ylliX - Online Advertising Network

နေပြည်တော်တွင် ဧည့်စာရင်းစစ်ပြီး စစ်သားသစ်စုဆောင်းနေ – Myanmar Now


စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ရှိ အိမ်များကို လဆန်းပိုင်းတွင် ဧည့်စာရင်းဝင်စစ်သည့်နည်း ဖြင့် အိမ်တိုင်ရာရောက် စစ်သားသစ် စုဆောင်းနေသောကြောင့် လူငယ်အများအပြား  တိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောကြသည်။

ရခိုင်ပြည်နယ်နှင့် ကချင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်က အရေးတကြီးလိုအပ်သော စစ်သည်အင်အားအတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဆက်တိုက် ဖွင့်နေရာ စစ်သင်တန်းအပတ်စဉ် (၇) ပင် ရောက်ရှိနေပြီဖြစ်သည်။

ဒီဇင်ဘာ ၃ ရက် ည ၉ နာရီခန့်က ပျဉ်းမနားမြို့၊ ဈေးကုန်းရွာနှင့် သူဌေးကုန်းရွာတို့တွင် အသက် ၂၀ နှင့် ၃၀ အတွင်း  အမျိုးသား ၅ ဦးကို စစ်မှုထမ်းသင်တန်းတက်စေရန်အတွက် အတင်းအကျပ် ခေါ်ဆောင်သွား သည် ဟု မျက်မြင်တွေ့သူများက ဆိုသည်။

“ဧည့်စာရင်းတွေ လာစစ်၊ မိသားစု (ဦးရေ) ဘယ်လောက်ရှိလဲဆိုပြီး မေးတယ်၊ ပြီးရင် စာရင်းမှတ်ပြီး နောက်ရက် အဲဒီလူတွေပဲ စစ်မှုထမ်းအကျုံးဝင်တယ်ဆိုပြီး လာခေါ်သွားတာ”ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

ပျဉ်းမနားသကြားစက်အနီးရှိ ဈေးကုန်းကျေးရွာတွင် လူငယ် ၃ ဦး လာရောက်ခေါ်ဆောင်ခံရသည်ဟု ၎င်းက ပြောသည်။ 

ညအချိန် နေအိမ်သို့ကားဖြင့် ရောက်လာသော အုပ်ချုပ်ရေးမှူးများ၊ စစ်သား၊ ရဲ အပါအဝင် ၁၀ ဦး ထက်မနည်းက  လူငယ်များကို ခေါ်သွားကြသည်ဟု  ဆိုသည်။

ယင်းနေ့မှာပင် နေပြည်တော် အာဟာရသုခဈေးအနီး တည်ရှိသော သူဌေးကုန်းရွာတွင်  ဆိုက်တွဲ ဟု ခေါ်သည့် အငှားယာဉ်မောင်းသမား၂ ဦး စစ်မှုထမ်းအတွက် ခေါ်ဆောင်ခံရကြောင်း  အဆိုပါဈေးမှ အသက် ၃၀ ကျော်အရွယ် ဈေးသည်တစ်ဦးက ပြောသည်။

“ဈေးနားမှာက အိမ်ငှားနေတဲ့သူ အဆောင်နေတဲ့ အခြေခံလူတန်းစားတွေများတာကို သိတော့ တွေ့ရင် ခေါ် သွား၊ ကျန်တဲ့မိသားစုတွေကလည်း သတင်းအစနလည်း လိုက်လို့မရ၊ မေးလို့မရနဲ့ဖြစ်ကုန်တာ” ဟု ၎င်းက ဆိုသည်။ 

ထို အကျိုးဆက်ကြောင့် ကြောက်လန့်ကာ ညနေ ၆ နာရီနောက်ပိုင်း ကယ်ရီ ဆွဲမည့်သူ မရှိသလောက် ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်သားသစ်စုဆောင်းခံလိုက်ရသော ကယ်ရီဆွဲသူ အမျိုးသားတစ်ဦးသည် ပဲခူးတိုင်းဘက်မှ စစ်ရှောင် လာရောက်ခြင်းဖြစ်ပြီး ဇနီးနှင့် အရွယ်မရောက်သေးသည့် ကလေးနှစ်ဦး နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း ဈေးသည်အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးသူများကလည်း  နိုင်ငံကို ကာကွယ်ရန် နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဟု အွန်လိုင်းတွင် တိုက်တွန်းနေကြသည်။ 

စစ်သားသစ် စုဆောင်းသူများက ညအချိန် လမ်းပေါ်တွင် သွားလာနေသူ  လူငယ်များကိုပါ ပစ်မှတ်ထားနေကြောင်း သိရသည်။

ဝင်ဘာ ၁၅ (တန်ဆောင်မုန်းလပြည့်နေ့) ညပိုင်းက   နေပြည်တော်ဒေသခံ ၅ ဦး ထက်မနည်း လမ်းပေါ်တွင် ဖမ်းဆီးခံလိုက်ရပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုရွာဘက်ရှိ စစ်တပ်ထဲသို့ ပို့ဆောင်ခံလိုက်ရသည်ဟု ဒေသခံတချို့က ဆိုသည်။



ထိုသို့ စစ်သားသစ် စုဆောင်းရန်အတွက် ဖမ်းဆီးခြင်းကို အရပ်ထဲတွင် ပေါ်တာဆွဲခြင်းဟု ခေါ်နေကြပြီး   လူငယ်အများစုသည် ညအချိန် နေအိမ်တွင် မအိပ်ရဲတော့ဘဲ တောထဲနှင့် လယ်ကွင်းရှိ လယ်တဲများထဲတွင် စုပေါင်းအိပ်၍ တိမ်းရှောင်ကြရကြောင်း ပျဉ်းမနားမြို့နယ်မှ ကုမ္ပမဏီဝန်ထမ်း အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက  ပြောသည်။

 “မျက်စိရှေ့တင် စစ်မှုထမ်းအတွက် ခေါ်သွားတာတွေ တွေ့တော့ အိမ်မှာကို မအိပ်ရဲတော့တာ၊ ခု ကောင်းကောင်း မအိပ်ရတာ သုံးရက်လောက်ရှိပြီ၊ အိပ်ချင်ရင် မြို့ပေါ်က အမျိုးတွေအိမ် သွားအိပ် …ပြန်လာ အဲဒီလိုလုပ်နေရတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာ သီရိ စသည့် ၈ မြို့နယ်ရှိရာ နေပြည်တော်အစွန်အဖျားရွာများတွင်  ဧည့်စာရင်းစစ်ကာ  အသက်အရွယ်အရ အကျုံးဝင်သူများကို စစ်မှုထမ်းအဖြစ် ခေါ်ယူနေခြင်း ဖြစ်သည်။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် နိုဝင်ဘာလကုန်က ဖော်ပြထားသော ပြည်သူ့စစ်မှုထမ်း  လေ့ကျင့်ပစ်ခတ်နေကြစဉ်။

ဇေယျာသီရိမြို့နယ် စစ်ရုံးချုပ်နှင့် နယ်မြေထိစပ်နေသည့် အောင်ဇေယျာရပ်ကွက်နှင့် ကျည်တောင်ရွာတို့ တွင်လည်း စစ်သားသစ် စုဆောင်းသည့်သတင်းများကြောင့် ပြည်သူလူထုကြား စိုးရိမ်မှုမြင့်တက်နေကြောင်း အသက် ၄၀ အရွယ် ပျဉ်းမနားဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။

“ဧည့်စာရင်း လာစစ်မယ် ကြားတာနဲ့ အချို့က တောထဲသွားအိပ်ကြတယ်၊ မအိပ်တဲ့သူတွေကတော့ အိမ်ရှေ့တံခါး မဖွင့်ပေးမီ နောက်ဖေးကနေ ပြေးကြတာပဲ” ဟု သူက ပြောသည်။

ပုဗ္ဗသီရိမြို့နယ်ရှိ အေးမြင့်သာယာရွာတွင်လည်း ပေါ်တာဆွဲသည့် သတင်းများကြောင့် ဧည့်စာရင်းစစ်မည် ကို စိုးရိမ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ တွေ့ပါက မလုံခြုံမှုကို ခံစားလာရ ကြောင်း ထိုဒေသနေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ အလျင်လို၊ ထိန်ပင်၊ ညောင်ပင်သာ၊ ဆင်သေ စသောရွာများတွင်  သား ယောကျ်ား လေးရှိသော  ဒေသခံများသည် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို မယုံမကြည်ဖြစ်နေပြီး ညအချိန် အိမ်တံခါးကိုပင် အလျင်စလို မဖွင့်ပေးရဲကြောင်း အလျင်လိုကျေးရွာမှ တောင်သူလုပ်ကိုင်သည့် အသက် ၆၀ ကျော် အရွယ် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“အုပ်ကြီးအသံ အရင်ပေးပြီး၊ စစ်သားနဲ့ ရဲတွေက နောက်မှာ ပါလာတာ၊ ပြီးမှ စစ်မှုထမ်း အသက် အကျုံးဝင်တယ်ဆိုပြီး ခေါ်သွားကြတော့၊ အိမ်မှာက သားတွေလည်းရှိတော့ အခု အုပ်ကြီးအသံပါရင်ကို  တံခါး မဖွင့်ပေးရဲတော့ဘူး” ဟု ထိုသူက ဆိုသည်။

အမျိုးသမီးများပါ မချန် စာရင်းယူ

ယခုလဆန်းမှစ၍ စစ်မှုထမ်း အပါတ်စဉ်(၈)အတွက် ဇဗ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက် တချို့တွင်လည်း အိမ်ထောင်စုဇယား ပုံစံ (၆၆) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ပေးရပြီး စစ်မှုထမ်းအကျုံးဝင်သည့် အမျိုးသားများနှင့်အမျိုးသမီးများကို စာရင်းမှတ်ယူကြောင်း ကြုံတွေ့ရသူ အမျိုးသမီးနှစ်ဦးက ပြောသည်။

