ယနေ့ (ဒီဇင်ဘာ ၁၀) နံနက်တွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
မိသားစုဝင်ခြောက်ဦး နေထိုင်သည့် နေအိမ်ကို ဗုံးနှစ်လုံး ထိမှန်ခဲ့ကြောင်း၊ အသက် ၆၀ ကျော်အရွယ် ဦးရမ်ကျုံး နှင့် သူ၏ဇနီး၊ သမီးနှင့် ဆယ်ကျော်သက်အရွယ် မြေးဖြစ်သူတို့ သေဆုံးသွားပြီး ကလေးငယ်နှစ်ဦး ကျန်ရစ်ကြောင်း ချွန်ကျုံးရွာတစ်ဦးကပြောသည်။
၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသတွင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က ဒဏ်ရာရသူ အရေအတွက် ၁၀ ဦးထက်မနည်းရှိနိုင်ကြောင်းယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
နာရေးအစီအစဉ် ပြုလုပ်ရန် ယနေ့နံနက်ပိုင်းက ပြင်ဆင်နေဆဲဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
ဒဏ်ရာရသူတို့ကိုအိမ်နီးချင်းများကဆေးကုသပေးနေကြောင်း လုံခြုံရေး အရအမည် မဖော် လိုသည့် ချွန်ကျုံးရွာ ဒေသခံကပြောသည်။
“စာသင်ကျောင်းကို ပစ်မှတ်ပြီးတော့ (ဗုံးကြဲတာ) တခြားအိမ်တွေမှာကျတယ်လို့ ယူဆတယ်” ဟု ချွန်ကျုံးရွာခံက ပြောသည်။
ဗုံးကြဲခံရသည့်နေရာ မှတ်တမ်းဓာတ်ပုံများတွင် သေဆုံးသူတို့၏ ရုပ်အလောင်းများ၊ ကားလမ်းဘေး တောင်စောင်းတွင် တည်ဆောက်ထားသည့် နေအိမ်များ ပျက်စီးနေပုံတို့ကို တွေ့ရသည်။
ပြည်နယ်မြို့တော် ဟားခါးနှင့် အနောက်ဘက်ရှိ ထန်တလန်သို့ သွားရာ ဟားခါး – ထန်တလန်လမ်းပိုင်း တွင် စစ်ရေးပြင်းထန်နေသော်လည်း မြို့မြောက်ဘက်ခြမ်း ချွန်ကျုံးရွာအနီးဝန်းကျင်တွင် မြေပြင် တိုက်ပွဲ မရှိဟု ဒေသခံများကပြောသည်။
ချွန်ကျုံးရွာလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် ချင်းပြည်နယ် ပြော ရေးဆိုခွင့်ရှိသူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ စစ်တပ်ကလည်း ဗုံးကြဲတိုက်ခိုက်သည့်သတင်းများကို အမှောင်ချထားတတ်သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ဆန့်ကျင်ကန့်ကွက်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်သဖြင့် လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ ချင်းပြည်နယ်တွင်လည်း ဒေသခံတို့က အမဲလိုက် တူမီးသေနတ်များ အားပြုပြီး တော်လှန်ခဲ့ကြသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ချွန်ကျုံးရွာမှာ ဟားခါး – ဖလမ်း ကားလမ်းပေါ်တွင်ရှိပြီး ယမန်နှစ် ဧပြီလက ရွာအနီး တွင် တိုက်ပွဲဖြစ်ရာ သံချပ်ကာ ယာဉ် နှစ်စီး ပျက်စီးဆုံးရှုံးလိုက်ရသည့် စစ်တပ်ကရွာကို မီးတင်ခဲ့ရာ အိမ်ခြေ ၄၀ နီးပါး မီးလောင်သွားခဲ့သည်။
ရွာခံအချို့မှာ နီးစပ်ရာတော တောင်များဘက် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြပြီးသွားလာရေး အခြေအနေအရ ဒေသခံအချို့မှာ ကျေးရွာတွင်ဆက်လက်နေထိုင်ဆဲဖြစ်ကြောင်းသိရသည်။
“မြေပြန့်တွေ ဘာတွေ သွားနိုင်တယ်၊ လမ်းတွေပွင့်တယ်ဆိုရင်တစ်မျိုး။ ကျွန်မတို့ကတော့ မရှောင်ဖြစ်ဖို့ များတယ်။ လေကြောင်းက ဘယ်အချိန်ဘာလာလုပ်မလဲဆိုတာ မသိတဲ့ကိစ္စမလို့လေ။ အသက်ကြီး တဲ့သူတွေနဲ့ကျတော့ တောထဲမှာအကြာကြီးရှောင်ဖို့တော့ မလွယ်ဘူး”ဟု အထက်ပါ ချွန်ကျုံးရွာခံက ဆိုသည်။
ချင်းပြည်နယ်တွင် တိုက်ပွဲများကြောင့် ဟားခါးတွင် ခိုလှုံနေ သည့် စစ်ဘေးရှောင် ၄,၀၀၀ နီးပါးရှိသည်၊ မြို့ပေါ် အိမ်ငှားနေသူများရှိသလို စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများလည်းရှိသည်ဟု ဟားခါးမြို့နယ်လူထုကျန်းမာရေးနှင့် စစ်ဘေးရှောင် စောင့်ရှောက်ရေး
ပရဟိတအသင်းထံက သိရသည်။
နိုဝင်ဘာလကုန်ပိုင်းကစပြီး ဟားခါး – ထန်တလန်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၈ ခုကို ချင်းတော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် စစ်တပ်က ဟားခါးမြို့ပေါ် တွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ဟားခါးမြို့ခံများကဆိုသည်။
ပြည်နယ် မြို့တော် ဟားခါးအနီး စစ်ရေးပြင်းထန်နေသည့်နည်းတူ ဖလမ်းနှင့် မင်းတပ်မြို့ပေါ်ရှိ စစ် ကောင်စီတပ်များကို ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင်က နိုဝင်ဘာ ၉ ရက် ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်တပ်က အပြင်းအထန် ခုခံနေ သည်။
တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းသည့် ချင်းပြည်နယ်တွင် စစ်တပ်က မြေပြင်မှ စစ်ကူစ ပို့နိုင်ခြင်းမရှိဘဲ စစ်ကူအင်အားနှင့်ခဲယမ်း ရိက္ခာဖြည့်တင်းရန်အတွက် လေကြောင်းကို အဓိက အသုံးပြုနေရသည်။ ထို့ပြင် တိုက်ပွဲပြင်းထန်သည့်နေရာသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိ သည့် ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦးပါမချန် ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ အောက်တိုဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည့်အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်တွင် စစ်တပ်က လေကြောင်းတိုက် ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၀၈ ဦးသေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။