ylliX - Online Advertising Network

ချင်းတွင်းမြစ်ကမ်းဘေး ကနီမြို့နယ်ထဲမှ ကျေးရွာများကို စစ်တပ်ဗုံးကြဲ၊ ၅ ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ည ၉ နာရီဝန်းကျင်တွင် စစ်လေယာဉ်က  ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာ ၂ ရွာကို ဗုံးကြဲခဲ့စဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

မြစ်အထက်ပိုင်း ကျောက်လှေကားရွာကို ၄ ကြိမ် ၊ ထိုမှ မိုင် ၃၀ ခန့်အကွာ မြစ်အောက်ပိုင်းရှိ နတ်ကြီးရွာကို ၅ ကြိမ် ဗုံးကြဲခဲ့ရာ ပေါက်ကွဲမှုများကြောင့် ကျောက်လှေကားရွာတွင်  ဒေသခံ ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရကြသည်။ 

သေဆုံးသူများမှာ ကျောက်လှေကားရွာခံများဖြစ်သော အသက် ၄၈ နှစ်အရွယ် မနွဲ့နွဲ့ဝင်း၊ အသက် ၃၆ နှစ်အရွယ် ကိုကျော်နိုင်လင်း ၊ ၎င်း၏ သမီးနှစ်ဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မရွှေစင်ဝင်းနှင့် အသက် ၁၅ နှစ်အရွယ် မမေမြတ်နိုး၊ အသက် ၁၁ နှစ်အရွယ် မောင်ဇင်ကိုချစ်တို့ ဖြစ်သည်ဟု ဒေသခံအခြေစိုက် တော်လှန်ရေးအဖွဲ့များက ပြောသည်။

သေဆုံးသူများအနက် ၁ ဦးမှာ ဆေးကုသမှုခံယူရန် သွားရောက်စဉ် လမ်းခုလပ်၌  သေဆုံးသွားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၃ နှစ်အရွယ်မူကြိုကလေးငယ် တစ်ဦးအပါအဝင် အသက် ၁၆ နှစ် အောက် ကလေးငယ် ၆ ဦး၊ အသက် ၃၀ နှင့် ၇၀ ကြား အမျိုးသမီး ၃ ဦး ခြေထောက်၊ ပေါင်၊ လက် နှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 

ကျောက်လှေကားရွာလယ်ပိုင်း လူနေအိမ်များတွင် ဗုံးကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးသူ များပြားခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များထံက သိရသည်။

နတ်ကြီးရွာ အထိအခိုက်သိပ်မရှိသော်လည်း ကျောက်လှေကားရွာမှာ အထိနာခဲ့ပြီး လူသေဆုံး ၊ ဒဏ်ရာရ မှုများရှိကာ တိရစ္ဆာန်တချို့လည်း သေဆုံး၍ နေအိမ်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ဆိုသည်။ 

ကနီမြို့နယ်မြောက်ဘက်အစွန်ဆုံး ကျောက်လှေကားကျေးရွာသည် မင်းကင်းမြို့နယ်နှင့် ကပ်လျက်ဖြစ် ကာ တော်လှန်ရေးအင်အားစုများ လှုပ်ရှားသည့်နေရာလည်း မဟုတ်သလို စစ်တပ်က  စစ်ကြောင်းထိုးမှု များလည်း မရှိပေ။

ဒီဇင်ဘာ ၁၆ ရက်ညတွင် လေယာဉ်က ဗုံးကြဲခဲ့သည့်နတ်ကြီးကျေးရွာသည်လည်း စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့မှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ကြုံတွေ့ ထားရသည်ဟု ဒေသခံများကို ကိုးကား၍ သိရသည်။

လေကြောင်းဗုံးကြဲပြီးနောက် ယနေ့ နံနက်အစောတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့) 

ထို့ကြောင့် နတ်ကြီးရွာခံအများစုသည် ရွာအတွင်း မနေထိုင်ကြတော့သဖြင့် လေကြောင်းမှ ဗုံးကြဲချသော် လည်း လူသူထိခိုက်မှု မရှိသော်လည်း ကျန်နေသေးသည့် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သည်။ 

နတ်ကြီးရွာသည် ချင်းတွင်းမြစ်ကို ဖြတ်ကူးသည့် ကူးတို့ဆိပ်ရှိသော ရွာဖြစ်သည့်အတွက် တော်လှန်ရေး သမားများ အဝင်အထွက်ပြုလုပ်နိုင်သည်ဟု ယူဆကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်မည်ဟု ဒေသခံများက ထင်မြင်ကြသည်။ 

ထို့ကြောင့် လေကြောင်းရန်မှ ကာကွယ်သော ပုန်းခိုကျင်း (ဗုံးခိုကျင်း) များတူးထားရန် ၎င်းတို့ တိုက်တွန်းထားသော်လည်း လိုက်လုပ်သူ နည်းပါးသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “မလုပ်လောက် (ဗုံးမကြဲ) ကြဘူးလို့ တွက်တာရော တခြားလုပ်ငန်းတွေနဲ့မအားတာကြောင့်ရော တွက်ပြီး အရေးမကြီးသေးလောက်ပါဘူးလို့ တွက် ကြတာထင်တယ်” ဟု  သုံးသပ်သည်။ 

ဒေသခံများမှာလည်း တနိုင်တပိုင်တူးသည့် မြေသားပုန်းခိုကျင်းများသာရှိပြီး အခက်အခဲများ ရှိသလို အားနည်းချက်များရှိသည် ဟု ပြောသည်။ 

“ ပုန်းခိုကျင်းအများစုက သန့်ရှင်းသပ်ရပ်မှုလည်း  အမြဲတမ်းလိုမလုပ်နိုင်ကြဘူး။ လူတွေက တူးဖို့ နည်းစနစ်တွေလည်း လိုတယ်။ ပုန်းခိုကျင်းထဲဝင်သွားရင် မြွေအန္တရာယ်ကကြောက်ရသေးတာ တစ်မျိုး အဲ့ဒါမျိုးတွေဖြစ်နေတာ”ဟု  ဒေသခံ နောက်တစ်ဦးက ပြောသည်။ 



လေကြောင်းတိုက်ခိုက်မှု မကြာခဏ ကြုံနေရသည့် ကျေးရွာများတွင် လူအများခိုလှုံနိုင်သည့် အခိုင်အမာ ပုန်းခိုကျင်းများတူးရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြသည်။  

“ပုန်းခိုကျင်းတွေက တူးထားလည်း မြေသားနဲ့ချည်းပဲ ဖြစ်သွားရင် ရေရှည်လည်းမခံဘူး။ အဆင်လည်း မပြေဘူး။ အဲ့ဒါမျိုးတွေဖြစ်နေကြတယ်။ ကွန်ကရစ်နဲ့ ရွာလယ်ကောင်မှာ အများစုဆန့်တဲ့ ပုန်းခိုကျင်းမျိုး တူးမှ အဆင်ပြေတော့မှာ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးသည့် ကနီမြို့နယ် သည် လက်နက်ကိုင်ခုခံမှု အားကောင်းရာဒေသဖြစ်ပြီး မြို့ပေါ်မှအပ ကျေးရွာအများစုတွင် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးထားသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို အားပြုပြီး တော်လှန်ရေးသုံးနှစ်ကျော် ကာလ အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၄၉ ဦး သေဆုံးပြီး ၂၄၅၃ ဦး ဒဏ် ရာရရှိခဲ့ကြောင်း လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့လာနေသော ဥာဏ်လင်းသစ်သုတေသန အမည်ရှိ အရပ်ဘက်အဖွဲ့ ၏  ၂၀၂၄ အောက်တိုဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာတွင်ဖော်ပြသည်။ 

နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် လုပ်နေသည့် စစ်တပ်က ဒီဇင်ဘာ ၁၅ ရက် မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်တွင် ပြုလုပ်သော လေတပ် ၇၇ နှစ်မြောက်အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်တပ်ထုတ် ကင်းထောက်လေယာဉ်များလည်း ထုတ်ဖော်ပြသခဲ့ပြီး လေကြောင်း ထိုးစစ်ကို အရှိန်မြှင့်မည့် အရိပ်အယောင်များ ပြသခဲ့သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချစစ်ဆင်ရန် နှင့် လေ့ကျင့်ရေးမပြတ်လုပ်သွားကြရန် အဆိုပါ အခမ်း အနားတွင် ပြောသွားခဲ့သည်။

ကနီမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာများ တည်နေရာပြ မြေပုံ ။





Source link

Leave a Reply

Your email address will not be published. Required fields are marked *