ylliX - Online Advertising Network

ရန်ကုန်-မန္တလေး အမြန်လမ်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဟု PDF များသတိပေး


ရန်ကုန်-မန္တလေး အမြန်လမ်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဖြစ်သဖြင့် ထိုလမ်းမကြီးကို အသုံးပြုနေကြသည့် ခရီးသွားများသတိထားသွားလာကြရန် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ယနေ့တွင် သတိပေးလိုက်သည်။

စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဆိုပါဒေသတွင်းလက်နက်ကိုင်တပ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသာယာဉ်များကို ယနေ့နံနက်က တားဆီးစစ်ဆေးနေစဉ် ယင်းကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

ခရီးသွားပြည်သူများအား  မလိုအပ်ဘဲ အမြန်လမ်းပေါ်တွင် ခရီးမသွားရန်၊ ညပိုင်အချိန်မထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရှေ့ဆက်ကားမမောင်းဘဲ လုံခြုံသည့်နီးစပ်ရာနေရာများတွင် နေထိုင်ရန် သတိပေးခဲ့ကြောင်း ဆိုသည်။

“ မကြာခင် ဒီလမ်းမပေါ်မှာ တိုက်ပွဲဖော်ဆောင်မှုတွေရှိလာမှာပါ၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက် ပေးပါလို့ မေတ္တာရပ်ခံတာပါ” ဟု အရပ်သားယာဉ်တန်းကို တားဆီးစစ်ဆေးပြီးနောက် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်ကို တွေ့မြင်ရသည်။

အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ် Express ကားများနှင့် အိမ်စီးကားများ ဆယ်နှင့်ချီ၍ ရပ်ဆိုင်းပြီး ပြည်သူ ၃၀ ဦးထက်မနည်းက ကားပေါ်မှဆင်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ သတိပေးမှု နားထောင် နေသည်ကိုလည်း မြင်တွေ့ရသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးကာလ လေးနှစ်ပြည့်တော့မည်ဖြစ်၍ စည်းကမ်းလိုက်နာခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားကြောင်း ပြောဆိုချက်တွင် ပါဝင်သည်။

အမြန်လမ်းပေါ်တွင် ပြည်သူများအား သတိပေးမှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူအမျိုးသားတစ်ဦး ပြောသည်။

ယင်းပြောဆိုချက်နှင့်ပက်သက်၍ သီးခြားအတည်ပြုချက်မရရှိပေ။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မိုင် ၆ ဖာလုံတွင်ယာဉ်များကို စစ်ဆေးပြီး ယာဉ်ငယ်တစ်စီးကို ဇီးတောဆည်ဘောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တပ်ထောက်ခံသူ ချယ်နယ်များက ရေးသားကြသည်။

ထိုယာဉ်ကို ဖမ်းဆီးခြင်းမဟုတ်ဘဲ စစ်ဆေးစရာရှိ၍ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ပြန်လွှတ်လိုက်သည်ဟု သိရှိထားကြောင်း ဖြစ်ကြောင်း အထက်ပါအမျိုးသားက ဆက်ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ရှိသည့် ရဲကင်းစခန်းများသည် နေရာတချို့သာ အုတ်ဖြင့် တည်ဆောက်ထားသည့် အခိုင်အမာဘန်ကာအချို့သာရှိပြီး အများစုမှာ ယာယီတဲများကို ဝါးလုံးရှည်များ ဖြင့် ခြံစည်းရိုးခတ်ထားပြီး ခရီးသွားပြည်သူများကို မှတ်ပုံတင်စစ်ဆေးခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားမှုမရှိစေရေး တင်းကြပ်စစ်ဆေးရန် တည်ဆောက်ထားခြင်း ဖြစ်သည်။

နွားထိုးကြီး PDF သည် NUG ၏ အမှတ်(၁) စစ်ဒေသအောက်ရှိ မြင်းခြံခရိုင်အမှတ်(၄)၊ (၁၀)တပ်ရင်းဖြစ်ပြီး နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသော အမြန်လမ်းတစ်ဝိုက်စစ်ရေးလှုပ်ရှားနေသည်။

မကြာသေးခင် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ မိုင်တိုင် ၃၁၉ အနီးရှိ ရဲကင်းစခန်းတစ်ခုကို ထိုတပ်ရင်းက တိုက်ခိုက်ခဲ့ပြီး ယင်းမိုင်တိုင်တွင် ဖြတ်သန်းသွားသည့် စစ်ကားများကို ၅ ကြိမ် ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ဖူးသည်။



စစ်ကောင်စီသည် ရိက္ခာနှင့် စစ်သားများကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG)လက်အောက်ခံတပ်များ စစ်ရေးလှုပ်ရှားသည့် ပဲခူးတိုင်းအရှေ့ဘက်ခြမ်းသို့ ပို့ဆောင်ရာတွင် အမြန်လမ်းကို အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် အမြန်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများ ၊စခန်းများကို ကာကွယ်ရေး တပ်ဖွဲ့များ က မကြာခဏတိုက်ခိုက်လေ့ရှိကြသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *