ပဲခူးတိုင်းအရှေ့ခြမ်းတွင် စစ်တပ်၏ ဒရုန်း၊ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု၊ အနောက်ခြမ်းတွင် အင်အားရာချီဖြင့် စစ်ကြောင်းများ လှုပ်ရှားနေမှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးရသည်ဟု စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းကပ်လျက် နှောကျေးရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တောင်သူ အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ရေတာရှည်မြို့ခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးအသံက နေ့တိုင်းကြားနေရတာ၊ နှောင်ပင်ရွာဒေသခံအချို့ဆို ရေတာရှည်မြို့ပေါ် ပြောင်း နေကြပြီ။ ရေဘေးနဲ့ စစ်ပွဲနဲ့ဆိုတော့ လူတွေအတော်ဒုက္ခရောက်နေကြတာ” ဟု အသက် ၅၀ ကျော်အရွယ် အဆိုပါအမျိုးသမီးက ပြောသည်။
နှောပင်ကျေးရွာအနီး စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဒီဇင်ဘာ ၆ ရက်က တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်သလို တော်လှန်ရေးအင်အားစုများဘက် မှ ၅ ဦး ခန့် လက်နက်ကြီးထိမှန် ဒဏ်ရာရကြသည်ဟု စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်က လက်နက်ကြီး အားပြုပြီး တိုက်ခိုက်နေသည်ဟု စစ်တောင်းမြစ်တစ်ကြော လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်တပ်က စစ်ကြောင်း….ထိုးတော့ ထိတွေ့တိုက်ပွဲတွေတော့ ရှိပါတယ်။ လက်နက်ကြီးကတော့ နေ့စဉ် တော်လှန်ရေးအဖွဲ့တွေ ရှိတဲ့နေရာကို ရမ်းသမ်းထုနေတာတော့ရှိတယ်”ဟု သူက ပြောသည်။
စစ်တောင်းမြစ်တစ်လျှောက် ကျေးရွာများတွင် စစ်ကြောင်းထိုးနေပြီး တော် လှန်ရေးတပ်ဖွဲ့များ ရှိမည်ဟုယူဆသည့် ရိုးမအနီးရှိ ကျေးရွာများသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ် ခတ်နေသည်ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လှုပ်ရှားနယ်မြေများထဲ ပါဝင်သည်။ညောင်လေးပင်ခရိုင် ကျေးရွာများကိုလည်း ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးအပါအဝင် ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ် များလည်း ပျက်စီးခဲ့ကြောင်း KNU က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
အောက်တိုဘာနှင့်နိုဝင်ဘာအတွင်း စစ်ကောင်စီ၏ တောင်ပိုင်းစစ်ဌာနအခြေစိုက်တပ်များက KNU နယ်မြေ များအတွင်းသို့ လက်နက်ကြီး အလုံး ၂၀၀ ကျော်၊ လေယာဉ်ဖြင့် ဗုံး ၂ လုံး၊ ဒရုန်းဖြင့် ၃၇ ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၃ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရသည်၊ အိမ် ၁၆ လုံး၊ ဆေးခန်း ၂ ခန်း၊ ဘုရားကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများက ထိခိုက်သူတို့ကို အကူအညီပေးရန် ကော်မတီက တိုက်တွန်း တောင်းဆိုထားသည်။
အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ဝင်နေသည့် ပဲခူးရိုးမ အနောက်ဘက်ခြမ်း
KNU နှင့် PDF များလှုပ်ရှားသည့် ပဲခူးအရှေ့ခြမ်းတွင် စစ်ကြောင်းထိုးမှု နည်းပါးသော်လည်း PDF တပ်ဖွဲ့ အများအပြား လှုပ် ရှားသည့် ပဲခူးအနောက်ခြမ်းတွင်မူ ဒီဇင်ဘာ ၄ ရက်မှစတင်ကာ ရိုးမတောင်ခြေတလျှောက် ကျေးရွာများ အနီး စစ်ကြောင်း ထိုးနေသည်။
အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်း ၅ ကြောင်းသည် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်း မြို့နယ်တို့မှ တစ်ဆင့် ပဲခူးရိုးမ တောင်ခြေသို့ ထိုးစစ်ဆင်နေသည်ဟု PDF ထံက သိရသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် ရိုးမပေါ်သို့ မတက်သေးဘဲ တောင်ခြေရှိ ရွာအချို့မှ နေအိမ်များ ကို လှည့်ပတ်မီးရှို့နေကြောင်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောသည်။
မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ငြင်းဆိုလေ့ရှိသည်။
ရိုးမပေါ်မှနေ၍ ရွာများဘက်သို့ PDF များ စစ်ရေးချဲ့ထွင်လာပြီးနောက် စစ်တပ်ကလည်း နယ်မြေကာသည့် အနေဖြင့် ရွာများအနီးတွင်သာ စစ်ကြောင်းထိုးနေသည်ဟု သာယာဝတီခရိုင် အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၂)မှ တပ်ခွဲမှူး ကိုနဂါးလေးက ပြောသည်။
“ပဲခူးရိုးမပေါ်တော့ (စစ်တပ်) ရောက်မလာနိုင်ဘူး၊ ရိုးမအောက်ဘက်ခြမ်း မြို့နားနီးတဲ့ ရွာတွေ နယ်နမိတ် မှာပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က ရိုးမပေါ်သို့ မတက်သေးသလို တော်လှန်ရေးတပ်ဖွဲ့ များကလည်း လက်ပံတန်း၊ အုတ်ဖို၊ နတ်တလင်းမြို့များကို မသိမ်းနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
နတ်တလင်းမြို့နယ်ဝန်းကျင်တွင် အင်အားရာနှင့်ချီရှိနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ လှမ်းမြင်နိုင်သည့်အကွာအဝေးတွင် ရှိနေကြသော်လည်း တိုက်ပွဲ မဖြစ်သေးဘဲ အပြန်အလှန်စောင့်ကြည့်နေသည်။
“ချုံပုတ်တွေကြားမှ ဝပ်နေရပါတယ်၊ နေ့တိုင်းလိုလို တစ်ပတ်လောက်တော့ရှိပြီ။ (စကစက) လက်နက် ကြီးနဲ့ ထုလိုက်၊ ဒရုန်းနဲ့ပစ်လိုက်” ဟု ကိုနဂါးလေးက ဆိုသည်။
စစ်ကြောင်းများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတ်ကွင်းနယ်နမိတ်နှင့် ရိုးမပေါ်သို့ ရောက်ရှိမလာသေး ၍ ကင်းဝပ်စောင့်နေဆဲဖြစ်ပြီး ရှေ့တိုးလာပါက တိုက်ပွဲများ ဖြစ်လာနိုင် ၎င်းက ဆက်ပြောသည်။
ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အကြား စစ်တပ်သည် ဒရုန်းဖြင့် ဗုံးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရိုးမအနီး ကျေးရွာများမှ ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်တပ်က လမ်းပေါ်တွင် ပစ်သတ်ရာမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်သည် စစ်မျက်နှာ များစွာ ဖွင့်ထားရသည်၊ စစ်သားများမှာ တပ်စခန်းများထဲတွင်သာ ရှိနေတတ်ပြီး လက်နက်ကြီးအသုံးပြုမှု ပိုများလာသည်။
အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် မလှမ်းမကမ်းတွင်တည်ရှိသော ပဲခူးရိုးမအတွင်း PDF များ ဝင်ရောက်အခြေချနေသဖြင့် စစ်ကောင်စီတပ်က လည်း စစ်ကြောင်း ထိုး၍ ရှင်းလင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ပဲခူးရိုးမ အရှေ့ဘက်တွင် တောင်ငူ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်တို့ရှိပြီး အနောက်ဘက်တွင် မကွေး ၊ သရက်၊ ပြည်၊ သာယာဝတီခရိုင်တို့ရှိသည်။ မြောက်ဘက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဗဟိုချက် ဖြစ်သည့် နေပြည်တော် ရှိသည်။