ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် များ တက်ရောက်စစ်ဆေးသည့် ဒီဇင်ဘာ ၂၃ တွင် စစ်ကောင်စီက ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးလက်ဒေသခံ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ညနေပိုင်းတွင် မြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၊ အမြန်လမ်းမှ မိုင် ၂၀ ကျော်အကွာ ဒေါင့်ဘိုးကျေးရွာကို တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က ညနေ ၆ နာရီ ၂၀ ကျော်လောက်မှာ ပစ်သွားတာ၊ အိမ်ပေါ်တည့်တည့်ကို ချသွားတာ၊ အိမ်ရှင် အမျိုးသားကတော့ ခေါင်းပြတ်သွားတယ်” ဟု ထိုအမျိုးသားက ပြောသည်။
သေဆုံးသူ အသက် ၅၀ အရွယ် လက်သမားတစ်ဦးဖြစ်သည်ဟု ဆိုသည်။
ဒဏ်ရာရသူတို့ ဆေးကုသမှုခံနေရကြောင်း၊ နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ဗုံးကြဲခံရသည့် ဒေါင့်ဘိုးကျေးရွာသည် စစ်တပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံဖြိုးရေးပါတီကို ထောက် ခံသည့်ရွာအဖြစ် လူသိများသည်ဟု နွားထိုးကြီးနယ်မြေအတွင်း လှုပ်ရှားသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အမြန်လမ်းပေါ် PDF တွေ တက်လို့ ဗုံးကြဲတယ်ဆိုတာထက် စစ်တပ်က ဘာကြောင့်လုပ်လဲ သူတို့ပဲ (စစ်ကောင်စီပဲ) သိမှာ။ အမြန်လမ်းပေါ် မတက်လည်း သူတို့ ဗုံးကြဲချင်လည်း လာကြဲနေတာပဲလေ” ဟု ၎င်းက ဆိုသည်။နွားထိုးကြီးအခြေစိုက် မြင်းခြံခရိုင် PDF တပ်ရင်းသည် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ဖြတ်သန်းသွားလာနေသာယာဉ်များကို ထိုနေ့နံနက်က တားဆီး စစ်ဆေးခဲ့ပြီး ယင်းညပိုင်းမှာပင် စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့ ခြင်း ဖြစ်သည်။
နွားထိုးကြီး PDF များက ခရီးသည်များကို အမြန်လမ်းတွင် တိုက်ပွဲများ ဖော်ဆောင်မည်ဖြစ် ၍ မလိုအပ်ဘဲ အမြန်လမ်းပေါ် ခရီးမသွားရန်၊ ကားမှန်ချမောင်းရန်၊ ညပိုင်းအချိန်မထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရှေ့ဆက် ကားမမောင်းဘဲ လုံခြုံ သည့် နီးစပ်ရာနေရာများတွင် နေထိုင်ရန် ပြောခဲ့ သည်ဟု ဆိုသည်။
နွားထိုးကြီး PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ်(၁) စစ်ဒေသ လက်အောက်ရှိ မြင်းခြံခရိုင် အမှတ်(၄) နှင့် (၁၀) တပ်ရင်း ၂ ရင်းဖြစ်ပြီး နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသော အမြန် လမ်းတစ်ဝိုက် လှုပ်ရှားသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ မိုင်တိုင် ၃၁၉ အနီးရှိရဲကင်းစခန်းတစ်ခုကို ထိုတပ်ရင်းက တိုက်ခိုက်ထားသည်။စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို သတင်းအမှောင်ချထားသော်လည်း စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် စစ်ကောင်စီ သိက္ခာကျစေသော လုပ်ရပ်ဟု ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။
တိုက်ခိုက်ခံရသောနေရာသည် စစ်တပ် တပ်ရင်းများ၊ လေတပ်အခြေစိုက်ရာ မိတ္ထီလာမြို့တို့နှင့် အလှမ်း မဝေးသော ခရီးဖြစ်ပြီး စစ်ခေါင်းဆောင်ကလည်း ထိုဒေသသို့ မကြာသေးခင်ကမှ သွားရောက်ခဲ့သေးသည်။