ylliX - Online Advertising Network

စစ်ကောင်စီတပ်သားအများအပြားလက်နက်ချတဲ့ရုပ်သံ AA ထုတ်ပြန်



ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အတော်များများ အလံဖြူထောင်လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ပကတိမြေပြင်အခြေအနေဆိုပြီး ရုပ်သံဖိုင်ကို ခေါင်းစဉ်ပေးထားပေမယ့်၊ ဘယ်နေ့နဲ့ ဘယ်နေရာမှာ ရိုက်ကူးခဲ့သလဲဆိုတာကို မဖော်ပြထားသလို ဗွီအိုအေကလည်း သီးခြားအတည်ပြုလို့မရပါဘူး။

အမ်းမြို့အပါအဝင် နယ်မြေအတော်များများကို သိမ်းယူထားပြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တခုပဲ ကျန်တော့တယ်လို့ AA က ပြောဆိုထားတာပါ။ ရုပ်သံဖိုင်ထဲမှာတော့ လက်နက်ချအညံ့ခံတယ်ဆိုသူတွေဟာ အရပ်ဝတ်တွေနဲ့ တွေ့ရပြီး၊ အတော်များများက ဒဏ်ရာရရှိထားပုံရပါတယ်။ မြန်မာစစ်ကောင်စီရဲ့ စစ်တိုင်းဌာနကြီးတခုဖြစ်တဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကိုတော့ အခုနှစ်လယ်ပိုင်းမှာ MNDAA ကိုးကန့်တပ်တွေက သိမ်းယူခဲ့ပြီး စစ်ကောင်စီအဖို့ ပထမဆုံးကျရှုံးတဲ့ စစ်တိုင်းကြီးတခုဖြစ်ပါတယ်။

အခု နပခ ကို အပြင်းအထန်တိုက်ခိုက်ခံနေရပြီး၊ ဒီ စစ်ဌာနချုပ်သာ ကျရင်တော့ စစ်ကောင်စီအဖို့ ဒုတိယမြောက် စစ်တိုင်းကြီးတခု ကျရှုံးမှုဖြစ်မှာပါ။

ရခိုင်မြောက်ပိုင်း မောင်တောမြို့ တိုက်ပွဲမှာလည်း စစ်ကောင်စီ တပ်သားအများအပြား ထိခိုက်ဒဏ်ရာရတာနဲ့ အလံဖြူထောင် လက်နက်ချအညံခံတဲ့ ရုပ်သံတွေကို AA ဘက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှုး ဗိုလ်မှုးချုပ်သူရိန်ထွန်းနဲ့ အရာရှိ စစ်သည် အများအပြား ဖမ်းဆီးခံရတဲ့ပုံတွေကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့မောင်တောမြို့နယ်တွေကို ဒီလအတွင်းမှာပဲ သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။ တဆက်တည်းမှာပဲ အမ်းနဲ့ ဂွမြို့ကိုလည်းကိုလည်း အရှိန်မြင့်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ AA အာရက္ခတပ်တော်အနေနဲ့ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တွင်း ၁၂ မြို့နယ်ကို သိမ်းယူထိန်းချုပ်ထားပြီးဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *