တရုတ်−မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များကို ယနေ့ (ဒီဇင်ဘာ ၁၃)တွင် တရုတ်အစိုးရက ပြန်ဖွင့်ပေးလိုက်သော်လည်း ဖြတ်သန်းခွင့် မရသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။
ကချင်ပြည်နယ် ပန်ဝါမြို့၊ ကံပိုင်တည်မြို့များကို KIAက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ တရုတ်အစိုးရက နယ်စပ်ဂိတ်များကို အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
တရုတ်က ဂိတ်များကို ပြန်ဖွင့်လိုက်ပြီဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
“နယ်စပ်ဂိတ်တွေကတော့ တံခါးတွေ၊ ဝါးလုံးတွေ ဖွင့်တာတော့ရှိပါတယ်။ ဒါပေမယ့် လူတွေ အဝင်၊ အထွက်ကတော့ ခွင့်မပြုဘူး။ ကားတွေအဝင်အထွက်လည်း ခွင့်မပြုဘူး။ တခြားကုန်စည်စီးဆင်းမှု တွေလည်း ခွင့်မပြုဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မည်သည့်အချိန်တွင် ဖြတ်သန်းခွင့်ပြုမည်ကို မသိရသေးပေ။
ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းလည်း ပြန်ဖွင့်သည့်အထဲ ပါဝင်သည်ဟု သိရသည်။ တရုတ်−မြန်မာနယ်စပ် ကံပိုင်တည်မြို့ကို နိုဝင်ဘာ တတိယပတ်အတွင်း KIA က သိမ်းပိုက်ထားခြင်း ဖြစ်သည်၊
စစ်ကောင်စီတပ်၏ ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်အတွင်း ဆုံးရှုံးမှုများပြားလာပြီး KIA ၏ ထိုးစစ်အရှိန်မြင့်လာချိန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအပါအဝင် KIO/KIA ခေါင်းဆောင်များကိုတရုတ်အစိုးရက ခေါ်ယူဆွေးနွေးနေသည်။
ယခု နယ်စပ်ဂိတ်များ ပြန်ဖွင့်ခြင်းသည် အဆိုပါ ဆွေးနွေးပွဲ၏ ရလဒ်ဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဆွေးနွေးပွဲကတော့ ဘာမှမကြားရသေးဘူး။ မနေ့ကတော့ တွေ့တော့ တွေ့တယ်။ ပြန်မလာသေးဘူး။ တရားဝင် အကြောင်းကြားတာတော့မရှိပါဘူး”ဟု ၎င်းက ပြောသည်။
ကုန်သွယ်ရေးဂိတ်များ ပိတ်ထားခြင်းကြောင့် ဒေသတွင်း ကုန်စျေးနှုန်းပြန်ကျနိုင်ကြောင်း လွယ်ဂျယ်နယ်စပ်မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ကောက်ချက်ချသည်။
“နယ်စပ်ဂိတ်ကမဖွင့်၊ မြန်မာပြည်ကနေလည်း စစ်ကောင်စီ ဘက်ကနေ ပေးမထွက်တော့ လက်ရှိကိုယ့်မြို့မှာရှိနေတဲ့ကုန်တွေက အဆမတန် ဈေးတွေမြင့်တက်သွားတာ။ ဂိတ်တွေပြန်ဖွင့်ရင် အခြေခံလူတန်းစားကအစ အလွှာအသီးသီးမှာတော့ အဆင်ပြေသွားနိုင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
နယ်စပ် ကုန်ပစ္စည်း အဝင်အထွက် ပိတ်ထားခြင်းသည် နှစ်နိုင်ငံလုံးအတွက် နစ်နာသည်ဟု လေ့လာသူများက ထောက်ပြသည်။ မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသည့် ကျောက်စိမ်း၊ သစ်မျိုးစုံကို တရုတ်ဘက်က အဆက်မပြတ် ဝယ်ယူခဲ့သလို မြေရှားသတ္ထုကိုလည်း နယ်စပ်ဖြတ်ပြီး ပမာဏ အများအပြား ဝယ်ယူခဲ့သည်။
KIAသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်ရာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှနှင့် မိုးမောက်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင်း တိုက်ပွဲများရပ်ရန် တရုတ်က ဘက်ပေါင်းစုံမှ ဆွေးနွေးညှိနှိုင်းနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောဆိုထားသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များ လုံခြုံမှုအတွက်လည်း ဆွေးနွေးနေသည်ဟု Mao Ning က ဆိုသည်။
တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် အောက်တိုဘာလလယ်ပိုင်းက တွေ့ဆုံခဲ့သေးသည်။
ထိုတွေ့ဆုံမှုတွင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မှုမလုပ်ရန် တရုတ်က သတိပေးခဲ့သည်ဟု Myanmar Now သတင်းရင်းမြစ်တို့ကဆိုသည်။
တရုတ်အစိုးရက ကိုးကန့်တပ် MNDAA၊ ‘ဝ’ တပ် UWSA နှင့် တအာင်းတပ်TNLA တို့ကိုလည်း အာဏာသိမ်းစစ်ကောင်စီကို ထိုးစစ်ဆင်နေမှု ရပ်ရန် အလားတူဖိအားပေးခဲ့သည်ဟု သိရသည်။