ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။
ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။
ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု” က မကြာခဏ ပါလာစမြဲဖြစ်သည့်အတွက် တစ်သောင်းတန်ကျပ်ငွေကို ဈေးသည်က လာပေးလျှင် ယူဖို့အတွက် တွန့်တိုလာသည်။
“ ဈေးဝယ်သူက ကျပ်ငွေတစ်သောင်းတန်ပေးရင် ကျမ တော်တော်လန့်နေပြီ၊ သိသလောက် မှတ်သလောက် စစ်ဆေးတယ်။ သေချာစစ်ဆေးတယ်။ ဈေးဝယ်သူကိုလည်းအားနာရတယ်။ ဒီကြားထဲရလာတော့လည်း စိတ်ညစ်တာပေါ့” ဟု တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး ဒေါ်အေးမာ တစ်ယောက် ညင်းထွားနေသည်။
ယခုကဲ့သို့ ကျပ်ငွေတစ်သောင်းတန် ငွေအတုများသည် ယခုကာလမှ ရုတ်တရက်ပေါ်ထွက်လာခြင်း မဟုတ်ကြောင်း၊ အရင်စစ်အာဏာမသိမ်းခင်ကာလတွင် ရှိခဲ့သော်လည်း ယခုကာလကဲ့သို့ ပေါများခြင်းမရှိခဲ့ပေ။
ငွေစက္ကူ အတုထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုသည် စစ်အာဏာသိမ်းပြီး ၄နှစ်ကာလအတွင်း လူမှုကွန်ရက် စာမျက်နှာစုံတွင် ရာဇာဝတ်မှုဟု မသတ်မှတ်ထားတော့ဘဲ စီးပွားရေးတစ်ခု အလားထင်မှတ် လောက်အောင် ပေါ်တင်ရောက်ဝယ်ဖောက်ကားနေကြသည်။
ထိုသို့ ငွေစက္ကူ အတု ကြီးကြီးကျယ်ကျယ် ပြန့်နှံ့လာသည့်အထဲတွင် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းလည်း အပါအဝင်ဖြစ်လာခဲ့သည်။
ငွေစက္ကူအတုလုပ်ကိုင်သည့်သူများလည်း “တရားမဝင် အလုပ်မို့ ကြိုက်ရင်ဝယ်၊ မကြိုက်ရင် မဝယ်ကြပါနဲ့ နားလည်အောင် ရှင်းပြပေးမယ့် ပစ္စည်းရောက်ဖို့ အာမခံတယ်။ အမှောင်လောက ၂ ဆမိုက်ရတယ်။ မိုက်ရဲသူ သုံးရဲတဲ့သူ Welcome (ကြိုဆိုပါတယ်)” ဟု ကိုသူ ငွေတုရောင်းဝယ်ရေး လုပ်ကိုင်သူက ၎င်းလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
အဆိုပါ ငွေစက္ကူအတု ဈေးနှုန်းသည် ကျပ်ငွေ ၅သောင်းကျပ်ပေးပါလျှင် ကျပ်ငွေ ၁၀သိန်းရကြောင်း၊ ကျပ်ငွေတစ်သိန်းပေးလျှင် ကျပ်ငွေ သိန်း၂၀ ရကြောင်း နယ်အစုံ ကားဂိတ်အရောက်ပို့ဆောင်ပေးကြောင်းလည်း ၎င်းလူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။
ထို့ပြင် ကိုနေ ငွေအတုရောင်းဝယ်သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “ တုတု စစ်စစ် ငွေရှိဖို့လိုတယ်။ လုပ်ငန်းတွေ အရှုံးပေါ်နေပြီးလား၊ ကြွေးတွေများလို့ အနှိမ်ခံအပြောခံဘဝဖြစ်နေပြီးလား။ အားလုံးအဆင်ပြေအောင်ကူညီမယ်” ဆိုသည့် စာဖြင့် ကူညီရေးသမားဟုထင်မှတ်ရအောင်လည်းငွေအတုရောင်းဝယ်နေသည်။
ငွေစက္ကူအတုရောင်းဝယ်သူများသည် နိုင်ငံရေး အခြအနေ မငြိမ်သက်မှုများကြောင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကို အခွင့်ကောင်းယူပြီး လုပ်ဆောင်လာကြောင်း တောင်ကြီးမြို့နေထိုင်သည့် ကိုအာကာ က ပြောဆိုလိုက်သည်။
“ခေတ်ကာလကို အခွင့်ကောင်းယူပြီး အခြေခံလူတန်းစားတွေကို လိမ်နေတဲ့သဘောပါ။ များသောအားဖြင့် နယ်ဘက်ကလူတွေက ငွေအတု ငွေစစ်ဆိုပြီး သိပ်မခွဲခြားဘူး။ ဒါပေမယ့် အတွေ့အကြုံက သင်ပေးတော့ လူတကာကို မယုံရဲတော့ဘူး” လို့ ကိုအာကာ က ပြောပါတယ်။
ငွေကျပ်တစ်သောင်းသည် အခြေခံ လူတန်းစားများနှင့် ကုန်စိမ်းရောင်းချနေသူများအတွက် တနေ့တာ လုပ်အားခ ငွေနှင့် ကိုက်ညီသည့် ဝင်ငွေဖြစ်ပြီး၊ မိသားစုအတွက် ထမင်းသုံးနပ်စာနှင့် ညီမျှမှုရှိကြောင်းလည်း ခိုလမ်မြို့ ကုန်စိမ်းရောင်းချ နေသည့် ပါ့အောင်က ရင်ဖွင့်ပြောဆိုလာသည်။
“ ကျမတို့ ဈေးသည်တွေ အခုတစ်နှစ်အတွက် ငွေတုတွေ အရမ်းမိတယ်။ ကျမတို့က အတုအစစ်မခွဲခြားတက်ဘူးလေ။ မကြည့်တက်ဘူး။ ကျပ်တစ်သောင်းက ကျမတို့မိသားစုအတွက် ထမင်း ၃နပ်စာပဲ။ ကိုယ်က ဟင်းရွက်ရောင်းသူဆိုတော့ တစ်သောင်းအတုရရင် အရင်းပြန်ရှာဖို့ခက်ပြီလေ” ဟု ပါ့အောင် က စိတ်မကောင်းသည့်လေသံဖြင့် ရင်ဖွင့်လာသည်။
ပျံကျဈေးသည်များအတွက် နေ့စဉ်နှင့်အမျှ ဈေးမရောင်းခင် ငွေစက္ကူ ကျပ်တစ်သောင်းတန်ရွက်မရရှိအောင် ဆုတောင်းနေရကြောင်း ပါ့အောင်က ဆိုပြန်ပါတယ်။
“အခုဈေးရောင်းရတာ ရောင်းမကောင်းမှာ ကြောက်ရတာတမျိုး၊ ငွေအတုရမှာ ကြောက်ရတာတမျိုး၊ ကျမတို့ ဘဝတွေကို ပြန်ပြီးတော့ ငဲ့ကြည့်ကြပါ။ ကျမဆိုရင် ငွေစက္ကူ တစ်သောင်းရွက် မရဖို့ အဲ့ငွေတုနဲ့ဈေးလာမသုံးဖို့ ကြိတ်ပြီး ဆုတောင်းနေရတယ်” ဟု ပါ့အောင်က လက်ရှိဖြစ်နေသည့်စိတ်ဆန္ဒကိုပြောလာပါတယ်။
ယခင်တွင် ငွေစက္ကူအတု အစစ်ကို ကောင်းမွန်စွာ လျင်မြန်စွာ ခွဲခြားနိုင်ခဲ့သော်လည်း နည်းပညာခေတ်ကာလနှင့်အတူ ငွေစက္ကူရွက်များလည်း ခွဲခြားရန်ခက်ခဲသည့်အထိ ဖြစ်လာကြောင်း သျှမ်းပြည်တောင်ပိုင်း ဈေးသည်များက ပြောဆိုလာကြသည်။
လက်ရှိ ငွေစက္ကူအတု ရောင်းဝယ်မှုသည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အထိ ပြန့်နှံ့လာသည့်အတွက် ဒေသခံပြည်သူများလည်း စိုးရိမ်ပူပန်မှု စတင်လာခဲ့ကြသည်။
“ကျမ ဒီရက်ပိုင်း ကျိုင်းတုံဟစ်တိုင်မှာ ငွေစက္ကူအတု ရောင်းဝယ်ရေး ကြေငြာတွေ့တယ်။ အရင်က အဲ့လိုပေါ်တင်ရောင်းတာမရှိတော့ သိပ်ပြဿနာမရှိဘူး။ အခုဟာကတော်တော်ဆိုးနေပြီ။ ဒီမှာ ငွေလဲလှယ်သူအတွက် ခေါင်းကိုက်ဆေးတခုတိုးလာတာပေါ့” ဟု ကျိုင်းတုံမြို့ ငွေလဲလှယ်မှုပြုလုပ်သည့် နန်းဝိုးတစ်က ပြောလာသည်။
ငွေအတုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဉပဒေ ပုဒ်မ ၁၀၁ တွင် ဗဟိုဘဏ်က ထုတ်သည့် ငွေစက္ကူ၊ ဒင်္ဂါးပြားများကို အတုမှန်းသိလျန်နှင့် သုံးစွဲခြင်းမပြုရန်နှင့် ပုဒ်မ ၁၀၂ တွင် အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တဆင့် ပြည်ပကို တင်ပို့ခြင်း မပြုလုပ်ရန် ၂၀၁၃ခုနစ်တွင် တားမြစ်ထားသည်။
ထိုပုဒ်မ ၁၀၁ ကို ဖောက်ဖျက်လျှင် ထိုသူသည် ငွေဒဏ်၊ ထောင်ဒဏ် ၃နှစ် ထိုမှမဟုတ် ဒဏ် နှဏ်ရပ်လုံးချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၁၀၂ ကို ဖောက်ဖျက်လျှင် အနည်းဆုံးထောင်ဒဏ်၁၀နှစ် မှ အများဆုံးထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ကြောင်း ဗဟိုဘဏ်ဉပဒေ ကပြဌာန်းထားသည်။
ထိုအပြင် ဗဟိုဘဏ်၏ ပြဌာန်းထားသည့် ဥပဒေအရ ငွေအတုကို မသိဘဲ လက်ဝယ်ကိုင်ဆောင်မိခြင်း၊ သုံးစွဲမိခြင်းရှိခဲ့လျှင် ဖမ်းဆီးအရေးယူနိုင်ကြောင်းလည်း တောင်ကြီးမြို့နေ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ရှင်းပြသည်။
“ အခုခေတ်ကာလက တရားဉပဒေစိုးမိုးမှုမရှိသလို ယန္တယားကလည်း ပျက်စီးနေပြီးဆိုတော့ လုပ်ချင်တာလုပ် နေတဲ့သဘောပဲ။ တကယ်ဆိုရင် ငွေတုလုပ်တဲ့သူရော သုံးတဲ့သူရော ဖမ်းဆီးအရေးယူလို့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ခေတ်ဆိုးစနစ်ဆိုးကြား ငွေကြပ်တည်းမှုများဖြစ်လာသည့်အတွက် အကျင့်ဆိုး၊ ကိုယ်ကျင့်သိက္ခာလည်း လျော့ကျလာပြီး “ ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဆိုသည့် စကားပုံအတိုင်း ကိုယ်အသက်ရှင်သန်ဖို့ ချမ်းသာဖို့သာ ပိုကြည့်လာကြသည်။
ငွေစက္ကူ အတုသည် အခြေခံ လူတန်းစားနှင့် ပျံကျဈေးသည်များအတွက် ခေါင်းကိုက်ဆေးတစ်ခု၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတစ်ခုဖြစ်လာကာ နေ့စဉ် ငွေသောကကြား အသက်ရှင်သန်နေကြရသည်။
ထို့ကြောင့် ပါ့အောင်သည် ဈေးရောင်းပြီး ရလာသည့် ငွေကျပ်တစ်သောင်းတန် ၅ရွက်ကို ကိုင်ပြီး “ စိတ်ညစ်တယ်။ စိတ်ညစ်တယ်” ဆိုပြီး ပါးစပ်ကနေတဖွားဖွား ရေရွက်ကာ ငိုမဲ့သည့်လေသံဖြင့် တီးတိုးပြောနေသည်။
ငွေအတုလုပ်ငန်းလုပ်ကိုင်သူများနှင့် ငွေအတုဝယ်ယူပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြသူများအနဖြင့် အခြေခံလူတန်းစားနှင့် ပျံကျဈေးသည်များ၏ ဘဝကို ငဲ့ညှားပေးရန် ပါ့အောင်က တောင်းဆိုလိုက်သည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။
The post “ငွေစက္ကူ အတုကြား ခေါင်းခဲနေရ” appeared first on သျှမ်းသံတော်ဆင့်.