ylliX - Online Advertising Network

ထိုင်းငါးဖမ်းသမား ၄ ယောက် နှစ်ကူး ပြန်လွတ်မြောက်ဖို့ ထိုင်းဝန်ကြီးချုပ်မျှော်လင့်



မြန်မာစစ်တပ်က ဖမ်းထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ရေးကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိပြီး နှစ်သစ်ကူး အစောပိုင်းမှာ လွတ်လာနိုင်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra အရိပ်အမြွက် ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေတဲ့အတွက် ကြံ့ကြာနေတဲ့အကြောင်းနဲ့၊ ငါးဖမ်းသမား ၄ ယောက်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။

ထိုင်းငါးဖမ်းသမားတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ တခြား မြန်မာနိုင်ငံသား ၂၇ ယောက်ရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ရနောင်းနဲ့ မျက်နှာချင်းဆိုင် ကော့သောင်းဘက် မြန်မာရေပိုင်နက်ထဲ ဝင်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ပြီး မြန်မာစစ်တပ်က ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် လွှတ်တော်အမတ် Wiroj Lakkhanaadisorn ကတော့ မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ လိုအပ်တာထက် လွန်လွန်ကျုးကျူး တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို လာမယ့် ၂၀ ရက်နေ့ ထိုင်းနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ ဒီကိစ္စကိုဆွေးနွေးဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai ကို တိုက်တွန်းနေပါတယ်။ မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးတဲ့အချိန် သေဆုံးသွားတဲ့ ငါးဖမ်းသမားအတွက် မြန်မာဘက်က လျော်ကြေးပေးရေး တောင်းဆိုဖို့လည်း သူက တိုက်တွန်းနေပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *