ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများ
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်-
ဦးအောင်ကြည်ဝင်း ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး
ရှမ်းပြည်နယ်ကိုယ်စားပြု ဘတ်စကက်ဘောအသင်း ရွှေတံဆိပ်ဆုရတော့ ဝမ်းသာလို့မဆုံးပါဘူး။ ရှမ်းပြည်နယ်အောင်နိုင်ရေး ကော်မတီဝင်ဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အောင်နိုင်ရေး အတွက် အားကစားသမားတွေ အားရှိအောင်ဆိုပြီး ကစားနည်းမျိုးစုံလိုက်ပြီး လာရောက်အားပေး ချီးမြှောက်တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် ဘတ်စကက်ဘောအသင်းရော ရန်ကုန်အသင်းပါ လက်ရည်တူ၊ အရည်အချင်းတူတော့ တစ်မှတ်ရဖို့တောင် အတော်လေး ကြိုးစားရတယ်။ အမှတ်နည်းတဲ့အခါ နှလုံးရောဂါတောင်ရမလားလို့ အဲဒီလောက်ခံစားရတယ်။ နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့ အားကစားနည်းမျိုးစုံပါဝင်တဲ့ အမျိုးသားအားကစားပွဲတော် ကျင်းပပေးတာဖြစ်လို့အခုပြိုင်ပွဲမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်အနေနဲ့ အားကစားနည်း ၂၃ မျိုးစလုံး ပါဝင်ယှဉ်ပြိုင်ပါတယ်။ ပြိုင်ပွဲဝင်ကလေးတွေအတွက်ကတော့ ဒီလိုပွဲမျိုးတွေ များများလုပ်ပေးခြင်းအားဖြင့် ဘက်ပေါင်းစုံတော်တဲ့ ကလေးတွေဖြစ်လာမယ်။ အမျိုးသားအားကစားပွဲတော်ကို နှစ်စဉ်နှစ်တိုင်းဖြစ်မြောက်အောင် ကျင်းပပေးနိုင်ရင် မျိုးဆက်သစ်လူငယ်တွေအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ကြိုးစားနိုင်တဲ့ အနေအထားတွေ ရှိလာမယ်လို့ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့ နှစ်စဉ်နှစ်တိုင်းပုံမှန်ကျင်းပပေးဖို့ ကျွန်တော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း အခုကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ကြီးဟာ အဆင့်အတန်း မြင့်မားတဲ့ပွဲတော်ဖြစ်တဲ့အတွက် အမျိုးသား အားကစားပွဲတော်ကို လာရောက်ကြည့်ရှု အားပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒေါ်မြနှင်းထွေး ၊ ဘတ်စကက်ဘောအသင်းအုပ်ချုပ်သူ၊ ရန်ကုန်တိုင်းဒေသကြီး
ကျွန်မတို့ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ တိုင်းအားကစားပွဲတော်အဖြစ် ဘတ်စကက်ဘောပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပါတယ်။ ဘတ်စကက်ဘောမှာ ခရိုင်ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ပါတယ်။ အဲဒီပြိုင်ပွဲကနေ အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ပြီး ရွေးချယ်ထားတဲ့ကစားသမားတွေကို အောက်တိုဘာလ ၄ ရက်နေ့ကစပြီး စခန်းသွင်းလေ့ကျင့်ပါတယ်။ လေ့ကျင့်ပြီးမှ အားလုံးစုစည်းပြီး ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကြီးကို လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် အလွန်ဝမ်းသာတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် အားကစားနည်းအလိုက် မျိုးဆက်သစ် အားကစားသမားတွေလည်း ထွက်ပေါ်လာတယ်။ သူတို့အတွက် ပွဲအတွေ့အကြုံ တွေရတယ်။ ကစားသမား အချင်းချင်းချစ်ကြည်မှုတွေရမယ်။ ဒီအချိန်မှာ တိုင်းရင်းသားတွေလည်း ပေါင်းဆုံပြီး ချစ်ကြည်ရင်းနှီးမှုတွေရမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက အားကစားသမားတွေရဲ့ ကစားပုံကစားနည်း အတွေ့အကြုံတွေ ဖလှယ်ခွင့်ရမယ်။ မျိုးဆက်သစ် အားကစားသမားတွေအတွက် အတွေ့အကြုံတွေရပြီး အခွင့်အလမ်းတွေလည်း ရမယ်။ အခုလို အမျိုးသားအားကစား ပြိုင်ပွဲကြီးမှာ လာရောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်။
မမြမိုးသူ ၊ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဝင်၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် ၂၅ နှစ်အောက် အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုအနိုင်ရရှိခဲ့တာက ကွာတားဖိုင်နယ်ဆိုတော့ ဆုတံဆိပ်ရဖို့ နောက်ထပ်နှစ်ပွဲယှဉ်ပြိုင် ကစားရမှာဖြစ်တဲ့အတွက် အကောင်းဆုံးရလဒ် ထွက်ပေါ်ဖို့ ကြိုးစားရဦးမှာပါ။ လေ့ကျင့်ရတာအချိန်တွေ အများကြီးပေးရတယ်။
ဝိတ်လျှော့ရတဲ့အခါကျတော့ တခြားပြိုင်ပွဲဝင်တွေနဲ့စာရင် ပိုပင်ပန်းပါတယ်။ ဝိတ်လည်းချရတယ်။ ပြိုင်ပွဲမှာ အနိုင်ရချင်တော့ သူများနားတဲ့အချိန် မနားရတော့ ပိုပင်ပန်းပါတယ်။ အရင်တုန်းကလည်း လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲတို့၊ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲတို့မှာ ဝင်ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ အခုအမျိုးသားအားကစား ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရတာ အများကြီးပျော်ပါတယ်။ ကျွန်တော်တို့ရဲ့ စီနီယာတွေဆီကလည်း အတွေ့အကြုံတွေ အများကြီးရပါတယ်။ နောင်တက်လာမယ့် မျိုးဆက်သစ်တွေကိုလည်း အတွေ့အကြုံတွေ အများကြီး ပြန်ဖလှယ်ပေးလို့ရတာပေါ့။ ဒါကြောင့် ဒီပွဲကြီးကျင်းပပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။
မောင်ပြည့်စုံအောင် ၊ဘော်လီဘောပြိုင်ပွဲဝင်၊ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ပြိုင်ပွဲအတွေ့အကြုံကတော့ အများကြီး ယှဉ်ပြိုင်ဖူးပါတယ်။ အခုကျင်းပနေတဲ့ နိုင်ငံတော်အဆင့် အမျိုးသားအားကစား ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်ပြည်နယ်နဲ့ တိုင်းဒေသကြီးအသင်း တော်တော်များများက ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ကြိုတင်လေ့ကျင့်လာတာဆိုတော့ ပြိုင်ဘက်အသင်းတိုင်းကလည်း ကောင်းပါတယ်။ ဘယ်အသင်းကိုမှ လျှော့တွက်လို့မရပါဘူး။ ပြီးခဲ့တဲ့ပွဲတွေမှာလည်း အတော်လေးကြိုးစားပြီး ယှဉ်ပြိုင်ကစားခဲ့လို့သာ အနိုင်ရခဲ့တာပါ။ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲနဲ့ဆိုရင် သုံးပွဲအထိ နိုင်ပွဲရရှိထားပြီး ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာ အားကစားကို စိတ်ဝင်စားတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် အများကြီးအကျိုးရှိပါတယ်။ သက်တမ်းလိုက်ပြိုင်ပွဲတွေ ကျင်းပပေးတော့ အနာဂတ် မျိုးဆက်သစ်လူငယ် အားကစားသမားတွေ အများကြီးပေါ်ထွက်လာမှာဖြစ်ပါတယ်။
ဒေါ်သန်းရွှေမာ၊တင်းနစ်အားကစားအုပ်ချုပ်သူ၊ရှမ်းပြည်နယ်ကိုယ်စားပြု
အခုကျင်းပလျက်ရှိတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ရှမ်းပြည်နယ်ကိုယ်စားပြု တင်းနစ်အားကစား အုပ်ချုပ်သူအနေနဲ့ လာရတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် ဘတ်စကက်ဘောအသင်းက နောက်ဆုံးဗိုလ်လုပွဲ တက်ခဲ့တာမို့ လာရောက်အားပေးတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ကလာတဲ့ အားကစားသမားတွေ အကုန်လုံးကလည်း ဗိုလ်လုပွဲဖြစ်တာကြောင့် ဒီပွဲကိုလာရောက်အားပေးကြပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ရှမ်းပြည်နယ် ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ လူငယ်ကစားသမားတွေကလည်း အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက် အားမချန်ဘဲ ယှဉ်ပြိုင်ကြတာကို တွေ့ရတယ်။ အခုလည်း ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားတွေကို ရှမ်းပြည်နယ်ကနေ လာရောက်အားပေးကြဖို့အတွက်လည်း ဝင်ခွင့်တွေ လုပ်နေကြတယ်။
ဒီပြိုင်ပွဲကြီးကျင်းပပေးတဲ့အတွက် ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကစားဖို့ အခွင့်မသာသေးတဲ့ ကလေးတွေလည်း ကြိုးစားချင်စိတ်တွေ ရှိလာမှာဖြစ်သလို ပါဝင်ယှဉ်ပြိုင်ကစားတဲ့ ကလေးတွေအတွက်လည်း အားတက်စရာ ဖြစ်လာမှာဖြစ်ပြီး ပိုပြီးကြိုးစားချင်စိတ် ရှိလာကြမှာဖြစ်ပါတယ်။
မပပဝင်းခင်၊အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲဝင်၊ရခိုင်ပြည်နယ်ကိုယ်စားပြု
အခုလို နိုင်ငံတော်အဆင့် ကျင်းပတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကြီးမှာ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နှစ်လကျော်ကျော်လောက် စခန်းသွင်းလေ့ကျင့်ခဲ့ရပါတယ်။ နိုင်ငံတော်အဆင့်အားကစားပြိုင်ပွဲတွေမှာ တစ်ခါမှ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတာတော့ မရှိခဲ့ပါဘူး။ အခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ဒီပြိုင်ပွဲကနေ မျိုးဆက်သစ်တွေ အများကြီးထွက်ပေါ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ အသက် ၂၀ အတွင်းမှာ အခုလို နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသား အားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ရမယ်လို့မထင်မိပါဘူး။ အခုလို ပါဝင်ခွင့်ရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။
မောင်ကျော်ဇင်ထိုက်၊ ဘတ်စကက်ဘောပြိုင်ပွဲဝင်၊ရှမ်းပြည်နယ်ကိုယ်စားပြု
ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု ဘတ်စကက်ဘော အသင်းနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်တဲ့အတွက် အများကြီးဝမ်းသာ ဂုဏ်ယူပါတယ်။ ဒီလိုမျိုးပြိုင်ပွဲဝင်နိုင်ဖို့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရှမ်းပြည်နယ်ကို ကိုယ်စားပြုနိုင်တဲ့ ကစားသမားတွေစုပြီး စည်းစည်းလုံးလုံးနဲ့ နှစ်လလောက် လေ့ကျင့်ခဲ့ရပါတယ်။ လာမယ့်အနာဂတ် လူငယ်တွေလည်း အများကြီးကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ဒီအားကစားဟာ အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ရတာဖြစ်လို့ ကျွန်တော် အသက် ၂၃ နှစ်ရှိတဲ့အချိန်နဲ့ ပြိုင်ပွဲကျင်းပတဲ့အချိန်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ အလွတ်တန်းပြိုင်ပွဲတွေရှိရင် ဆက်လက်ကစားဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ်တိုင်ပါဝင်ကစားခွင့် မရှိတဲ့ပွဲတွေဆိုရင် ပါဝင်ကစားခွင့်ရတဲ့ ကစားသမားတွေကို တတ်နိုင်တဲ့ဘက်ကနေ အထောက် အပံ့ပေးသွားမှာပါ။ နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့လည်း ကျွန်တော်တို့လို ရှမ်းပြည်နယ်ကိုယ်စားပြုကစားသမားဘဝကနေ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ ကစားသမားတွေဖြစ်စေချင်တဲ့စိတ်လည်း ရှိပါတယ်။