တရားမဝင်နိုင်ငံခြားသားများကို စီမံချက်ဖြင့် အရေးယူနေသည့် မလေးရှားနိုင်ငံတွင် နှစ်ကုန်ခါနီးတွင် အဖမ်းအဆီးပိုများနေသဖြင့် ပြီးခဲ့သည့် ၃ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု မလေးရှားနိုင်ငံရောက် မြန်မာသတင်းရင်းမြစ်များထံက သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးရှိသော ကွာလာလမ်ပူ၊ ဂျိုဟိုး၊ ပီနန်း၊ ဆလန်ဂေါ စသည့် ဒေသများတွင် တစ်နှစ်တာစီမံချက်ဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်။
အောက်တိုဘာလမှစကာ ယာယီ ပုန်းခိုနိုင်မည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရသည်အထိ အဖမ်းအဆီး များနေသည်ဟု ကွာလာလမ်ပူမြို့တော်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။
“ဖမ်းတာမှ ရိုးရိုးရော၊ စီမံချက်ရောပဲ။ ဒီမှာက အောက်လမ်းကပဲ ဖြစ်ဖြစ်၊ လေယာဉ်နဲ့ပဲဖြစ်ဖြစ် တရား မဝင်တွေ များတယ်။ တချို့ဆို နှလုံးရောဂါပါ ရမယ်၊ ရဲမြင်တာနဲ့ ဒူးတွေတုန်၊ ရင်တွေတုန်” ဟု သူက Myanmar Now ကို ပြောသည်။
နေ့စဉ် ဖမ်းဆီးနေ၍ အဖမ်းအဆီးကိစ္စရပ်သည် ရင်ဆိုင်နေရသူများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်နေသည် ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ရဲကားတွေ၊ လ၀ကတွေ၊ ဌာနဆိုင်ရာပေါင်းစုံ အလုံးအရင်းနဲ့ လမ်းတစ်ခုလုံး၊ ရပ်ကွက်ကြီးတစ်ခုလုံးကို ပိတ်ချလိုက်ပြီးတော့ အိမ်တွေ၊ အခန်းတွေ၊ တံခါးဖွင့်ပေးတာတွေ၊ မဖွင့်ပေးတာတွေ ဂရု မစိုက်ဘူး။ အိမ်တံခါးတွေကို ရိုက်ဖွင့်ပြီးတော့ကို ဝင်ဖမ်းတာ ” ဟု သူက ဆိုသည်။
အောက်တိုဘာ ၅ ရက်နေ့က နဂရီဆင်ပီလန်းခရိုင်၊ ဆရင်ဗန်းမြို့၌ အသက် ၃၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဖမ်းအဆီးကြောင့် ထွက်ပြေးစဉ် မီးရထားတိုက်၍ သေဆုံးခဲ့သည်။
မလေးရှားအစိုးရသည် ၂၀၂၃ ဒီဇင်ဘာမှ ၂၀၂၄ ဒီဇင်ဘာလအထိ စီမံချက်ချ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မလေးရှားရောက် မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသော Myanmar Labour Affairs and Refugee Organization အဖွဲ့ထံက သိရသည်။
ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံသို့ ချက်ချင်း ပြန်ပို့ခံရ သည်ဟု အထက်ပါအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောသည်။
“ကျွန်တော်တို့ကြားသိရတာတော့ သူတို့ထောင်တွေအချုပ်တွေမှာ နေရာမဆန့်တော့တဲ့ အနေအထား ကြောင့် မြန်မာတွေကို တရားရုံးမထုတ်ဘဲ လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ အသုတ်လိုက်၊ အသုတ်လိုက် မြန်မာကို ပြန်ခွင့်ပြုတာပေါ့” ဟု သူက ဆိုသည်။
ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူ ရာနှင့်ချီသည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျ မသိရသေးပေ။
တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူများထဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ၊ နိုင်ဂျီးရီယား နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
ယခင်က မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံ၍ ဖမ်းဆီးခံရလျှင် အမှုရင်ဆိုင်ခွင့်ရကြသည်၊ ပထမဆုံးအကြိမ် ဖမ်းဆီးခံရသူ၊ အာဏာပိုင်တို့၏ အရေးယူမှုတွင် ပူးပေါင်းဆောင်ရွက်သူတချို့မှာ ထောင်ဒဏ်မဟုတ်ဘဲ ငွေဒဏ်သာ ချမှတ်ခံခဲ့ရသည်။
ထို့နောက် မလေးရှားအစိုးရ၏ တရားဝင် အထောက်အထား နှင့် အလုပ်လုပ်ခွင့်ပါမစ်များကို ပြုလုပ်ပေးချိန်တွင် ပါမစ် ပြန်လည်လျှောက်ထားကာ ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရကြသည်။
ထိုသို့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုမရဘဲ ဖမ်းဆီးခံရပါက မြန်မာနိုင်ငံသို့ တိုက်ရိုက်ပြန်ပို့ခြင်း သည် လူတိုင်း ရသင့်သော အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မလေးရှားရောက် အထက်ပါအမျိုးသားက ဆိုသည်။
“ဒါတွေက ဥပဒေနဲ့ ညီတယ်လို့တော့ ပြောလို့မရဘူးပေါ့။ လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှုကို အထောက်အထားရှိတာမရှိတာက တစ်ပိုင်း၊ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခွင့် ရှိရမယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာပြည်သို့ ချက်ချင်းပြန်ပို့ခံနေရသူများသည် စစ်သားသစ် အပူတပြင်း စုဆောင်းနေသည့် စစ်ကောင်စီလက်ထဲ ရောက်သွားမည့် အန္တရာယ်လည်း ရှိနေသည်။
“ဒီကိစ္စက အကုန်လုံးစိုးရိမ်နေကြရတဲ့ ကိစ္စပေါ့၊ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုးဖြစ်နေတယ်ဆိုတာ အကုန် လုံးလည်း ကြားသိနေရတာပဲဆိုတော့ တချို့မိသားစုဝင်တွေဆို မပြန်ရခင်မှာ လေဆိပ်မှာလိုက်ပြီးတော့ ငွေကြိုပေးတာတောင် ရှိတယ်” ဟု ကိုမင်းထိုက်က ပြောသည်။
ထိုင်းနိုင်ငံတွင်လည်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးပြီး ပြန်ပို့နေရာ စစ်ကောင်စီက ဖမ်းပြီး စစ်ကျောင်းများသို့ ပို့နေသဖြင့် ထိတ်လန့်နေကြရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်းပဋိပက္ခများနှင့် စစ်မှုထမ်း ဥပဒေကြောင့် လူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာလျက်ရှိသည်။
ထိုအထဲတွင် မလေးရှားနိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ကာ ထိုင်း-မလေးရှား နယ်စပ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံတောင်ပိုင်းဒေသများမှ တစ်ဆင့် ကုန် လမ်း၊ ရေလမ်းများမှ ဂျိုဟိုး (ဂျဟိုး ဘာရူးမြို့)၊ ကွာလာလမ်ပူ အစရှိသော မြို့များသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။
အဆိုပါလမ်းခရီးကုန်ကျစရိတ်သည် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ ကျော်အထိ ပေါက်စျေးရှိသည်ဟု မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီလုပ်ကိုင်နေသူများထံက သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ဇွန်လမှစတင်ပြီး မလေးရှားနိုင်ငံဘက်က တရားဝင်မြန်မာလုပ်သားခေါ်ယူမှုကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီးနောက်တွင် တရားမဝင်နည်းလမ်းများဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသားများ ပိုမိုများပြားလာခဲ့သည်ဟု ထိုသူတို့က ပြောသည်။
တချို့သော ရွှေ့ပြောင်းများသည် မလေးရှားနိုင်ငံသို့ မရောက်မီ ထိုင်း-မြန်မာနယ်စပ်၊ မလေးရှား-ထိုင်း နယ်စပ်များတွင်လည်း သက်ဆိုင်ရာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရလေ့ရှိသလို ပွဲစားများ ငွေလိမ်ကာ စွန့်ပစ်ခံခြင်း နှင့် လူကုန်ကူးခြင်းတို့ကိုလည်း ကြုံတွေ့ရသည်။
ယခု ဒီဇင်ဘာ ဒုတိယသီတင်းပတ်အတွင်းမှာပင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲတွင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သလို ကန်ချနပူရီမြို့တွင် လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးကာ မလေးရှားနိုင်ငံသို့ သွားမည့် ရိုဟင်ဂျာ ၈၄ ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား အခြေခံလုပ်သားဦးရေသည် ၂ ဒသမ ၅ သန်းရှိပြီး ထိုပမာဏာ၏ ၁၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများဖြစ်ပြီး ၂၀၂၄ ၊ ဧပြီလ စာရင်းများအရ ၄ သိန်းနီးပါးရှိသည်။
တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူအရေအတွက် သန်းနှင့်ချီရှိနိုင်သည်ဟု Myanmar Labour Affairs and Refugee Organization ၏ ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောသည်။