မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တို့က မြို့၏ ဧရိယာအများစုကို ထိန်းချုပ်ထားပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
သီတင်းတစ်ပတ်ကျော်ကြာမြင့်လာသည့် တိုက်ပွဲအတွင်း မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။
ဗန်းမော်မြို့သည် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းများဖြစ်သော ခလရ၂၃၆၊ ၄၇ နှင့် အမြောက်တပ်များဖြစ်သည့် အမတ (၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်း ခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။
စကခ-၂၁ နှင့် ခလရ၂၃၆ အပါအဝင် လက်ရုံးတပ်အများစုမှာ ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့ သို့ သွားသည့်လမ်းမပေါ်တွင် အများစုရှိပြီး ခလရ ၄၇ မှာ ဗန်းမော်မြို့တောင်ဘက် မံစီမြို့ဘက်သို့ သွားသည့် လမ်းကြောင်းပေါ်တွင်ရှိသည်။
အဆိုပါ တပ်ရင်းဌာနချုပ်များတွင် မည်သည့် တပ်ရင်းများကို သိမ်းပိုက်ရရှိထားကြောင်း အတည် မပြုနိုင်သေးသော်လည်း စကခ-၂၁ ဌာနချုပ်နှင့် ခလရ ၄၇ အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ မြို့ပေါ်ရှိ နေရာအများစုတွင် မီးလောင်နေပြီး တိုက်ပွဲဖြစ်ပွားသံများ ကို စကခ-၂၁ အနီးနှင့် မြို့တောင်ဘက်တွင် အဓိက ကြားနေရသည်ဟု ဗန်းမော်ဒေသခံ အမျိုးသမီး တစ်ဦးက မြို့မှထွက်ခွာလာသူတချို့ကို ကိုးကားပြီး ပြောသည်။
“ မြို့ကို လှမ်းမြင်ရတဲ့အခြေအနေကတော့ မီးခိုးတွေအူတက်နေတာပဲဆိုပြီးပြောတယ်၊ မံစီဘက် ထွက်တဲ့နေရာလည်း ပစ်နေတုန်းတဲ့ စကခ ဘက်လည်း ပစ်နေတုန်းလို့ပြောတယ်၊ လေယာဉ်ကတော့ နေ့တိုင်းပဲ၊ မီးတွေလည်း တော်တော်လောင်ကုန်ပြီ” ဟု သူက ပြောသည်။
မြို့၏ အရှေ့ဘက် စကခ-၂၁ ရှိရာ နောင်ခိုရပ်ကွက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ် က အဆိုပါရပ်ကွက်နှင့် မြို့တောင်ဘက်ရှိ ခလရ ၄၇ ရှိရာ နေရာများကို ဦးတည်ပြီး ဗုံးကြဲနေသည်ဟု သိရသည်။
ထို့ပြင် မြို့ထဲရှိ ခွန်သာ၊ နည်းပညာတက္ကသိုလ်ရှိရာ ခိုကျင်ရပ်ကွက်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ် ပွားနေပြီး စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပျက်စီးသွားသည့် အဆောက်အဦများထဲတွင် ကျောင်း၊ ဟိုတယ်တို့လည်း ပါဝင်သည်ဟု သိရသည်။
ဒီဇင်ဘာ ၄ ရက်မှစတင်ကာ ဗန်းမော်မြို့နှင့် မံစီမြို့များကို အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့က KIA နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်။
ဗန်းမော်မြို့တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်က လေကြောင်းအပြင် နည်းပေါင်းစုံဖြင့် ခုခံနေသည်ဟု သိရ သော်လည်း မြေပြင်အခြေအနေများကို အသေးစိတ်မသိရသေးဟု ဆိုသည်။
“ဗန်းမော်ဘက်က တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်၊ တနေ့တခြားကတော့ ပိုမိုပြီးမှ ပြင်းထန်လာ ပါတယ်၊ တခြားထူးခြားမှုတော့ ကျွန်တော်တို့ မကြားမိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးနေပြီး ဒေသခံ သေဆုံးမှု အရေအတွက်လည်း တိုးမြင့်လာကြောင်း ဗန်းမော်မြို့အခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Banmaw Scout Team အဖွဲ့က ထုတ်ပြန်သည်၊ ၈ ရက်ကြာ ဗန်းမော်တိုက်ပွဲအတွင်း သေဆုံးသူ ဒေသခံ ၅၀၀ ကျော်အထိ ရှိနေပြီဟု ဆိုသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ တိုက်ပွဲကြီးဖြစ်သည့်အတွက် နှစ်ဖက်ထိခိုက်မှုများ အပြင် ဒေသခံသေဆုံးမှုများလည်း ရှိနိုင်ကြောင်း ပြောသည်။
“ တိုက်ပွဲကြီးဆိုတော့ ထိမှာပါ နှစ်ဘက်လုံးကတော့ ထိမှာပါ၊ ဒါပေမယ့် ဘယ်လို၊ ဘယ်နှစ်ယောက်ဆို တာကတော့ ကျွန်တော်တို့ ကောင်းကောင်းမကြားရပါဘူး”
ဗန်းမော်မြို့လူဦးရေ၏ အများစုမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဒီဇင်ဘာ ၄ ရက်မှ စတင်ကာ နည်းလမ်း ပေါင်းစုံဖြင့် မြို့မှထွက်ခွာသွားကြပြီဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မြို့တွင်း ဆက်လက် နေထိုင် သူများလည်း ရှိနေသည်။
ဗန်းမော်မြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် မြေပြင်အခြေအနေ များကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြှင့်လာခဲ့သည်။
စက်တင်ဘာလက ကချင်ပြည်နယ် အရှေ့မြောက်ဘက်တွင်ရှိသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များကို KIA က တိုက်ခိုက်ရှင်းလင်းခဲ့သည်။
လက်တလော ကချင်ပြည်နယ်ရှိ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေချိန်တွင် ဗန်းမော်မြို့ နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေသည်။
ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် တို့ကို သိမ်းပိုက်ထားနိုင်သည်။