ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောပြီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် – အနေတော် ဇကာတစ်လုံး
- ပုဇွန် – မိမိနှစ်သက်သလောက်ထည့်ပါ
- ကြက်သွန်နီ – အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ – အမွှာကြီးကြီး နှစ်မွှာ
- ချင်း – လက်တဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ – ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် – ထမင်းစားဇွန်း သုံးဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တစ်၀က်
- မန်ကျည်းသီးမှည့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရှမ်းနံနံ – နှစ်သက်သလောက်
ပြင်ဆင်ပုံ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
- ကန်စွန်းရိုးကို ထက်ဝက်ခြမ်းကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
- ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
- ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းရွက်များ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- ကန်စွန်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ ကန်စွန်းရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
- ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။