ylliX - Online Advertising Network

ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်


မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။

ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား(၂၀၂၃) ဘောလုံးပြိုင်ပွဲတွင်တွေ့ရသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်း (ဓာတ်ပုံ – စစ်ကောင်စီ)

အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် မောင်တောမြို့နယ်ထဲမှ ဘင်္ဂလားဒေ့်ရှ်နှင့် အနီးစပ်ဆုံးသော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းထဲတွင် စခန်းချခဲ့သည်။

ထိုစခန်းထဲမှ ရာနှင့်ချီသော နောက်လိုက်များနှင့်အတူ AA ၏ထိုးစစ်ကို ခုခံခဲ့သည်။ AA ၏ အဆိုအရ ထိုစခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်ရှိသည်ဟုဆိုသည်။ ၅၅ ရက် ကြာမြင့်သည့် ထိုးစစ်အပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ထိုစခန်းကို AA က သိမ်းပိုက်ချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ထွက်ပြေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရန်ကြိုးစားစဉ် လမ်းခုလပ်တွင် သူ့အား ဖမ်းမိကြောင်း ဒီဇင်ဘာ ၁၁ နံနက်အစောပိုင်းတွင် AA ကကြေညာသည်။

AA က ထုတ်ပြန်သည့်ရုပ်သံတွင် တချိန်က မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်သည် AA တပ်သားများရှေ့ ဒူးထောက်အညံ့ခံနေခဲ့သည်ကို တွေ့ရသည်။

အနိုင်မရသည့်တိုက်ပွဲများ၊ ဒူးထောက်အညံ့ခံမှုများနှင့် စစ်သုံ့ပန်းများက ဗိုလ်မှူးချုပ်သူရိန်ထွန်း အတွက် အဆန်းတကျယ်မဟုတ်။

သူ ကိုယ်တိုင်သည် ပြီးခဲ့သည့်နှစ်များအတွင်းက နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့မှ စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်သူများကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ခဲ့သူအဖြစ် ကျော်ကြားသည်။

သံသရာစက်ဝန်းက တစ်ပတ်ပြန်လည်ခဲ့ပြီး သူကိုယ်တိုင် စစ်သုံ့ပန်းဖြစ်လာခဲ့သည်။

မန္တလေးမှသည်မောင်တောဆီသို့

‘တေဇ-၂၂’ ဟု စစ်တပ်အသိုင်းအဝိုင်းက ခေါ်ကြသည့် အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၂၂ ဆင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နေပြည်တော်မှ အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုရရန် စစ်တပ်ကိုဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။



အာဏာသိမ်းခါစ ၂၀၁၁ တွင် သူသည် ဗိုလ်မှူးကြီးရာထူးဖြင့် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိနေသည်။ ထို့နောက် တိုင်းစစ်ဦးစီးချုပ်ဖြစ်လာပြီး စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရနှင့် ဆက်ဆံရသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိ ဖြစ်ခဲ့သည်။

စစ်တပ်ထိန်းချုပ် သတင်းစာများ၏ဖော်ပြချက်အရ သူ၏အရေးပါမှုသည် ဝန်ကြီးချုပ်အဆင့် ရှိသည့် မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌပြီးနောက် ဒုတိယနေရာတွင်ရှိသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိနေစဉ် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများအား ဖမ်းဆီးထောင်ချခဲ့ပြီး စစ်ကျောရေးစခန်းများတွင် ရက်ရက်စက်စက် နှိပ်စက်ညှဥ်းပန်းမှုများကို ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ခဲ့သည်ဟု မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

“(ဆန့်ကျင်သူတွေအပေါ်) မန္တလေးမှာ (စစ်တပ်ကကျူးလွန်ခဲ့တဲ့) ရက်စက်ယုတ်မာမှု အရာအားလုံးက သူနဲ့ အားလုံးသက်ဆိုင်တယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် နန်းတွင်းစစ်ကြောရေးစခန်းကို ဗိုလ်မှူးချုပ်သူရိန်ထွန်း ဦးဆောင်ခဲ့သည်ဟုလည်း မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

ထိုအချက်ကို ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်ကလည်း ထောက်ခံခဲ့သည်။

အာဏာသိမ်းမှု ဆန့်ကျင်သည့် အရပ်သားများကို ၂၀၂၁ မတ်လအတွင်းက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-Myanmar Now)

“အာဏာသိမ်းပွဲတွေစတဲ့အချိန်မှာ (ဆန့်ကျင်သူတွေကို) တော်တော်ရက်ရက်စက်စက် လုပ်တယ် ဆိုတာတော့ သိရတယ်။ ပြီးတော့ သူက ခိုင်းရင်ခိုင်းသလိုလုပ်တဲ့သူ” ဟု စစ်သက် နှစ် ၂၀ ရှိသူ၊ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ဝင်လာသည့် ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်း၏သြဇာသည် မန္တလေးမြို့ကိုကျော်လွန်ပြီး နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းထဲမှ စစ်ဆင်ရေးများတွင်လည်း သက်ရောက်ခဲ့သည်။ ၂၀၂၂ သြဂုတ်လ အတွင်းက စစ်တပ်က ထုတ်ပြန်သည့်သတင်းတစ်ပုဒ်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မန္တလေးနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှ ဘက်ပြောင်းခိုလှုံလာသည့် ဒေသတွင်း လက်နက်ကိုင်တပ် PDF အဖွဲ့ဝင်များအရေး  ဦးဆောင်ကိုင်တွယ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဒေသတွင်းလက်နက်ကိုင်တပ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်အချို့၏အဆိုအရ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ‘ပျူစောထီး’ ဟုခေါ်သည့် အရပ်သားများကိုစစ်သင်တန်းပေးကာ စစ်တပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခိုင်းသည့် ပြည်သူ့စစ်ဗျူဟာကို နိုင်ငံအလယ်ပိုင်းတွင် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သူဟုလည်း ဆိုသည်။

ထိုအတွေ့အကြုံကိုအခြေခံပြီး နိုင်ငံအနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ မူဆလင်များကို စစ်သင်တန်းပေးကာ စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းရန် ၂၀၂၂ တွင်စစ်ခေါင်းဆောင်များက တာဝန်ပေးခဲ့သည်။

စစ်တပ်က ဒေသတွင်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်ခိုင်းသည်ဟု ရခိုင်တပ် AA ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့အပြီး နှစ်နှစ်ကျော်ကြာမြင့်ချိန် ၂၀၂၄ ဒီဇင်ဘာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်း ဦးစီးခဲ့သည့် စစ်စခန်းများနှင့် နောက်လိုက်စစ်သည်များသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူကိုယ်တိုင်လည်း စစ်သုံ့ပန်းအဖြစ် ဒူးထောက်အညံ့ခံခဲ့ရသည်။

တချိန်က နိုင်ငံအလယ်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်၊ ယခု AA စစ်သုံ့ပန်း ဗိုလ်မှူးချုပ်သူရိန်ထွန်းကို သူ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးခဲ့သူများအတွက် တရားမျှတမှုရရန် လိုလားကြောင်း မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

“သူ ဘယ်လောက်ရက်စက်ခဲ့လဲ၊ ဘယ်လောက်အထိယုတ်မာခဲ့သလဲဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း ခံစားခဲ့ရတယ်…သူ့ကို နိုင်ငံတကာစစ်ခုံရုံးအထိ ပို့နိုင်အောင် ကြိုးစားရမယ်” ဟု ၎င်းက ဆိုသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *