စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ရှိ ဂျပန်လှိုဏ်ဂူကုန်း စခန်း ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခံနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။အဲ့ဒိစခန်းဟာ အင်းတော်မြို့မှာ သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ စခန်း ၂ခုအနက် ၁ခုဖြစ်ပြီး ဒီဇင် ဘာလ ၁၁ ရက် ညနေပိုင်းကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပြီး ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းသာကျန်ရှိနေတာဖြစ်ပါတယ်။ဂျပန်တွေ မြေအောက်ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးတဲ့ နောက်ဆုံးလက်ကျန်စခန်း ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းဟာ တောင်ကုန်းပေါ်မှာ တည်ရှိပြီး လှိုဏ်ခေါင်းတွေလည်း ရှိနေတာကြောင့် စစ်အုပ်စုဟာ အဲဒီနေရာတွေကနေ လက်နက်အင်အားဖြည့်တင်းကာ အခိုင်အမာအထိုင်ချပြီး ခုခံနေတာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက ဂျပန်လှိုဏ်ဂူကုန်းမှာရှိနေတဲ့ စစ်အုပ်စုအဖွဲ့ တွေကုန်းအောက်ကို ဆင်းလာလို့မရအောင် လနဲ့ချီပိတ်ဆို့ ထားတာဖြစ်ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေပါပစ်ကူပေးနေတယ်လို့ သိရပါတယ်။အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရှိတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီဘက်က ဗန်းမောက်မှ SNA ရှမ်းနီစစ်သား ရာပေါင်းများစွာဖြင့် အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။မြို့သိမ်းတိုက်ပွဲစတင်တဲ့ ဩဂုတ်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ် (SNA) တို့ဟာ ဒေသခံ ဘုန်းကြီးကျောင်းတကျောင်းမှာ ပြည်သူ ၈၀၀ခန့်ကိုဖမ်းဆီးထားခဲ့ပြီး ဒေသခံအမျိုးသမီး ဒါဇင်ကျော်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ အဲ့ဒီဘုန်းကြီးကျောင်းကနေ လွတ်မြောက်လာတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဒေသခံ ၂ သောင်းကျော် အင်းတော်မြို့နယ်မှ ထွက်ပြေးနေရပြီး စက်တင်ဘာလမှာ ပြင်းထန်တဲ့တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။အောက်တိုဘာလ မှာတော့ တိုက်ပွဲများ ရပ်ဆိုင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်မှာ တကျော့ပြန် စတင်ခဲ့ကာ နိုဝင်ဘာလ ဒုတိယပတ်အ တွင်း ပြန်လည်ငြိမ်သက်သွားခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် မနေ့ညက ဂျပန်လှိုဏ်ဂူမှာ ထိုးစစ်ဆင်ပြန်လည်စတင်လာတာဖြစ်ပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) စုပေါင်းပြီးထိုးစစ်ဆင်နေတာလို့ သိရပါတယ်။