ကိုယ်လွတ်ရုန်းပြေးတဲ့ မောင်တော နခခ ၅ရဲ့ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။မောင်တောမြို့နယ်မှာ နောက်ဆုံးခုခံကျန်နေတဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း ၊ နခခ ၅ ကိုသိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ အရာရှိကြီးတွေကို လာရောက်ကယ်ဆယ်တဲ့ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိကြီး ၃ဦးခန့်ကို ဖမ်းဆီး ရရှိခြင်းဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ဒီဇင်ဘာ ၈ရက်နေ့ ညပိုင်းမှာ နတ်မြစ်ကပြေးဖို့လုပ်နေတဲ့ ဗိုလ်မှူးချုပ်သူရိန် ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အာဆာ တပ်ဖွဲ့ဝင် အင်အား ၈၀ ပါအဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နခခ ၅ထဲမှာ ပိတ်မိနေတဲ့ အောက်ခြေစစ်သားနဲ့ရဲတွေကို ထားခဲ့ကာ ကိုယ်လွတ်ရုံးပြေးတဲ့ ဗိုလ်မှူးချုပ်နဲ့အဖွဲ့ကို ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်သူရီန်ထွန်းဟာ ရခိုင်ဒေသအတွင်းပြည်သူတွေကို မူဆလင်လက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးပြည်သူတွေကို သတ်ဖြတ်ကာ နေအိမ်မီးရှို့မှုတွေ ကို စေခိုင်းသူဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
နခခ ၅ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေတာကြောင့် ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မောင်တောမြို့ကစခန်းများအားလုံးသိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် အဲ့ဒီနယ်ခြားစောင့်တပ်တခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် မောင်တောနယ်စပ်မှာ ရှိတဲ့ သုံးလကျော်ကြာနည်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မောင်တော နခခ(၅) မြို့သူကြီးတပ် ဟာ နောက်ဆုံးမှာ ထိမ်းချုပ်နိုင်ခဲ့ပြီး မောင်တော်တစ်မြို့လုံးဟာ AA လက်ထဲကျရောက်သွားပြီဖြစ်ပါတယ်။စစ်ကောင်စီအတွက် နယ်ခြားစောင့်စခန်းကြီးနဲ့ မောင်တောမြို့ကိုလက်လွှတ်ခဲ့ရတာဖြစ်ပြီး အမ်းမြို့အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာလဲ AA လက်ထဲ ကျရောက်လုနီးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။အဲ့ဒီအခြေအနေတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီထောက်ခံသူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ လည်း လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။
နနခ ၅ရှိတဲ့ မောင်တောနဲ့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းကို လက်လွှတ်ရပါက နောက်ထပ်တိုင်းစစ်ဌာနချုပ်တစ်ခုနဲ့ မြို့တမြို့ ကျဆုံးမှာဖြစ်တာကြောင့် တပ်ထောက်ခံသူတွေနဲ့ နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းအကြား အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနေကြောင်း တပ်ထောက်ခံချန်နယ်တွေကတဆင့် သိရပါတယ်။အမျိုးသားရေးအစွန်းရောက်များ တပ်လော်ဘီများက ရခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ အကြီး အကျယ် စစ်ရှုံးနေမှုအပေါ် စိတ်ပျက်လက်ပျက်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြပါတယ်။ခေါင်းဆောင်တွေ ကိုယ်လွတ်ရုန်းပြေးမှုကြေင့် နခခ ၅ထဲက ပိတ်မိနေတဲ့စစ်သားတွေရဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာပျံ့နှံ့ပြီးနောက် ၎င်းတို့ကိုယ်တိုင်စစ်ကောင်စီရဲ့ သတင်းလိမ်ညာမှုတွေကို ဖော်ထုတ်ပြောဆိုနေကြပြီး မြေပြင်မှာ အသက်ပေးတိုက်ပွဲဝင်နေတဲ့ စစ်သားတွေကို စာနာမှုမရှိကြောင်းနဲ့ လက်ရှိရှုံးနိမ့်မှုတွေအပေါ် သတင်းအမှန်ပြောဆိုသင့်ပြီဖြစ်ကြောင့် ရင်ဖွင့်ပြောဆိုနေကြပါတယ်။