ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး ဖူးဖူးရဲ့ အသက် ၄၁ နှစ်ပြည့် မွေးနေ့မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက ဘုရားရှင်ပွင့်တော်မူတဲ့ မဟာဗောဓိညောင်ရှိရာမှာ ၁၉ ကြိမ်မြောက်ကျင်းပနေတဲ့ နိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဆို ပူဇော်ပွဲက ဆရာတော်၊ သံဃာတော်တွေကို နဝကမ္မဝတ္ထုငွေတွေ လှူဒါန်းခဲ့တယ်လို့ သိရတယ်။
“ယနေ့ တီဖူးမွေးနေ့ကို ဗုဒ္ဓဂါယာရဲ့ ဘုရားရှင်ပွင့်တော်မူတဲ့မဟာဗောဓိညောင်ပင်မှာ ရောက်နေတုန်း ထင်မှတ်မထားဘဲ (၁၉)ကြိမ်မြောက်ကျင်းပနေတဲ့ နိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဆို ပူဇော်ပွဲမှာ ရတနာအောင်မြေဆရာတော် ဘုရားကျေးဇူးတော်နဲ့ သံဃာအပါး ၂၀၀ ကျော်နဲ့ မယ်သီလရှင်တွေကို နဝကမ္မဝတ္ထုတွေ ဆက်ကပ်လှူဒါန်းခွင့်ရခဲ့ပါတယ်။ ခုနစ်ရက်သားသမီးတွေ အားလုံး တီဖူးမွေးနေ့ကုသိုလ်ကို ထပ်တူရကြစေဖို့ အားလုံးမျှဝေပေးပါတယ်နော်” လို့ သရုပ်ဆောင် ဖူးဖူးက ပရိသတ်သိအောင် ပြောပါတယ်။
သူမကတော့ မိခင်ဖြစ်သူနဲ့ ဒီဇင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ မွေးနေ့မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားရှင် ပွင့်တော်မူတဲ့ နေရာမှာ ကောင်းမှုကုသိုလ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် ဖူးဖူးကတော့ အသက် ၄၀ ကျော်ပြီလည်းဖြစ်ပြီး လက်ရှိမှာ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ အိမ်ခြံမြေ၊ ကွန်ဒိုအရောင်းအဝယ်လုပ်ငန်းတွေကိုသာ အဓိကလုပ်ကိုင်နေသလို သူငယ်ချင်းတွေနဲ့ အလူမီနီယံမှန်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတယ်လို သိရပါတယ်။