ထိန်းချုပ်သုံးစွဲစေမည် ဆိုသည့်အချက် ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း” ဟု ဖော်ပြထားသည်။
ထို့ကြောင့် တရုတ်အစိုးရ အဆိုပြုသော မြန်မာ-တရုတ် ပူးတွဲလုံခြုံရေးကုမ္ပဏီ ဆိုသည်မှာ သာမန်စီးပွားရေး ကုမ္ပဏီအမျိုးအစား မဟုတ်ဘဲ၊ လက်နက်ကိုင် တရုတ်လုံခြုံရေးတပ်ဖွဲ့များ ပါဝင်မည် ဖြစ် ကြောင်း လေ့လာတွေ့ရှိရသည်။
ကော်မတီ၏ တာဝန်များထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု ရှိမရှိ နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိမရှိ စိစစ်ရန် ဆိုသည့် အချက်များလည်း ပါဝင်သည်။
တရုတ်အကျိုးစီးပွား ကာကွယ်ရေး နှင့် နိုင်ငံအချုပ်အခြာအာဏာ အလဲအလှယ်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပသော ၈ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် တတ်ရောက်ရန် ရက်သတ္တပတ် ၂ပတ် အလိုတွင် အထက်ပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဥ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံရန် စီစဥ်ထားသည့် မင်းအောင်လှိုင်သည် တရုတ်အစိုးရ၏ အဆိုပြုချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် လီချန်း ကျေနပ် စေမည့် သတင်းစကားပါးနိုင်ရန် အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဟု သုံးသပ်တွေ့ရှိရသည်။
လုံခြုံရေးကုမ္ပဏီ (Security Company) ဟူသော အမည်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများကို တရုတ် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် တိုက်ရိုက်ကာကွယ်ရန် တရုတ်အစိုးရ ကြိုးပမ်းလာခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ထိပါးသည့်လုပ်ရပ် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါ ဟု လူသိရှင်ကြား အကြိမ်ကြိမ်ပြောခဲ့သော တရုတ်ခေါင်းဆောင်များ၏ ကတိကဝတ်နှင့် ဆန့်ကျင်လျက်ရှိသည်။
နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးသော ထိုအဆိုပြုချက်ကို စဥ်းစားစရာပင် မလိုအပ်ဘဲ လက်မခံ၊ ချက်ချင်းငြင်းဆိုရမည်သာ ဖြစ်သည်။ သို့သော် တရုတ်အစိုးရ၏ အဆိုပြုချက်ကို မင်းအောင်လှိုင် လက်ခံခဲ့ရုံမျှမက၊ အကောင်အထည်ဖော်ရန် ကော်မတီ ဖွဲ့စည်းခဲ့သောလုပ်ရပ်သည် “နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်သည်။
စစ်ကောင်စီ ဖက်တွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” အခန်း၊ ပုဒ်မ ၄၂ (ခ) တွင် “နိုင်ငံတော် အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု” ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို မင်းအောင်လှိုင် မသိ၍ မဟုတ်။ “မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ” ဟု အတိအလင်း ပြဋ္ဌာန်းထားသဖြင့် နိုင်ငံခြားအစိုးရ၏ လက်နက်ကိုင်တပ် ဖြစ်စေ၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ လက်နက်ကိုင်တပ် ဖြစ်စေ တပ်ချခွင့်မရှိပေ။
တရုတ်အစိုးရ၏ အဆိုပြုချက်သည် ပုဒ်မ ၄၂ (ခ) ကို တိုက်ရိုက်ဆန့်ကျင်လျက် ရှိသည်။ သို့သော် ဥပဒေက မည်သို့ပြဋ္ဌာန်းထားစေကာမူ ၎င်း၏ အာဏာတည်မြဲရေး၊ တရုတ်အစိုးရ၏ အသိအမှတ်ပြုဆက်ဆံမှု ရရှိရေး၊ စစ်ရေးနှင့် သံတမန်ရေး အကူအညီရရှိရေး တို့က မင်းအောင်လှိုင်အတွက် အရာအားလုံးထက် ပို၍အရေးကြီး လျက်ရှိသည်မှာ ထင်ရှားသည်။
အာဏာသိမ်းပြီးကတည်းက ကိုယ့်ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ခြေမှုန်းနေသော စစ်တပ်သည် နိုင်ငံ တော် အဖွဲ့အစည်း (State Institution) တစ်ခု၏ အင်္ဂါရုပ်သွင်လက္ခဏာ မရှိတော့ဘဲ၊ အကြမ်းဖက် လက်နက်ကိုင် အုပ်စုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုလုပ်ရပ်က တရုတ်နိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရေး နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို အလဲအလှယ်လုပ်ခြင်း ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအချုပ်အခြာအာဏာကို အလဲအထပ်လုပ်နေသည့် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်ကို ပြည်သူတို့ မျက်ခြေမပြတ် စောင့်ကြည့်နေရန်၊ နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ် တည်နိုင်ရေးအတွက် မြန်မာ-တရုတ် ဖက်စပ်လုံခြုံရေးကုမ္ပဏီထူထောင်မည့် အစီအစဥ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် လိုအပ်သည်။
ထို့အပြင် နိုင်ငံတကာရှိ ၎င်းတို့၏ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) ကို ကာကွယ်ရန် တရုတ်အစိုးရသည် တရုတ်လက်နက်ကိုင်တပ်ဖွဲ့များကို လုံခြုံရေးကုမ္ပဏီအသွင်ယူ၍ တိုးချဲ့ဖြန့်ကျက်လာနေကြောင်း မြန်မာပြည်သူတို့ ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။
တရုတ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း နောက်ခံသမိုင်း
စင်စစ် ခေတ်သစ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် ဆင်တူသော လုပ်ငန်းအမျိုးအစားသည် တရုတ်နိုင်ငံတွင် အေဒီ ၉၆၀ – ၁၂၇၉ ခုနှစ် “ဆုန်” မင်းဆက် (Song Dynasty – 宋朝) လက်ထက်ကတည်းက ဖြစ်ထွန်းခဲ့သည်ဟု သုတေသီ Sergey Sukhankin ရေးသားခဲ့သော An Anatomy of the Chinese Private Security Contracting Industry ဆောင်းပါးတွင် ဖော်ပြထားသည်။
အမေရိကန်စစ်တပ် အငြိမ်းစားအရာရှိများ၊ အစိုးရလုံခြုံရေးအကြီးအကဲဟောင်းများ၊ သံတမန်ဟောင်းများ နှင့် ပညာရှင်များဖြင့် ဖွဲ့စည်းထားသော The Jamestown Foundation မှ အဆိုပါသုတေသီ၏ လေ့လာချက်အရ အေဒီ ၁၃၆၈ – ၁၆၄၄ ခုနှစ် “မင်” မင်းဆက် (Ming Dynasty – 大明) လက်ထက် ရောက်လာ သည့်အခါ တရုတ်သည် နိုင်ငံတကာနှင့်ကုန်သွယ်မှု တိုးတက်လာခဲ့ပြီး၊ လက်နက်ကိုင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းလည်း အထွတ်အထိပ်သို့ ဖွံ့ဖြိုးရောက်ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ အရှည်လျားဆုံးနှင့် နောက်ဆုံးမင်းဆက် “ချင်” မန်ချူးမင်းဆက် (Qing Dynasty – 大清) လက်ထက် အေဒီ ၁၆၄၄ – ၁၉၁၁ ခုနှစ် ကာလသို့ ရောက်ရှိလာသည့်အခါ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ကျဆင်းမှုများနှင့်အတူ ထိုလုပ်ငန်းလည်း ကွယ်ပျောက်ခဲ့သည်။
၁၉ ရာစု အလယ်ပိုင်းမှစ၍ ထိုရာစုနှစ်အကုန်အထိ “ချင်” မင်းဆက်သည် ဗြိတိသျှ၊ ပြင်သစ် အင်အားကြီး ကိုလိုနီများနှင့် ပထမနှင့် ဒုတိယ ဘိန်းစစ်ပွဲများ၊ ကိုရီးယားကျွန်းဆွယ်ကို အကြောင်းပြု၍ ပထမ တရုတ်-ဂျပန်စစ်ပွဲ နှင့် ၂၀ ရာစု အစောပိုင်း “ရှင်ဟိုင်းတော်လှန်ရေး” သို့မဟုတ် ၁၉၁၁ ခုနှစ် တော်လှန်ရေးတို့ ပေါ်ပေါက်ခဲ့ရာ ထိုဖြစ်ရပ်များသည် “ချင်” မင်းဆက်ကို အဆုံးသတ်စေခဲ့ရုံမျှမက၊ နှစ်ပေါင်း ၂,၀၀၀ ကျော်သက်တမ်းရှိခဲ့သော ပဒေသရာဇ် ဘုရင်စနစ်ကိုပါ ချုပ်ငြိမ်းစေခဲ့သည်။
၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ခေတ်သစ် တရုတ်သမ္မတနိုင်ငံ တည်ထောင်ခဲ့သည်။ သို့သော် စစ်ပွဲများက ရပ်တန့်မသွားဘဲ ဒုတိယ ကမ္ဘာစစ်အကြိုကာလတွင် ဖြစ်ပွားခဲ့သော ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ ကမ္ဘာစစ်ပြီး ဆုံးသည့် ၁၉၄၅ ခုနှစ်အထိ ကြာရှည်ခဲ့ပြီး၊ ကမ္ဘာစစ်လွန် ပြည်တွင်းစစ်သည် ၁၉၄၉ ခုနှစ် ဥက္ကဋ္ဌမော်စီတုန်း ဦးဆောင်သော ကွန်မြူနစ်တော်လှန်ရေး အောင်မြင်ခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ချိန်မှ အဆုံးသတ်နိုင်ခဲ့သည်။
ထိုကာလတစ်လျှောက် စစ်ပွဲများ၊ နိုင်ငံရေးစနစ်အပြောင်းအလဲများနှင့် စီးပွားရေးကျဆင်းမှုများက ပဒေသရာဇ်ခေတ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း ကွယ်ပျောက်ခဲ့ရခြင်း သမိုင်းနောက်ခံ ပုံကားချပ်များ ဖြစ်သည်။
ခေတ်သစ် တရုတ်လုံခြုံရေးကုမ္ပဏီများ ပြန်လည်ပေါ်ပေါက်လာခြင်း
ခေတ်သစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စီးပွားရေးအင်အာကြီးနိုင်ငံအဖြစ် ပြန်လည်မွေးဖွားပေးခဲ့သူ တရုတ် ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) လက်ထက် ၁၉၇၈ ခုနှစ်မှ စတင်ခဲ့သော တံခါးဖွင့်ဝါဒသည် ကွန်မြူနစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ပြီး၊ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ (Private Security Company – PSCs) ၁၉၈၄ ခုနှစ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ခေတ်သစ် တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလာကြသော နိုင်ငံခြားကုမ္ပဏီများ၊ ဘဏ္ဍာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လုံခြုံရေးဝန်ဆောင်မှုပေးရန် ဈေးကွက်လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ခေတ်သစ် တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ပြန်လည်ပေါ်ထွန်းလာသည်မှာ နှစ် ၃၀ ရှိပြီ ဖြစ်ပြီး၊ ကုမ္ပဏီပေါင်း ၅,၀၀၀ ကျော် မှတ်ပုံတင်ထားသည်ဟု သိရှိရသည်။ သို့ရာတွင် ထိုအရေအတွက်သည် ပြည်တွင်းကုမ္ပဏီများ အများစုဖြစ်ပြီး၊ ပြည်ပရင်းနှီးမြှုပ်နှံများကို ကာကွယ်ရန် လုံခြုံရေးဝန်ဆောင်မှုပေးနေသော ကုမ္ပဏီအရေအတွက်မှာ ၂ဒါဇင်ခန့်သာ ရှိသည်ဟု သိရှိရသည်။
ဈေးကွက်စီးပွားရေးစနစ် လိုအပ်ချက်အရ ပေါ်ထွန်းလာသော တရုတ်လုံခြုံရေးကုမ္ပဏီများသည် ကနဦးတွင် ပြည်တွင်း လုံခြုံရေးဝန်ဆောင်မှုကိုသာ အဓိကထား လုပ်ကိုင်ကြပြီး၊ လုပ်ငန်းလိုင်စင်ကို တရုတ်စစ်တပ်၊ ရဲတပ်ဖွဲ့တို့မှ အငြိမ်းစားယူထားသူများကိုသာ တရုတ်အစိုးရက လျှောက်ထားခွင့်ပြုသလို၊ ကုမ္ပဏီ၏ လုံခြုံရေး ဝန်ထမ်းများမှာလည်း တရုတ်စစ်တပ်၊ ရဲတပ်ဖွဲ့တို့မှ အငြိမ်းစားယူထားသူများမှလွဲ၍ အခြားသူများကို ခန့်အပ်တာဝန်ပေး၍ မရပါ။
ထို့အပြင် “ပါတီလက်ထဲတွင်သာ သေနတ်ရှိရမည်” (The party commands the gun.) ဆိုသည့် တရုတ် ကွန်မြူနစ်ပါတီ၏ “မူ” အရ အစောပိုင်းကာလများတွင် ပြည်တွင်းပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ ဝန်ထမ်းများကို လက်နက်ကိုင်ဆောင်ခွင့် မပြုခဲ့ပါ။ စီးပွားရေး ပြန်လည်တိုးတက်လာပြီးနောက် တရုတ်ကုမ္ပဏီများ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်လာကြသည့်အခါ ၎င်းတို့၏ အကျိုးစီးပွားများ လုံခြုံရေးအတွက် အနောက်နိုင်ငံများမှ လုံခြုံရေးကုမ္ပဏီတို့ကို အဓိကထား ငှားရမ်းအသုံးပြုခဲ့ကြသည်။
သို့သော် ထိုအခြေအနေသည် သမ္မတရှီကျင့်ဖျင် အာဏာရရှိလာပြီးနောက် တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာလာပြီး၊ စီးပွားရေးပြိုင်ဆိုင်မှု ပြင်းထန်လာသော အခြေအနေမတိုင်မီအထိသာ ဖြစ်ခဲ့သည်။
သမ္မတရှီကျင့်ဖျင်သည် ပိုးလမ်းမ မဟာဗျူဟာစီမံကိန်းကို စတင်အကောင်အထည်ဖော်ရာတွင် တိန်ရှောင်ဖိန် လမ်းစဥ်နှင့် ဆန့်ကျင်ဖက် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကမ္ဘာတစ်ဝှမ်း အရှိန်မြှင့်ဖြန့်ကျက် လုပ်ဆောင်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်ပအကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်လုံခြုံရေးကုမ္ပဏီ လိုအပ်ချက် အလွန်အမင်းကြီးထွားလာခဲ့သည်။
ထိုအခါ မူလက တရုတ်လုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ဆောင်ရေးကို ခွင့်မပြုခဲ့သော တရုတ်အစိုးရသည် ၂၀၀၉ ခုနှစ်တွင် ဥပဒေကို ပြင်ဆင်၍ လက်နက်ကိုင်တပ်ဖွဲ့များ ပိုင်ဆိုင်သော ကုမ္ပဏီများအသွင်သို့ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။
ယင်းကို တရုတ်ပုံစံ လက်နက်ကိုင်တပ်ဖွဲ့များ ပြည်ပတွင် ဖြန့်ကျက်ချထားခြင်း အဖြစ် နိုင်ငံတကာပညာရှင် များက ဝေဖန်သုံးသပ်ချက်ခဲ့ကြပြီး၊ လေ့လာစောင့်ကြည့်လာခဲ့သည်။
တရုတ် လုံခြုံရေးကုမ္ပဏီများ ဖြန့်ကျက်ထားမှုနှင့် BRI ရင်းနှီးမြှုပ်နှံမှုများ အခြေပြမြေပုံ
Source: Center for Strategic and International Studies (CSIS)
လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ ပြည်ပတွင် တိုးချဲ့ဖြန့်ကျက်လာခြင်း
တရုတ်သည် စီးပွားရေးအင်အားတောင့်တင်းလာသည်နှင့်အမျှ အနောက်နိုင်ငံများနှင့်အပြိုင် စီးပွားရေးချဲ့ထွင် လာရာ၌ ပြိုင်ဆိုင်မှုနည်းသော ဈေးကွက်များကို ရွေးချယ်ရင်းနှီးမြှုပ်နှံသည့် မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။
တစ်နည်းဆိုရလျှင် အနောက်နိုင်ငံအစိုးရများနှင့် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်သော၊ တရား ဥပဒေစိုးမိုးမှု အားနည်းသော၊ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ဆိုးရွားစွာရှိနေသော နိုင်ငံများတွင် ရင်နှီး မြှုပ်နှံရန် ရှောင်ရှားတတ်ကြပြီး၊ တရုတ်အစိုးရက ထိုနိုင်ငံများကို ပြိုင်ဆိုင်မှုကင်းသော၊ အကျိုးအမြတ် ပိုမို ဖြစ်ထွန်းသော ဈေးကွက်များအဖြစ် သတ်မှတ်ပြီး ရွေးချယ်ရင်းနှီးမြှုပ်နှံကြလေ့ ရှိသည်။
တရုတ်တို့၏ စီးပွားရေးနယ်ချဲ့ဗျူဟာကို တရုတ်ခေါင်းဆောင်များက ၎င်းတို့ကျင့်သုံးသော နိုင်ငံခြားရေးမူဝါဒ ဖြစ် သည့် နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ (Non-interference) မူဝါဒဖြင့် ကာကွယ် ပြောဆိုလေ့ရှိသည်။ ၎င်းတို့ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုဘဲ၊ နိုင်ငံရေး နှင့် စီးပွားရေးကို ခွဲခြားထားခြင်းကသာ မျှတသော ရပ်တည်ချက်အဖြစ် ပုံဖော်ပြောဆိုလေ့ ရှိသည်။
ထို့အပြင် အနောက်နိုင်ငံများ၏ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ စီးပွားရေးအရ တစ်ဖက်သတ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်ခေါင်းဆောင်များ အမြဲဆန့်ကျင်ခဲ့သည်။ (စာကြွင်း – သို့သော် မြန်မာ-တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို “ဖြတ် ၅ ဖြတ်” ဖြင့် အရေးယူပိတ် ဆို့ခဲ့ခြင်းသည် အနောက်နိုင်ငံများ လုပ်ဆောင်သည့်နည်းလမ်းအတိုင်း တရုတ်အစိုးရ လုပ်ခဲ့ခြင်း ဖြစ်သည်။)
သို့သော် ကမ္ဘာအနှံ့ရှိ သမ္မတရှီကျင့်ဖျင်၏ ပိုးလမ်းမ စီမံကိန်းကြီးများသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် ရွေးချယ်ရင်းနှီးမြှုပ်နှံလေ့ရှိပြီး၊ ပဋိပက္ခဘေးထွက်ဆိုးကျိုးများကို ရှောင်လွှဲ၍မရဘဲ ရင်ဆိုင် ကြုံတွေ့လာသည့်အခါ တရုတ်အစိုးရ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရ နိုင်ငံခြားရေးမူဝါဒသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် အတားအဆီးဖြစ်လာပြီး၊ ထိုအတားအဆီးကို ကျော်လွှားနိုင်ရန် လုံခြုံရေးကုမ္ပဏီ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စေလွှတ်ဖြန့်ကျက် ကာကွယ်သည့်နည်းလမ်း ကျင့်သုံးလာသည်ဟု ပညာရှင်များက လေ့လာထောက်ပြလာကြသည်။
The Jamestown Foundation ၏ သုတေသီ Sergey Sukhankin သည် “Guardians of the Belt and Road” ခေါင်းစဥ်ဖြင့် အဆိုပါ ဖြစ်စဥ်ဖြစ်ရပ်များအပေါ် သုတေသနစာတမ်းများစွာ ရေးသားခဲ့ပါသည်။ ၎င်းတို့ထဲမှ ပါကစ္စတန်နိုင်ငံ၏ ဖြစ်ရပ်ကို လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေသော ဖြစ်ရပ်များနှင့် အနီးစပ်ဆုံး ဥပမာ ပေး နှိုင်းယှဥ်သင့်သည် ဟု ယူဆပါသည်။
မြန်မာတွင် ပါကစ္စတန်ကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုက်ခိုက်ခံရနိုင်ခြေ
ပါကစ္စတန်နိုင်ငံတွင် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များကို မြန်မာနှင့် နှိုင်းယှဥ်လေ့လာနိုင်ရန် ဖော်ပြရခြင်း အကြောင်းမှာ တရုတ်အစိုးရသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ခြမ်း ထွက်ပေါက်ရရှိရေး အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ (China-Myanmar Economic Corridor – CMEC) ကို တည် ဆောက်ရန် ကြိုးပမ်းနေသလို၊ ပါကစ္စတန်နိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယသမုဒ္ဒရာ အနောက်ခြမ်း ထွက်ပေါက် ရရှိရေးအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် လမ်းမ (China-Pakistan Economic Corridor – CPEC) ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ဆောက်နေ ရာ ခရီးအတော်ရောက်နေပြီ ဖြစ်သည်။
CMEC နှင့် CPEC စီမံကိန်း နှစ်ခုလုံးသည် သမ္မတရှီ၏ ပိုးလမ်းမစီမံကိန်းများအထဲ ဒေသတွင်း အရေးကြီးသော မဟာဗျူဟာမြောက်စီမံကိန်းကြီး နှစ်ခုဖြစ်သည်။ အကြောင်းမှာ CMEC နှင့် CPEC ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပါက တရုတ်နိုင်ငံသည် ကာလကြာရှည် အိမ်မက် မက်ခဲ့သော သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ သို့မဟုတ် အင်ဒို-ပစိဖိတ် ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်ရေး မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော် နိုင်ပြီ ဖြစ်သည်။
ထို့အပြင် CMEC နှင့် CPEC စီမံကိန်း နှစ်ခုလုံးတွင် နောက်ထပ်တူညီချက်မှာ မြန်မာနှင့် ပါကစ္စတန် နိုင်ငံနှစ်ခု စလုံးရှိ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထိုနိုင်ငံများ၏ စစ်တပ်များအကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရသည် ၎င်း၏ စီမံကိန်းကြီးနှစ်ခုလုံး အခက်အခဲမရှိ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာနှင့် ပါကစ္စတန် စစ်တပ် နှစ်ခုလုံးနှင့် ခိုင်မာသော ဆက်ဆံရေးထူထောင်ထားပြီး၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာ အစစအရာရာ အဓိက ကူညီပံ့ပိုးနေခြင်းလည်း တူညီသည်။
ပါကစ္စတန်နိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသော CPEC သည် ပါကစ္စတန်အစိုးရကို တော်လှန်နေသော ဘလူချီစတန်ပြည်နယ်ကို ဖြတ်သန်းတည်ဆောက်လျက်ရှိရာ၊ ထိုဒေသရှိ ဌာနေတိုင်းရင်းသားများ၏ မြေယာ ဆုံးရှုံးနစ်နာမှုများ၊ ဒေသတွင်း သယံဇာတရင်းမြစ်များကို တရုတ်ကုမ္ပဏီတို့ လက်ဝါးကြီးအုပ်ထုတ်ယူမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ဘလက်ချ်လွတ်မြောက်ရေးတပ်မတော် (Baloch Liberation Army – BLA) သည် ပါကစ္စတန်စစ်တပ်နှင့် တရုတ်စီမံကိန်းကုမ္ပဏီများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။
ထိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့လာရသော တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသား ဝန်ထမ်းများကို လက်နက်ကိုင် တရုတ်လုံခြုံရေးကုမ္ပဏီများဖြင့် တိုက်ရိုက်ကာကွယ်စောင့်ရှောက်ပေးရေးအတွက် တရုတ်အစိုးရက ပါကစ္စတန် အစိုးရကို တရုတ် PSCs များ ပါကစ္စတန်မြေပေါ်တွင် အမြဲတမ်းထားရှိနိုင်ရေး အဆိုပြုညှိနှိုင်းလျက်ရှိသည်။
ထို့ကြောင့် ပါကစ္စတန်နိုင်ငံတွင်းရှိ တရုတ် ပိုးလမ်းမစီမံကိန်းများကို ကာကွယ်ရေး တရုတ်အစိုးရ၏ ခြေလှမ်းများနှင့် လုပ်နည်းကိုင်နည်းများသည် ယနေ့ မြန်မာနိုင်ငံတွင် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်၏ အားနည်းချက်ကို အမိအရချုပ်ကိုင်ပြီး ၎င်းတို့အဆိုပြုထားသော မြန်မာ-တရုတ် ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်ရေး ခြေလှမ်းများနှင့် တထပ်တည်း ဆင်တူနေကြောင်း ဆောင်းပါးရှင် Antonio Graceffo က China’s Wagner? Beijing Establishes Private Security Company in Myanmar ဆောင်းပါးတွင် လေ့လာသုံးသပ် တင်ပြထားပါသည်။
သို့ရာတွင် ပါကစ္စတန် CPEC နှင့် မြန်မာ CMEC ကွဲပြားခြားနားချက်မှာ ယနေ့အချိန်အထိ မြန်မာ-တရုတ် နယ်စပ်အခြေပြု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် မြန်မာနိုင်ငံတွင်းမှ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများကို တိုက်ခိုက်ခြင်း မပြုရုံမျှမက၊ အကာအကွယ်ပေးမည်ဟုပင် လူသိရှင်ကြား ကြေညာချက်များ ထုတ်ပြန်၍ တရုတ်အစိုးရနှင့် ဆန့်ကျင်သော လုပ်ရပ်များကို ရှောင်ရှားကြသည်။
ထို့ကြောင့် ပါကစ္စတန်နိုင်ငံ အခြေအနေနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် ၎င်းတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာစစ်တပ်ကို ဆယ်စုနှစ်ချီ၍ ဆန့်ကျင်တိုက်ခိုက်လာခဲ့ကြပြီး၊ ယနေ့အချိန်သည် သမိုင်းတွင် ပထမဆုံးအကြိမ် စစ်တပ်ကို ခြေမှုန်းအောင်နိုင် နေချိန်ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ထားကြသည်။
ထိုအခြေအနေတွင် တရုတ်အစိုးရသည် စစ်တပ်ဖက်မှ ရပ်တည်လျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးအကျပ်ကိုင်လာရာ တရုတ်အစိုးရ၏ မူဝါဒအမှားများကြောင့် မြန်မာတွင်လည်း ပါကစ္စတန်ကဲ့သို့ တရုတ်စီမံကိန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည် ဟု အမေရိကန်အခြေစိုက် the Stimson Center မှ မြန်မာ-တရုတ်ဆက်ဆံရေးကို အထူးပြုလေ့လာသူ ပညာရှင် Yun Sun က သတိပေးထားသည်။
နိဂုံး – ခေတ်သစ်စီးပွားရေးနယ်ချဲ့မှုနှင့် နိုင်ငံ၏အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံနေရပြီလား
မျိုးဆက်သစ် မြန်မာပြည်သူများသည် ၎င်းတို့၏ ဘိုးဘေးများလက်ထက်က ကိုလိုနီနယ်ချဲ့ဝါဒကို ကျောင်း သင်ခန်းစာများထဲမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသူများ ဖြစ်သည်။ နယ်ချဲ့ဝါဒ၏ အခြေခံသည် ကုန်သွယ်ရေးနှင့် စီးပွားရေး အငြင်းပွားမှုများမှ စတင်လေ့ရှိသည်။
မြန်မာ့သမိုင်းတွင်လည်း သမိုင်းသင်ခန်းစာ ရှိထားပြီး ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် ယနေ့ အချိန်အထိ ရပ်တည်လျက်ရှိသော ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင် လီမိတတ် (The Bombay Burmah Trading Corporation, Limited) နှင့် အငြင်းပွားမှုအပေါ် အခြေခံပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်က အင်္ဂလိပ်ကိုလိုနီများသည် ၎င်းတို့၏ မြန်မာနိုင်ငံမှ အကျိုးစီးပွားကို ကာကွယ်ရန် သံတမန်ရေးအရ ဖြေရှင်းခြင်းထက် စစ်ရေးနည်းလမ်းကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
ခေတ်စနစ်များ မည်သို့ပင် ပြောင်းလဲလာသည့်ဖြစ်စေ အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရာတွင် စစ်ရေးနည်းလမ်း အခြေခံကို စွန့်လွှတ်ခြင်း မရှိကြသေးပါ။ မြန်မာ့ အိမ်နီးချင်း အင်အား ကြီး တရုတ်နိုင်ငံသည် လုပ်နည်းလုပ်ဟန် ကွာခြားနိုင်သော်ငြားလည်း၊ ၎င်းတို့၏ ပြည်ပအကျိုးစီးပွားများကို ကာကွယ်ရာတွင် လုံခြုံရေးကုမ္ပဏီအမည်ခံ ခေတ်မီလက်နက်နှင့် နည်းပညာများ တပ်ဆင်အသုံးပြုထားသော တရုတ်လက်နက်ကိုင်တပ်ဖွဲ့များကို ယခုအခါ ပို၍ အသုံးပြုလာနေပြီ ဖြစ်သည်။
တရုတ်အစိုးရ အဆိုပြုထားသော မြန်မာ-တရုတ် ဖက်စပ်လုံခြုံရေးကုမ္ပဏီ ပေါ်ပေါက်လာပါက တရုတ် လက်နက်ကိုင်တပ်ဖွဲ့များကို မြန်မာ့မြေပေါ်တွင် မကြာခင် တွေ့မြင်လာနိုင်ရဖွယ် ရှိနေပါသည်။ အကယ်၍ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသော စစ်ပွဲကြောင့် တရုတ်စီမံကိန်း တစ်ခု တိုက်ခိုက်ခံရပါက၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုများ၏ အန္တရာယ်ကြီးမားပုံကို ဆင်ခြင် ကြည့်နိုင်ပါသည်။
ထို့ကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ ၎င်းတို့၏အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များအသုံးပြုရန် ကြိုးပမ်းလာမှုကြောင့် မြန်မာ့အချုပ်အခြာအာဏာကို အကြီးအကျယ် စိန်ခေါ်ခြင်းခံနေရပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။