ဒီဇင်ဘာလ ၁၁ ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းဆပ်ကော်မတီ ၇ ခုတို့မှ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဒေသ ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီး အဆင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီက ချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများတွင် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကဏ္ဍအသီးသီး ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ခွင့်ပြုဘဏ္ဍာငွေများပေါ်မူတည်၍ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများက ကြိုးစားအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းဒေသကြီး/ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဖော်ဆောင်ရာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက် စေရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ပိုမိုခိုင်မာလာစေရန်အတွက် မူဝါဒများခိုင်မာမှု၊ ညှိနှိုင်းပေါင်းစပ် တာဝန်ယူ ဆောင်ရွက်မှု၊ အစိုးရနှင့် ပြည်သူပူးပေါင်းပြီး အားတက်သရော ဆောင်ရွက်မှုတို့ လိုအပ် ပါကြောင်း။
မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအား စိစစ်ပြီး ဗဟိုကော်မတီသို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျာထားရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို စိစစ်အတည်ပြုမည်ဖြစ်၍ ပမာဏတိုးမြှင့်လျာထားသည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် တိုးမြှင့်လျာထားရသည့် အကြောင်းအရင်းများကို အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လက်ရှိဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများ၊ ရန်ပုံငွေတိုးမြှင့် လျာထားရသည့် အကြောင်းအရင်းများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများ၊ အားသာချက်၊ အားနည်းချက် များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။