စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ထိုင်းငါးဖမ်းစက်လှေမှ ထိုင်းနိုင်ငံသား ၄ ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီးချသော်လည်း မကြာမီပြန်လွတ်မည်ဟု သိရကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် ဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် နံနက်တွင် စစ်ကောင်စီရေတပ်က ထိုင်းငှားဖမ်းစက်လှေ ၄ စီးကို ပစ်ခတ်ရာ ထိုင်းတစ်ဦး သေဆုံးပြီးထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးကို ဖမ်းခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက ထိုင်းနိုင်ငံသားစက်လှေပိုင်ရှင်ကို ခွင့်ပြုချက်မရှိဘဲ မြန်မာရေပိုင်နက်တွင် တရားမဝင်ငါးဖမ်းမှု၊ နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၂ သိန်း၊ အခြားထိုင်း ၃ ဦးကို ထောင်ဒဏ် ၄ နှစ်နှင့် ငွေဒဏ်၃၀,၀၀၀ ကျပ် ချမှတ်ခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံ မြန်မာ ၂၇ ဦးကိုမူ နိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်မှုဖြင့် ထောင်ဒဏ်တစ်နှစ်စီချမှတ်သည်ဟု Khaosod သတင်းက ဖော်ပြသည်။
ထိုင်းငါးဖမ်းစက်လှေဦးစီးက မြန်မာရေပိုက်နက်ထဲ နယ်ကျော်ငါးဖမ်းကြောင်း ဝန်ခံသဖြင့် ထောင်ဒဏ်ကို ဆိုင်းငံ့လိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် ထိုင်းငါးဖမ်းသမားများကို ၂၀၂၅ နှစ်သစ်ကူးတွင် ထိုင်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
ထိုင်း ၄ ဦးကို နှစ်နိုင်ငံနယ်ခြားကော်မတီမှတဆင့် လွှဲပြောင်းပေးဖွယ်ရှိပြီး မြန်မာငါးဖမ်းသမားများကို အကျဉ်းထောင်ထဲတွင်ဆက်လက်ချုပ်နှောင်ထားဖွယ်ရှိကြောင်း ရနောင်း မြန်မာရေလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး လှုပ်ရှားနေသူ ကိုရဲသူက Myanmar Now ကို ပြောသည်။
ထိုင်းငါးဖမ်းစက်လှေတွင် လိုက်ပါအလုပ်လုပ်နေကြသည့် မြန်မာရေလုပ်သားများသည် အလုပ်လုပ်ခွင့် အထောက်အထား အပြည့်စုံရှိသူများဖြစ်ပြီး ပင်လယ်တွင် ငါးဖမ်မည့်နေရာကို ရွေးချယ်ပိုင်ခွင့်မရှိဘဲ ထိုင်းငါးဖမ်းစက်လှေမောင်း၏ မောင်းနှင်ခေါ်ဆောင်မှုကြောင့် နယ်ကျော်ငါးဖမ်းချိန်တွင် ပေါ်ပေါက်သည့် ပြဿနာဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အကျိုးအမြတ်ရတော့ (ထိုင်းငါးဖမ်းလှေပိုင်ရှင်) သူတို့ရတာ၊ ချမ်းသာတော့ သူတို့ချမ်းသာတာ၊ ဖြစ်တော့ခံဟေ့ဆိုရင် ကိုယ်တွေပဲခံရတယ်ဆိုရင် ရေလုပ်သားတွေ အာမခံချက်မရှိဘူး။ ကျွန်တော်တို့အတွက် ဘဝအာမခံချက်မရှိဘူး။ အဲ့ဒါမျိုးဖြစ်သင့်သလား” ဟုကိုရဲသူက မေးခွန်းထုတ်သည်။
ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရသည့် ထိုဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားများလွတ်မြောက်ရန် တောင်းဆိုမှုများရှိသော်လည်း မြန်မာရေလုပ်သားများလွတ်မြောက်ရေးအတွက် ထိုင်းအာဏာပိုင်များက ခေါင်းရှောင်နေကြသည်ဟုလည်း ၎င်းကပြောသည်။
မြန်မာရေလုပ်သားများထောင်ကျနေစဉ် ကျန်ရစ်သည့်မိသားစုဝင်များကို ထောက်ပံ့ကြေးပေးရန်၊ ထောင်မှလွတ်ပါက လုပ်ငန်းခွင့်ပြန်ဝင်ရောက်ရေး အကူညီပေးရန် တာဝန်ရှိသော်လည်း မည်သို့ တာဝန်ယူမည်ကို မသိရသေးဟုလည်း ကိုရဲသူက ဆိုသည်။
မြန်မာရေလုပ်သများသည် မိသားစုအတွက် ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်ကြောင်း၊ ၎င်းတို့ပြန်လွတ်ရန် မျှော်လင့်ထားသလိုနစ်နာမှုအတွက် ထိုင်းအလုပ်ရှင်နှင့် ပတ်သက်ဆက်နွယ်သူများက အပြည့်အဝ တာဝန်ယူသင့်ကြောင်း ဖမ်းဆီးခံရသော မြန်မာရေလုပ်သားတစ်ဦး၏ မိသားစုဝင် နော်သင်းသင်းမွန်က Myanmar Now ကို ပြောသည်။
“မိသားစုအတွက် နစ်နာမှုတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေနဲ့အမေက အသက် ၇၀ ကျော် ၈၀ ကျော်နီးပါးဖြစ်နေပြီလေ။ အဲ့တော့ သူက မိဘကိုလုပ်ကျွေးနေတဲ့သူဖြစ်တဲ့အတွက် ပိုပြီးတော့ ထိခိုက်တာပေါ့နော်။ မိဘတွေလည်းအလုပ်မလုပ်နိုင်တဲ့အရွယ်တွေဖြစ်နေပြီဆိုတော့လေ။ ကျန်းမာရေးလည်း မကောင်းကြဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်းငါးဖမ်းစက်လှေများမှ ခေတ်အဆက်ဆက် မြန်မာရေလုပ်သားများသည် လုပ်ငန်းခွင်ထိခိုက်မှု၊ ဖမ်းဆီးခံရမှု စသည့်ပြဿနာပေါ်ပေါက်လာပါက အာမခံချက်မရှိကြောင်း ၎င်းက ပြောသည်။
“အများသောအားဖြင့်ခံရတာများတယ်။ အခုဆိုရင် အဖမ်းခံထိတယ်။ အဖမ်းခံထိတဲ့အခါမှာ မိသားစုတွေဘက်က နစ်နာတယ်”ဟု နော်သင်းသင်းမွန်က ပြောသည်။
“အချုပ်မှာ သွားတွေ့မယ်ဆိုလို့ရှိရင် အရင်ဦးဆုံးငွေလိုလာပြီ။ သွားလာစရိတ်၊ သူတို့ကိုတွေ့ဖို့ကအစအကုန်လုံးပေါ့နော်။ ကိုယ့်ဘာသာကိုယ် စီစဉ်ရတာ။ သူတို့ဘက်က တာဝန်ယူပေးတာမျိုးမရှိဘူးပေါ့နော်”
သတင်းဌာနများ၏ အာရုံစိုက်ဖော်ပြခြင်းခံရသည့် ယခုဖြစ်စဉ်တွင် ထိုင်းအာဏာပိုင်များ ကိုင်တွယ်မှုကို အများက သတိထားစောင့်ကြည့်နေကြသည်၊ ထိုင်းနိုင်ငံသားများနှင့် စက်လှေကို လွတ်မြောက်ရန် ညှိနှိုင်းပြီး မြန်မာအလုပ်သမားများ လွတ်မြောက်ရန်လျစ်လျူရှုထားပါက လုပ်ငန်းခွင်မညီမျှမှု ဖြစ်စေလိမ့်မည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများက ဆိုကြသည်။