“ယောကျ်ားလေးမရှိတဲ့အိမ်က အိမ်ထောင်စုဆို ပြန်ပေးတာ။ အသက်၂၀ ၊ ၃၀အရွယ်ရှိတဲ့အိမ်တွေဆိုရင်  မှတ်ထားတော့ စိတ်ပူမိတယ်၊ ကိုယ့်ကလေးတွေကို ဘာမှ မဖြစ်စေချင်ဘူး” ဟု အသက် ၄၀ ကျော်အရွယ် သားနှစ်ယောက်ရှိသည့် မိခင်ဖြစ်သူက ဆိုသည်။  

အိမ်ထောင်စုဇယားတောင်းခံခြင်းသည် စစ်မှုထမ်းနှင့် ပြည်သူ့လုံခြုံရေးအတွက် အသက်အကျုံးဝင်သော အမျိုးသား၊ အမျိုးသမီးစာရင်းများကို ရယူနေခြင်း ဖြစ်သည်ဟု ဒေသခံတို့က ထင်မြင်ကြသည်။

“ဆီထုတ်တော့လည်း အိမ်ထောင်စုဇယားက ပေးရတယ်၊ ခုက မှတ်ပုံတင် စမတ်ကတ် (UID) တွေ လုပ် ထားတဲ့သူ တွေ ပိုဆိုးတယ်၊ လိမ်မရ၊ သူတို့မှာက စာရင်းအကုန်ရှိပြီးသားဆိုတော့ စစ်မှုထမ်းတော့ ထည့်ခံရတော့မှာ”ဟု အသက် ၂၀ကျော်အရွယ် ပုဗ္ဗသီရိမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာအတွင်း စစ်မှုထမ်း အတင်းအကျပ် ခေါ်ဆောင်မှုများ ခပ်စိတ်စိတ်ဖြစ်လာသလို အုပ်ချုပ်ရေး အဖွဲ့ဝင်များကို စစ်သင်တန်းပေးလာကြောင်း နေပြည်တော်မှ အမည်မဖော်လိုသူ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခုက အုပ်ချုပ်ရေးအဖွဲ့ဝင်အကုန် စစ်သင်တန်းတက်ရတာ ၊ ရာအိမ်မှူး..ဆယ်အိမ်မှူးတွေရော။ သင်တန်း တက်ပြီး ပြန်လာရင် လက်နက်ပေးမယ်ထင်ကြတာ၊ ခု မပေးတော့ ဧည့်စာရင်းစစ်သွားမယ်ဆိုရင် ခါးမှာ လေးခွနဲ့ သွားကြရတာ” ဟု ၎င်းက ဆိုသည်။

စစ်ခေါင်းဆောင် အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေတွင် အရပ်သားများအတွက် စစ်မှုထမ်းကာလ သည် အများဆုံး ၂ နှစ်ဖြစ်သည်။ အရေးပေါ်အခြေနေဟု သတ်မှတ်ပါက အမြင့်ဆုံး ၅ နှစ်အထိ တိုးနိုင် သည်ဟု ပြဌာန်းထားသည်။

အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားများ စစ်မှုထမ်းရန် အကျုံးဝင်ပြီး ငြင်းဆန်ပါက ထောင်ဒဏ် ၃ နှစ် အထိချမှတ်နိုင်သည်ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေရေးဆွဲအတည်ပြုထားသည့် ထိုဥပဒေက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက အမျိုးသမီးများကို စစ်မှုထမ်း ခေါ်ယူခြင်း မရှိသေးပေ။

နေပြည်တော်တွင် လူငယ်၊ လူလတ်ပိုင်း အများအပြား ပေါ်တာဆွဲခံရနေပြီး၊ စစ်တပ်၏ မတရားဖမ်းဆီး စုဆောင်းခံရခြင်းမှ ကင်းလွတ်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ နေပြည်တော် PDF စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ပေါ်တာဆွဲခံရသည့် လူငယ်များကို စစ်ရေးပြင်းထန်သည့် ရခိုင်၊ ကချင်၊ ကရင်နီ (ကယား) နှင့် စစ်ကိုင်း တိုင်းကို ပို့ဆောင်နေကြောင်း ထိုအဖွဲ့က ဆိုသည်။ ထို့ကြောင့် တော်လှန်လိုစိတ်ရှိသော လူငယ်များကို စိစစ်လက်ခံ၍ တိုက်ခိုက်ရေးသင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် နိုဝင်ဘာလကုန်က ဖော်ပြထားသော ပြည်သူ့စစ်မှုထမ်း သင်တန်းတစ်ခု။





Source link

Leave a Reply

Your email address will not be published. Required fields are marked *