ylliX - Online Advertising Network
Loading

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ


Loading

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အိုလံပစ်ကော်မတီဝင်များ၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်တို့မှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

ဖျော်ဖြေတင်ဆက်

အခမ်းအနားမစတင်မီ နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။

အနိုင်ရဗိုလ်စွဲ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် ဧည့်သည်တော်များသည် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပွဲစဉ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့သည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲကစားချိန် ၈၇ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ကြည့်ရှုအားပေး

ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခံရခြင်း အထိမ်းအမှတ်အဖြစ် “ရိုးရာအမွေလက်ဆင့်ကမ်း အတာသင်္ကြန် တစ်ခေတ်ဆန်း” အစီအစဉ်ဖြင့် သီဆိုသရုပ်ဖော်တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ကျင်းပဆောင်ရွက်ခဲ့မှုအား ရိုက်ကူးတင်ဆက်ထားသည့် “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများသည် ကွင်းအတွင်းသို့ ဝင်ရောက်နေရာ ယူကြသည်။

ဆုတံဆိပ်များပေးအပ်

ဆက်လက်၍ ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် တံခွန်စိုက်ဆုဖလားရရှိသော ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသင်းများကို ဆုချီးမြှင့်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆု၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိကြသူများကို ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တတိယဆုရရှိသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် လာဘ်ကောင်ရုပ်များကိုလည်းကောင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် လာဘ်ကောင်ရုပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် လာဘ်ကောင်ရုပ်များကို ပေးအပ်ချီးမြှင့်သည်။

ပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မသန်စွမ်းအားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော ဧရာဝတီတိုင်းဒေသကြီးကို တံခွန်စိုက်ဆုဖလားကြီးကိုလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးကို တံခွန်စိုက်ဆုဖလားကြီးကိုလည်းကောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော ကာကွယ်ရေးဝန်ကြီးဌာနကို တံခွန်စိုက်ဆုဖလားကြီးကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့တွင် ဒီဇင်ဘာ ၂ ရက်မှ စတင်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအတွက် အားကစားနည်း (၆) မျိုး၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အားကစားနည်း (၂၃) မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၄) မျိုး သတ်မှတ်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးတွင် အားကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်ဂျူရီ စုစုပေါင်း (၁၀၀၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ယခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည်လည်း ယခင်ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအားကစားပွဲတော်များနည်းတူ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်ကို တွေ့ရကြောင်း။

ယခုအားကစားပွဲတော်ကြီးတွင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၊ နေပြည်တော်ကောင်စီနှင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ဆုံစည်းမှုသည် သာမန်ဆုံစည်းမှုမဟုတ်ကြောင်း၊ သန့်ရှင်းမွန်မြတ်သည့် အားကစားစိတ်ဓာတ်ကိုအခြေခံပြီး တရားမျှတသည့် ယှဉ်ပြိုင်မှုများဖြင့် ရင်းနှီးချစ်ကြည်စွာ ဆုံစည်းခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အားကစားပြိုင်ပွဲသက်သက် ကျင်းပခြင်းထက်ပိုသည့် အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအားမာန်တို့ကို ထုတ်ဖော်ပြသသည့်ပွဲတော်၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်သည့်ပွဲတော်၊ တစ်မျိုးသားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းအားများ ဝင့်ကြွားခံ့ထည်မှုကို ပြသနိုင်ခဲ့သည့်ပွဲတော်ကြီး ဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။

မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုပါကြောင်း၊ မိမိတို့ အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ကဏ္ဍအလိုက် ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်းဆောင်နေကြသူများဖြစ်ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း၏ တိုင်းချစ်ပြည်ချစ်စိတ်ကို ယခုနေရာမှ အလေးထား အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသည့်အခါ၌ မိမိနိုင်ငံ၏အလံနှင့် နိုင်ငံတော်သီချင်း လွှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ပြုခံရခြင်းထက် ဂုဏ်ယူဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်း သည်မှာမရှိပါကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကိုနိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း၊ နှစ်စဉ်တည်ရှိနေမည့် အားကစားပွဲများမှ နိုင်ငံသားတိုင်း၏ နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ်ဂုဏ်ယူလိုစိတ်များကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း။

ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမက မဟာဗျူဟာအချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ်အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်း၊ ထိုကဲ့သို့အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန်လိုကြောင်း၊ အထူးအလေးအနက်ထား ပြောကြားလိုသည်မှာ ထိုကဲ့သို့ အခက်အခဲများအကြား နိုင်ငံ၏နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း၊ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်၊ အမျိုးသားရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကိုတိုးတက်စေမည့် ယခုအမျိုးသားအားကစားပွဲတော်ကြီးကို ယခုကဲ့သို့ ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံကို လုံခြုံအောင်ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ပြည်သူများကိုကာကွယ်ရင်း အသက်ပေးလှူ ကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းကို ပြောကြားလိုကြောင်း။

ယခုပြိုင်ပွဲကြီးဖြစ်မြောက်အောင် ကဏ္ဍအသီးသီးမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကျင်းပနိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ကြသူများနှင့် ပါဝင်ဆောင်ရွက်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ဝန်ထမ်းများ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ပေးခဲ့ကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒိုင်များ၊ ဂျူရီများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပြောကြားလိုကြောင်း။

အလေးထားဆောင်ရွက်

ယခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပခဲ့ခြင်းသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် အောင်မြင်မှုများရရှိရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပြိုင်ပွဲကြီးမှ ရွေးချယ်ရရှိသည့် အရည်အချင်းမီအားကစားသမားများကို ပြန်လည်စုဖွဲ့လေ့ကျင့်ပြီး ရည်ရွယ်ချက်များအတိုင်း ပေါက်မြောက်အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်း အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း။

ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားမောင်တို့မယ်တို့အနေဖြင့် လေ့ကျင့်သားပြည့်ဝမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှု၊ စည်းကမ်းလိုက်နာမှု၊ စာရိတ္တကောင်းမွန်မှု၊ အပြန်အလှန်နားလည်မှု၊ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းသည့် အမြင်ချင်းဖလှယ်မှုများဖြင့် အားကစားကဏ္ဍမှသည် ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းဆီသို့ တက်လှမ်းနိုင်ကြပါစေကြောင်း၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ကြပါစေကြောင်း၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်းကို ဆန္ဒပြုတိုက်တွန်းပါ ကြောင်းပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်သိမ်းကြောင်း ကြေညာသည်။

ထိုသို့ ပိတ်သိမ်းကြောင်းကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ကြသည်။ ထို့ပြင် ဒီဇင်ဘာ ၉ ရက်နေ့ ဖွင့်ပွဲအခမ်းအနားကျင်းပချိန်တွင် မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ လက်ဆင့်ကမ်းသယ်ဆောင်ထွန်းညှိခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး၏ အရှေ့တောင်ထောင့်အပေါ်ဆုံးတွင်ရှိသည့် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် ပင်မအထိမ်းအမှတ် မီးရှူးတိုင်ကိုလည်းတစ်ပြိုင်တည်း မီးငြှိမ်းသတ်ခဲ့သည်။

ယင်းနောက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အလံကို တိုင်ထိပ်မှချ၍ ကွင်းအတွင်းမှ ပြန်လည်သယ်ဆောင်သွားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများနှင့် နိုင်ငံတော်စစ်တီးဝိုင်းတို့သည်လည်း ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က စွမ်းရည်ပြသခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားများက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက အေရိုးဗစ်အကဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခြင်းနှင့် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲသီချင်း “ရွှေပြည်တော်သို့ တို့အတူ” သီချင်းကို သီဆိုဖျော်ဖြေတင်ဆက်ခြင်းတို့ကိုဆောင်ရွက်ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ယင်းနောက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ၊ မသန်စွမ်းအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ကြသည်။

ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ ၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၂) နည်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၄) နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ ၁၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၉ နည်းဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက် အထိ နေပြည်တော်၌ အားကစားနည်း (၂၇) နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင်ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်းနှင့် မသန်စွမ်းအားကစားနည်း (၄) နည်း စုစုပေါင်း ၃၃ နည်းတို့ဖြင့် ဒီဇင်ဘာအစောပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *