ylliX - Online Advertising Network
တပ်တွင်း/ပြင် စည်းလုံးညီညွတ်ဖို့လိုပြီလို့ ရက်ပိုင်းအတွင်း နပခအပါအဝင် မြို့ငါးခုလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်ပြော

တပ်တွင်း/ပြင် စည်းလုံးညီညွတ်ဖို့လိုပြီလို့ ရက်ပိုင်းအတွင်း နပခအပါအဝင် မြို့ငါးခုလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်ပြော


စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအပြင် နိုင်ငံရေးတာဝန်တွေကိုပါထမ်းဆောင်နိုင်ဖို့ တပ်တွင်း/တပ်ပြင် စည်းလုံးညီညွတ်ဖို့ လိုပြီလို့ ရက်ပိုင်းအတွင်း ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ငါးမြို့ ကိုပါ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

 

ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာပြုလုပ်တဲ့ အမှတ်စဉ် ၁၁ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

 

တပ်ရဲ့ အင်အားဟာ စည်းလုံးညီညွတ်မှုအပေါ်အခြေခံတာကြောင့် ခေါင်းဆောင်တွေအနေနဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ လူ့သဘောသဘာဝကို နားလည်စွာ ကွပ်ကဲအုပ်ချုပ်မှုတို့နဲ့ ပုံဖော်တည်ဆောက်သွားပြီး တပ်တွင်းစည်းလုံးညီညွတ်မှုရှိပါက ဘယ်သူကမှဖြိုခွဲလို့ရမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က‌ ပြောသွားပါတယ်။

 

“ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ စုစည်းညီညွတ်ဖို့ တပ်တွင်းစည်းလုံးရေးကို ခိုင်မာအောင်တည်ဆောက်ပြီး တပ်ပြင်စည်းရုံးရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ဖို့ အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းတွေကို စစ်ခေါင်းဆောင်က မှာကြားခဲ့ပါသေးတယ်။

 

စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာကြဖို့ နိုင်ငံတဝန်း ဗုံးပတ်ကြဲတဲ့အပြင် မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းဆောင်က ပြောပါတယ်။

 

စစ်အောင်ရခြင်းအကြောင်းတရားရဲ့ အခြေခံဟာ စစ်သည်တော်တိုင်း စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုဖြစ်ပြီး တပ်တစ်ခုရဲ့ ကျောရိုးဖြစ်တယ်လို့ ရက်ပိုင်းအတွင်း ရခိုင်ပြည်ရှိ နပခဌာနချုပ်ရှိရာ အမ်းမြို့နယ်အပြင် တောင်ကုတ်၊ မောင်တောနဲ့ ချင်းပြည်က မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို လက်လွှတ်လိုက်ရတဲ့ စစ်ခေါင်းဆောင်က မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

 

ဒါ့အပြင် ယမန်နေ့က သူ့မိန့်ခွန်းအတွင်း အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အပြင် သင်တန်းဆင်း အမျိုးသမီးအရာရှိတွေကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ဆင်ထားဖို့လည်း ပြောဆိုသွားပါတယ်။

 

နိုင်ငံတော်ကာကွယ်ရေးဟာ တပ်မတော်တစ်ခုထဲမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံတွင်းရှိ ကျား/မ အသက်အရွယ်မရွေး မွေးရာပါတာဝန်ဖြစ်တယ်လို့လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး အဓမ္မအင်အားစုဆောင်းနေတဲ့ စစ်ကောင်စီခေါင်းဆောင်က ဆိုပြန်ပါတယ်။

 

ဒါ့အပြင် သမိုင်းအဆက်ဆက်မှာ အမျိုးသမီးစစ်သည်တွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုတွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့သလို အမျိုးသမီးဗိုလ်လောင်းတွေ အနေနဲ့လည်း အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိ၊ အမြဲတမ်းတိုက်ပွဲဝင်ရန်အသင့် စတဲ့ မြဲသုံးမြဲကို လက်ကိုင်ထားပြီး တိုက်ပွဲဝင်ရမယ်လို့ အမိန့်ပေးခဲ့ပါတယ်။

 

ရခိုင်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေအတွင်း အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ခဲ့လို့ လေးလတာအတွင်း ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တစ်ခုကို စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန် စခန်းကြီးဖြစ်တဲ့ အမှတ်-၅ နယ်ခြားစောင့်တပ်စခန်း(နခခ-၅)နဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့က တောင်ကုတ်မြို့ရဲ့ လက်ကျန် အမှတ် ၅ စစ်ဆင်ကွပ်ရေးဌာနချုပ်(စကခ-၅)တို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

ချင်းပြည်မှာလည်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၁ ရက်၊ ကန်ပက်လက်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွေမှာ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ကချင်ပြည်က ဗန်းမော်မြို့နဲ့ မံစီမြို့တို့ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်အပါအဝင် စစ်ကောင်စီ တပ်စွဲထားရာနေရာအများအပြားကို သိမ်းပိုက်ထားပြီး လက်ရှိမှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ – ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ကိုတွေ့ရစဉ်

 

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *