နေ့စဉ်မိုးလေဝသသတင်း
dmh
Tue, 12/24/2024 – 07:15
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း(အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း နှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်မြောက်ဘက် သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ၂၅-၁၂-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အရှေ့ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။