ယခုလ ပထမပတ် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) က စစ်စခန်းအများအပြား ထပ်မံရရှိလိုက်ပြီး ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ နခခ-၅ ခေါ် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကို သိမ်းနိုင်ခဲ့သဖြင့် ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်သည်။AA သည် မောင်တောဒေသကို ၁၁ လကြာ ထိုးစစ်ဆင်စဉ် ထိုစခန်းတစ်ခုတည်းကို ၂ လကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် ထိုဒေသ၏ နောက်ဆုံးစခန်းအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာတို့ကို လေထီးဖြင့် ချပေးခဲ့ရသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မောင်တောမြို့နှင့် အခြားဒေသ တိုက်ပွဲများအကြောင်းကို စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
ဒီဇင်ဘာ ၇ နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်း ပြင်းထန်သော ပေါက်ကွဲသံများကြောင့် ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားခရိုင်တွင် နေထိုင်သူများက စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Business Standard -TBS သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုနေ့က စစ်လေယာဉ်များ ပျံဝဲနေသည်ကို နယ်စပ်အနီး နေထိုင်သော ဘင်္ဂလားဒေ့ရှ် ဒေသခံများက တွေ့မြင်ခဲ့ရသည်၊ ထိုလေယာဉ်တို့က AA တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သည်ဟု ယူဆရ သောနေရာများကို ဗုံးကြဲတိုက်ခိုက်ကြသည်ဟု သတင်းတွင် ရေးထားသည်။
မောင်တောမြို့ တိုက်ပွဲပြင်းထန်မှုကို နယ်စပ်တစ်ဘက်တွင် နေထိုင်သူတို့ သိသိသာသာ ကြုံတွေ့ခဲ့ရသည် ဟု နယ်စပ်အနီး ဒေသအခြေစိုက်အဖွဲ့အစည်းတစ်ခု၏ ဥက္ကဋ္ဌက ပြောသည်။
“ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ဘက်ခြမ်း ရွာတွေဘက်က အသံတွေထွက်လာတာကြားရပါတယ်။ မော်တာကျည်တွေ၊ ဗုံးတွေ၊ ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုတွေကြောင့် ဒီမှာရှိတဲ့ အိမ်တွေက တုန်ခါနေတယ်” ဟု သူက TBS သတင်း ဌာနကို ပြောထားသည်။
မောင်တောမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်သင်တန်းပေး လက်နက်တပ်ဆင်ထားသည့် ရိုဟင်ဂျာလက်နက်ကိုင်များ၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ် (ARA) တို့၏ အင်အားကို ရယူကာ ခုခံခဲ့သည်ဟု AA က ပြောထားသည်။
နခခ-၅ စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီဘက်တော်သားများကို လိုက်လံ ရှင်းလင်းနေသောကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုများကို ပိတ်ပင်လိုက် ကြောင်း AA ၏ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
မောင်တော၊ ဘူးသီးတောင်၊ ပလက်ဝမြို့နယ်တို့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့များ ဖြစ်ကြသည်။
မောင်တောမြို့နယ်သည် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၊ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသဖြင့် နိုင်ငံတကာက အာရုံစိုက်ခဲ့သည့် ဒေသ ဖြစ်သည်။
ပြီးခဲ့သည့် လပိုင်း တိုက်ပွဲများအတွင်း ထွက်ပြေးကြသော မောင်တောဒေသခံရိုဟင်ဂျာများလည်း ထိခိုက် သေဆုံးသဖြင့် AA က သတိကြီးစွာ ကိုင်တွယ်နေရသောဒေသလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြေပုံ၊ မင်းပြား ၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ တို့အပြင် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားရာ မောင်တောမြို့နယ် ထပ်တိုးလာပြီဖြစ်သည်။
ရခိုင်ပြည်နယ် လက်ကျန် ၆ မြို့နယ်ထဲမှ အမ်းမြို့နယ်ကိုလည်း စစ်ကောင်စီ မကြာမီ လက်လွှတ်ရဖွယ် ရှိသည်။
အမ်းမြို့နယ်တစ်ခုလုံးနီးပါးကို AA သိမ်းပိုက်
အမ်းမြို့နယ်တွင် လေဆိပ်နှင့် စစ်စခန်း ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)စခန်းသာ သိမ်းရန် ကျန်တော့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
ထိုအခြေအနေကြောင့် တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့ကို ထိန်းချုပ်ရေး ကြိုးပမ်းရာတွင် အရေးပါသည့် အမ်းမြို့နယ်ကို AA က နယ်မြေစိုးမိုးထားနိုင်ပြီ ဖြစ်သည်။
၂ လကျော်ကြာ တိုက်ပွဲများအတွင်း နိုဝင်ဘာပထမပတ်တွင် မဲတောင်၊ တောဟိန်းတောင်၊ စွေ့ချောင်း စသော ဗျူဟာကုန်းများ၊ ခြေမြန်တပ် များဖြစ်သော ခမရ (၃၇၃) နှင့် ခမရ (၃၇၄) ၊ လေကြောင်းရန် ကာကွယ်ရေးတပ်အပါအဝင် စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့သည်။
ဆက်လက်ထိုးစစ်ဆင်ရာ အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခြေမြန်တပ်ရင်းများ ဖြစ်သော ခမရ (၃၇၁) နှင့် ခမရ (၃၇၂) ၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင် ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ် ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ကို သိမ်းပိုက်ရရှိခဲ့ သည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် AA ဘက်မှ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ် တော် (PIA) တို့ ပါဝင်တိုက်ခိုက်နေကြသည်။
စစ်ကောင်စီတပ်သည် စစ်တိုင်း ၁၄ ခု ရှိသည့်အနက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရပြီးနောက် ယခုအခါ ရခိုင်ပြည်နယ်အခြေစိုက် စစ်ဌာနချုပ်ကိုပါ လက်လွှတ်ရလုနီးပါး ဖြစ်နေသည်။
ထိုသို့ လက်လွှတ်ရပါက စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံဆုံးရှုံးနစ်နာမှု ရှိမည် ဟု AA နှင့် နီးစပ်သော ရခိုင် စစ်ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦးက အောက်တိုဘာလကုန်ခန့်က Myanmar Now ကို ပြောထားသည်။
အရေးပါသည့် အမ်း-ပဒါန်းလမ်းပိုင်း
စစ်ကောင်စီတပ်က စစ်ဌာနချုပ်မကျရေး အမ်း-ပဒန်းလမ်းဘက်မှ စစ်ကူများ ပို့နေသည်ဟု မကွေးအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံက သိရသည်။
၆၄ မိုင်ကျော် ရှည်ပြီး တောတောင်လျှိုမြောင်ထူထပ်သည့် အဆိုပါလမ်းမှ ဖြတ်သန်းလာသည့် စစ်ကူများကို AA ၏ မကွေးတိုင်း အခြေစိုက် မဟာမိတ်များက ယခင်ကတည်းက ဖြတ်တောက် ပိတ်ဆို့ တိုက် ခိုက်ပေးနေကြသည်။
ဒီဇင်ဘာ ၆ ရက်မှစကာ ၃ ရက်ဆက်တိုက် စစ်ကူ အများအပြား ပါဝင်သည့် ကားများ ထိုလမ်းပိုင်းတွင် သွားနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF Asho) မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောသည်။
“မြေပြင်အခြေအနေကတော့ ပစ်တာခတ်တာတွေရှိသေးတယ်။ ပြီးတော့ မကွေးတိုင်းဘက်ကနေ အင်အားဖြည့်ကားတွေက တော်တော်များတယ်။ အင်အားဖြည့်ကားက မနေ့ကလည်း တက်တယ်။ တမြန်နေ့ကလည်းတက်တယ်။ ဒီနေ့လည်း တက်တယ်” ၎င်းက ဒီဇင်ဘာ ၈ ရက်က ပြောသည်။
ဒီဇင်ဘာ ၈ ရက် နံနက်တွင် စစ်ကောင်စီကား အနည်းဆုံး ၁၃ စီးခန့် အမ်းဘက်သို့ တက်သွားကြောင်း၊ နေ့လယ်ပိုင်းတွင် အမ်းဘက်သို့ စစ်လေယာဉ်အများအပြား ပျံသန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။
ကျဥ်းမြောင်းသည့် အမ်းချောင်းအတွင်း စစ်သင်္ဘောများ ဝင်ထွက်သွားလာ၍ မရနိုင်သဖြင့် ရေကြောင်းဖြင့် စစ်ကူပို့ရန် မသေချာပေ။
စစ်ကောင်စီတပ်ကလည်း အမ်းမြို့ မကျစေရေး အတွက် လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများ ပေါ်မှ ပစ်ကူအမြောက်အမြားပေး၍ ခုခံကာကွယ်ခဲ့သည်။
ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးများ တရုတ်၏ ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မီတာတစ်ထောင်ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆလိုင်းရိုချင်းက ပြောသည်။
အမ်းမြို့သို့ စစ်ကူလာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို နိုဝင်ဘာ၂၈ ရက်၊နေ့မှ စတင်၍ အမ်းမြို့မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက်တစ်နေရာ၌ AA က တိုက်ခိုက်ခဲ့သည်။
ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၁၇)၊ (၄၁၅)၊ (၄၁၆) တပ်ရင်းများမှ အင်အား ၁၃၀ ခန့် ပါဝင် သော ထိုစစ်ကြောင်းကို ၃ ရက်နီးပါး ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့သည်၊ စစ်သား ၁၀၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းများ ရရှိခဲ့သည်၊ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု AA က ဆိုသည်။
အဆိုပါ အမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများကိုလည်း မကွေးတိုင်းအခြေစိုက် မဟာမိတ်တပ်များက ဖမ်းဆီးရမိခဲ့ကြသည်။
ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁ သိန်း၂ သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင် ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည်၊ စီးပွားရေး မဖွံ့ဖြိုးသော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းစစ်ဒေသ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်သဖြင့် စစ်ရေး အရ အရေးပါသည်။
ကျောက်ဖြူမြို့မှ စတင်သော တရုတ်နယ်စပ် အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ ဓာတ်ငွေ့ပိုက်လိုင်း မှာ ၂၀၁၃ ခုနှစ်တည်းက လုပ်ငန်း စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ ရောင်းချနေသည်။
ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းလည်း ရှိနေရာ အရှေ့အလယ်ပိုင်းမှ သယ်ယူလာသော ရေနံ ကို ထိုပိုက်လိုင်းအတွင်း ဖြတ်သန်းယူဆောင်ခြင်းဖြင့် တရုတ်အတွက် ကောင်းကျိုးများစွာ ရှိမည် ဖြစ်သည်။
ထို့ကြောင့် AA က အမ်းကိုရလျှင် ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်စီမံကိန်းများ ရှိနေသော ကျောက်ဖြူမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ရန် ပိုမိုအဆင်ပြေမည်ဖြစ်သည်။
ကျောက်ဖြူနှင့် စစ်တွေမြို့တို့ကို AA က ဝိုင်းပတ်၊ ပိတ်ဆို့ထားနိုင်သော်လည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ စစ်ကူပို့နိုင်သေးသည်။
ထိုမြို့များအတွက် စစ်ကူမှ ရေလမ်းမှ လာဖွယ်ရှိသည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ခန့်မှန်းသည်။
“ဘာလို့လဲ ဆိုတော့ အဲ့ဒီဘက်က ပင်လယ်ပြင်ဘက်က ထွက်ပေါက်က ပွင့်နေတယ်ဆိုတော့ အဲ့ဒီဘက်က အချိန်မရွေး စစ်ကူပေးနိုင်တာပေါ့။ ပြီးတော့ Navy (ရေ) တပ်တွေလည်း အဲ့ဒီဘက်က အင်အားဖြည့်ပြီးတော့ စစ်ကူပေးနိုင်တဲ့ အနေအထားမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုမြို့နှစ်မြို့သည် ၂၀၂၅နှစ်ကူးကာလတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်လာနိုင်သည့် နေရာများ ဖြစ်သည်၊ တရုတ်စီမံကိန်းများ တည်ရှိသော်လည်း တရုတ်ဖိအားသည် AA အပေါ် သိပ်မရှိနိုင်ကြောင်း ၎င်းက ယူဆသည်။
“ အာရက္ခတပ်တော်က (တရုတ်နဲ့) နယ်မြေချင်းလည်း ထိစပ်တာ မဟုတ်ဘူး။ ပြီးတော့ အကျိုးစီးပွား ကလည်း ရခိုင်ပြည်မှာပဲ ရှိတယ်ပေါ့၊ တရုတ်အကျိုးစီးပွားက။ ဒီတော့ သူ့အနေနဲ့တော့ အဲ့လောက်ထိ ဟိုနှစ်ဖွဲ့ (MNDAA,TNLA) လိုတော့ အားသုံးပြီးတော့၊ ခြိမ်းခြောက်ပြီးတာ့၊ အကျပ်ကိုင်ပြီးတော့ အာရက္ခတပ်တော်ကိုတော့ ဖိအားမပေးနိုင်ဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ၎င်းတို့ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့်သတင်းများကို အမှောင် ချထားသလို စစ်တပ်ဝါဒဖြန့်စာမျက်နှာများက စစ်ကောင်စီတပ်က အမ်းနှင့် နခခ- ၅ ကို ဘေးကင်းစေ ကြောင်း ရေးသားဖော်ပြနေကြသည်။
လက်ရှိတွင် အမ်း၊ ဂွ၊ တောင်ကုတ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ပြင်ဆင်နေသော ကျောက်ဖြူမြို့၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့တို့ တွင် AA ထိုးစစ် မရှိ သေးပေ။