ylliX - Online Advertising Network
ပခုက္ကူမှ ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက် - Myanmar Now

ပခုက္ကူမှ ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက် – Myanmar Now


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက် စီးနင်းရာ လေကြောင်းပစ်ကူ အများအပြားကြားမှ သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုရှိသည်ဟု ပါဝင်တိုက်ခိုက်သည့်အဖွဲ့များထံက သိရသည်။

ဒီဇင်ဘာ ၁၁ ရက် နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက် ကပ်လျက် ရေလာလေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း အခြေစိုက်သော ပျူစောထီးစခန်းကို တစ်နာရီကျော်ကြာ စီးနင်းတိုက်ခိုက်ခဲ့ ကြသည်ဟု အမှတ် (၈) စစ်ကြောင်း စစ်ကော်မရှင်တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသော စခန်းကို ၃ တပ် ပေါင်းထားသော အမှတ် (၈) စစ်ကြောင်းနှင့် အခြားတပ်ဖွဲ့များက  စီးနင်းခဲ့ကြခြင်းဖြစ်သည်။

“အဲဒီနေရာနဲ့ ကပ်လျက်နေရာမှာ တပ်စွဲအထိုင်ချထားတဲ့နေရာတွေများတယ်။ ရန်သူ့ဘန်ကာတွေကို တစ်ဆင့်ချင်း ဖြိုတယ်။ နေရာတွေကို ရှင်းလင်းရေးလုပ်တယ်။ ပျူခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တယ်။ အဲဒီအချိန်မှာပဲ လေယာဉ် ပစ်ကူနဲ့ ရန်သူကနေ ချေမှုန်းတယ်” ဟု အမှတ် (၈) စစ်ကြောင်း မှ တာဝန်ရှိသူက ဆိုသည်။ 

အဆိုပါစခန်းကို စီးနင်းတိုက်ခိုက်နေစဉ် လေတပ်က ၄ ကြိမ် လာရောက်ပစ်ကူသည်၊ တော်လှန်ရေး တပ်ပေါင်းစုအနေဖြင့် ပြန်မဆုတ်ဘဲ အထိုင်ချစခန်းနှင့် ဘန်ကာများကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

PLA ကလည်း တိုက်ပွဲသတင်း ယနေ့ ထုတ်ပြန်ရာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် ပျူစောထီးများနှင့် ဘန်ကာများချေမှုန်းရေး တာဝန်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းကွင်းနှင့် လျှပ်စစ်လွှတ်ထားသည့် သွပ်ဆူးကြိုးများကို ကျော်ဖြတ်ပြီး တစ်နာရီခန့်အကြာတွင် ကျောင်းဝန်းအတွင်း ဘန်ကာများနှင့် ရွာလယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်း SRF တပ်မှ အသက် ၂၁ နှစ်အရွယ် ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော် ဟိန်းမင်းခန့်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ  အသက် ၂၀ ဝန်းကျင် ရဲဘော်ကိုထက်တို့   သေဆုံးခဲ့သည်ဟု သိရသည်။

ရေလာလေးရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သူနှစ်ဦးဖြစ်သော  SRF တပ်ဖွဲ့မှ ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော် ဟိန်းမင်းခန့်၊ PLA မှ ရဲဘော်ကိုထက် ။ (ဓာတ်ပုံ- အမှတ် (၈) စစ်ကြောင်း၊ PLA)

ဒေသခံ ၃ ဦး၊ တော်လှန်ရေးအဖွဲ့ဘက်မှ ၃ ဦး  ဒဏ်ရာရသည်ဟု အမှတ် (၈)  စစ်ကြောင်းထံက သိရသည်။

အမှတ် (၈) စစ်ကြောင်းသည် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

ပူးပေါင်းတိုက်ခိုက်သည့်အဖွဲ့များမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)  အနောက်မြောက်စစ်ဒေသ ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပခုက္ကူခရိုင် ဒေသအခြေစိုက်တပ်ဖွဲ့၊ ကမ္မတော်လှန်ရေးတပ်ဖွဲ့ (Kamma Revolution Force)၊ Earthquake People’s Defence Force တို့ ဖြစ်သည်ဟု သိရသည်။

ပျူစောထီးအဖွဲ့ဝင် ၆ ဦးခန့် သေဆုံးကာ ၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ M2 ကာဘိုင် ၁၂ လက်၊ ရှော့ဂန်း ၃ လက်၊ လက်လုပ် ၁ လက်၊ ကျည် ၁၀ ဘောက်၊ ကျည်မျိုးစုံ ၂၀၀၀ ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ 

ထို့ပြင် ဂျန်ဘာ စက် ၁ လုံး၊ ဖုန်း ၈ လုံး၊ မီးစက် ၁ လုံး၊ ရေစက် ၁ လုံး၊ ဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၁ ရံ၊ ရေခဲသေတ္တာ ၁ လုံး၊ ကား ၁ စီး၊ ကျပ် ၁၄၅ သိန်း၊  ၁၀၂ ဒေါ်လာ၊ ထိုင်းဘတ် ၇၀ တို့ကို ရရှိခဲ့သည်ဟု PLA ထုတ်ပြန်ချက်က ဆိုသည်။

သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များတွင် ပြည်သူ့စစ်တံဆိပ်များ၊ စစ်ကောင်စီလက်ရုံးတပ် ဘက်တံဆိပ်ပါ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်းများကိုပါ တွေ့ရသည်။ 

ပျူစောထီး ခေါ် ပြည်သူ့စစ်များကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး ကာဘိုင်သေနတ်များ တပ်ဆင်ပေးထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ပစ္စည်းများ။ (ဓာတ်ပုံ- အမှတ် (၈) စစ်ကြောင်း)





Source link

Leave a Reply

Your email address will not be published. Required fields are marked *