ylliX - Online Advertising Network

ထိုင်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း UWSA ‌ပြော – Myanmar Now


ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိုင်းနယ်စပ်မျဉ်းအနီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်အရာရှိ တချို့နှင့် UWSA အရာရှိများ ဒီဇင်ဘာ ၁၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

UWSA တပ်ဖွဲ့၏ ၁၇၁ စစ်ဒေသအတွင်း တပ်စွဲထားသည့် စခန်း ၉ ခုသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နယ်နမိတ်အတွင်း ရောက်ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က နိုဝင်ဘာတွင် ပြောခဲ့ သည်။

သို့သော် နိုဝင်ဘာ ၂၅ ရက်အထိ အဆိုပါ စခန်းများ ဖယ်ရှားခြင်းမရှိသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တွင် အင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် ထပ်မံ ပြောခဲ့သည်ဟု သိရသည်။

အဆိုပါ နယ်စပ်စခန်းအရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီကို အကြောင်းကြားထားသလို နှစ်နိုင်ငံ အစိုးရ များအချင်းချင်း ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း UWSA ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက နိုဝင်ဘာ ၂၅ ရက်က Myanmar Now ကို ပြောထားသည်။

အစိုးရချင်း ဆွေးနွေးမှုများဆက်ရှိနေသော်လည်း ထိုင်းစစ်တပ်က သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၈ ရက် တွင် ထိုင်းစစ်တပ်အရာရှိတချို့နှင့် UWSA တပ်များအကြား အပြန်အလှန်နားလည်မှု တည်ဆောက်သည့် အနေဖြင့် မြေပြင်တွင် တွေ့ဆုံခဲ့ကြသည်ဟု UWSA ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။

“ထိုင်းနယ်စပ်အရေး နိုင်ငံအချင်းချင်းအလွတ်သဘော ဆွေးနွေးကြတာတပိုင်းပေါ့၊ နယ်စပ်တည်ငြိမ်ရေး တွေအတွက် မနေ့က မြေပြင်မှာရှိကြတဲ့ ကျွန်တော်တို့အရာရှိငယ်တချို့နဲ့ ထိုင်းဘက်က အရာရှိတချို့ တွေ့ဆုံကြပြီး အပြန်အလှန် နားလည်မှုယူကြတာ ရှိပါတယ်” ဟု ဦးညီရန်းက ဆိုသည်။

နောက်ဆုံးရက်အဖြစ်ပြောထားသည့် ဒီဇင်ဘာ ၁၈ ရက်တွင် UWSA အရာရှိအချို့နှင့် ထိုင်းစစ်တပ်အရာရှိ များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထိုင်းမီဒီယာများကလည်း ရေးသားဖော်ပြကြသည်။

ထိုတွေ့ဆုံမှုတွင် ထိုင်းစစ်တပ်က UWSA ကို တပ်စခန်းများ ဖယ်ရှားမည့် ရက်စွဲအတိအကျ ပေးရန် ထပ်မံ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၃)တပ်မ ဌာနချုပ်  ဗိုလ်ချုပ်ကြီး Kittipong Jaemsuwan ကို ကိုးကားပြီး Thai Enquirer သတင်းဌာနက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ရေးသားထား သည်။

ထိုင်းစစ်တပ်က အငြင်းပွားဖွယ် နယ်စပ်အရေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ များကို ပြင်ဆင်ထားပြီး တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ ဖြန့်ကြက်ထားကာ ပုံမှန် စစ်ရေးလေ့ကျင့် နေကြောင်း၊ သို့သော် တင်းမာမှုမြင့်တက်လာမည်ကို မလိုလားသည့်အတွက် ဆွေးနွေးအဖြေရှာနိုင်သည့် အခြေအနေများရှိနေသေးသည်ဟု ထိုသတင်းတွင် ရေးသားထား သည်။

အဆိုပါ နယ်စပ်စခန်းများတင်းမာမှုပြဿနာကို မြန်မာနှင့် ထိုင်းနိုင်ငံတို့ကြား အဆင့်ဆင့် ဖွဲ့စည်းထား သည့် နယ်ခြားကော်မတီများမှတဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် သတင်းဌာနတချို့ကို ပြောသည်။

“ ‘ဝ’နဲ့ဖြစ်နေတဲ့ ကိစ္စ(နယ်စပ်စခန်းများအရေး)၊ ဒါက သီးခြား ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနဲ့ ထိုင်းကြားမှာ နယ်ခြားကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားတာရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုသည်။

“ ဒီကိစ္စတွေကတော့ နယ်ခြားဒေသကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးတွေကနေတဆင့်ပဲ ဆောင်ရွက် သွားနိုင်မှာဖြစ်ပါတယ်”  



ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌   မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို၊ အိန္ဒိယနှင့် ဘဂ်လားဒေ့ရှ် စသည့် ၆ နိုင်ငံက ပြုလုပ်မည့် နယ်စပ် အရေးကိစ္စ အစည်းအဝေးပြုလုပ်နေသော်လည်း ‘ဝ’ တပ်စခန်းများကိစ္စ ဆွေးနွေးခြင်း မပြုကြပေ။

UWSA ၏ ထိန်းချုပ်နယ်မြေများကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားသိရှိကြပြီး မြောက်ပိုင်း တွင် ပန်ဆန်းမြို့ကို အခြေတည်၍ အုပ်ချုပ်ရေးပြုလုပ်နေသည်၊ စစ်ဒေသ ၁၇၁ ဟု အမည်ရသည့် တောင် ပိုင်းကမူ ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း တည်ရှိသည်။

မိုင်းဆတ်ခရိုင်အတွင်း မိုင်းကန်၊ မိုင်းယွန်း၊ ဟွေအော၊ ဝမ်ဟုန်၊ မိုင်းကျွတ်နှင့် ခိုင်လုံ စသည့် ၆ မြို့နယ်တို့ သည် UWSA တပ်များ၏ အုပ်ချုပ်ရေးအောက်တွင် အများစု ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့အဖြစ် လူသိများသည့် UWSA တပ်ဖွဲ့တွင် ခေတ်မီ စစ်လက်နက်များပိုင်ဆိုင်ထားပြီး တာဝေးပစ်လက်နက်ကြီးများ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးလက် နက်များ၊ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအပြင် ရဟတ်ယာဉ်အချို့ပါ ပိုင်ဆိုင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း UWSA အဖွဲ့က သေနတ်တစ်ချက်မှ မဖောက်ရ ဘဲ ညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်ခိုက် ရယူထားသည့် ဟိုပန်နှင့် ပန်လုံမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

ရှမ်းမြောက်ဒေသတွင်း လှုပ်ရှားပြီး စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များအဖြစ် ဖွဲ့စည်းထားသော  ပြည် ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တပ်ပေါင်းစုတွင် UWSA သည် ဦးဆောင်အဖွဲ့ဝင် ဖြစ်ပြီး  ကချင်တပ် (KIA) ၊ ရခိုင်တပ် (AA)၊ ကိုးကန့်တပ် (MNDAA)၊ မိုင်းလားအခြေစိုက်တပ် (NDAA) ၊ တအာင်းတပ် (TNLA) ၊ ရှမ်းတပ် (SSPP) တို့ပါ ဝင်ကြသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *