ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်တန့်နေခဲ့တာပါ။ စစ်ကောင်စီကိုတော်လှန်ရေးမှာမပါဝင်ဘဲ တပ်ဖွဲ့အကျိုးစီးပွားကိုသာ အားစိုက်လုပ်ဆောင်နေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ( KNU / KNLA – PC)၊ နယ်ခြားစောင့်တပ် (BGF) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့က ဘုရားသုံးဆူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နေကြတာမျိုးပါ။ စစ်ကောင်စီတပ်တွေကတော့ တိုက်ခိုက်ခံရမှာစိုးလို့ အပြင်မထွက်ဘဲ တပ်ရင်းများမှာသာ နေနေရတဲ့အခြေအနေဖြစ်ပါတယ်။ခုလိုအခြေအနေရှုပ်ထွေးမှုနှင့် ငွေပေးရင်အကုန်ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာတော့ တရုတ်နိုင်ငံသားအများစုဖြစ်တဲ့ အွန်လိုင်းငွေလိမ်အုပ်စုတွေဟာ သုံးဆူနယ်စပ်မြို့လေးကို ပြောင်းရွှေ့လာနေကြပါပြီ။ ကျားဖြန့်အမှုမှာ ထင်ရှားပြီးသားဖြစ်တဲ့ မြဝတီရွှေကုက္ကိုလ်မြို့သစ်မှာတော့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ကျားဖြန့်တွေရုပ်သိမ်းဖို့ တရုတ်နိုင်ငံသားတွေထွက်ခွါဖို့ ကြေငြာခဲ့ရာမှစပြီး အခုလို ဘုရားသုံးဆူဘက်ပြောင်းရွှေ့လာမှုတွေ အလုံးအရင်းနဲ့ ဖြစ်ပေါ်လာပါတယ်။ ပြောင်းရွှေ့လာသူတွေဟာ ကိုးကန့်ဒေသတရုတ်တွေ၊ ကျားဖြန့်ဂိုဏ်း ထိပ်ပိုင်းခေါင်းဆောင်တရုတ်နိုင်ငံသား ၆၀၀ လောက်နဲ့ အောက်ခြေဝန်ထမ်းအများအပြားပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တရုတ်ကျားဖြန့်လုပ်ငန်း ပြောင်းရွှေ့လာတာနဲ့ အိမ်နှင့်အခန်းငှားခတွေလည်း အဆမတန်မြင့်တက်သွားပြီး ပုံမှန်ထက် ၅ ဆလောက်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်တွေအဓိကငှားနေကြတဲ့နေရာကတော့ မြို့ပေါ်ရပ်ကွက် ၄ ခုအနက်က ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့ဖြစ်ကြောင်း သိရပါတယ်။ တရုတ်လူမျိုးတွေ ပြောင်းရွှေ့လာပြီးနောက် အိမ်ခြံများကိုဈေးကောင်းပေးဝယ်ပြီး စီးပွားရေးမျိုးစုံလုပ်ကြရာမှာ အစားအသောက်၊လောင်းကစား၊အလှပြင်ဆိုင်၊ စသည်ဖြင့် အမျိုးစုံ လမ်းမကြီးမှာ ဖွင့်လှစ်ထားကြပါပြီ။တနေရာမှာ နာမည်ကြီးပြီးအာရုံစိုက်ခံရတိုင်း ကျားဖြန့်စီးပွားရေးသမားတွေက အခုလိုပဲ အခြားတနေရာရွှေ့ကြရာမှာ စစ်ရေးနိုင်ငံရေးမတည်ငြိမ်တဲ့ နယ်စပ်ဒေသတွေသာ ၄င်းတို့အခြေစိုက်ရာဖြစ်လာပါတယ်။ ဒေသအုပ်ချုပ်မှုကောင်းကောင်းမတည်ဆောက်နိုင်တဲ့ တော်လှန်ရေးကာလမှာ အခွင့်ကောင်းယူနေကြတာမျိုး ဖြစ်ပါတယ်လို့ ကရင်နိုင်ငံရေး လေ့လာသုံးသပ်သူ စောဘဦးလေးက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ကျားဖြန့်ကိုနှိမ်နင်းဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီနဲ့သာ ပူးပေါင်းဖို့ဆန္ဒရှိတာကြောင့် ဒါဟာ လမ်းကြောင်းမမှန်နိုင်ဘူးလို့ သူက သုံးသပ်ပါတယ်။
အမေရိကန်အင်စတီကျု USIP ကတော့ အရှေ့တောင်အာရှနိုင်ငံပေါင်း ၅၀ ကျော်ကနေ လူကုန်ကူးခံထားရတဲ့ လူတွေဟာ ဒီလုပ်ငန်းတွေမှာ ပိတ်မိအခိုင်းစေခံနေရကြောင်း အစီရင်ခံစာထွက်ထားပါတယ်။ စစ်ပွဲကာလကြာလာသည်နဲ့အမျှ အွန်လိုင်းငွေလိမ်အမှုတွေဟာထိုင်းမြန်မာနယ်စပ်သောင်ရင်းတလျှောက်မှာ ကြီးထွားနေဆဲဖြစ်ပြီး ခုတော့ ဘုရားသုံးဆူမြို့ဟာလည်း နောက်ထပ် ကျားဖြန့်အခြေကျသွားတော့မယ့် နယ်မြေတခုပမာ အခြေအနေမျိုး ဆိုက်ရောက်နေခဲ့ပါပြီ။