ylliX - Online Advertising Network

အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေးအင်အားစု ယူသင့်သော ဆီးရီးယားသင်ခန်းစာ  – Myanmar Now


၂၀၂၄ ခုနှစ် တစ်နှစ်လုံး မြန်မာစစ်တပ် ပြိုလဲလာခြင်းကို မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းက တွေ့မြင်နေရပြီး  ဒီဇင်ဘာလလယ်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျသွားရာ  ထိုဖြစ်ရပ်သည် စစ်တပ်  အရှိန်အဟုန်ဖြင့် ပြိုလဲနေခြင်းကို ထပ်မံအတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။  
တစ်ပြိုက်နက်ထဲမှာပင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစွဲအရာရှိကလည်း စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ရှိခဲ့သဖြင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ခုံရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ပြီး၊ ခုံရုံးကလည်း  အမိန့်ချမှတ်ရန် ပြင်ဆင်နေချိန် ဖြစ်သည်။ 

ဤအခြေအနေတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံကာကွယ်မှု ပေးသင့်မသင့် အလေးအနက် စဥ်းစားရတော့မည် ဖြစ်သည်။  

၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်နေ့က ဆီးယားနိုင်ငံ Damascus မြို့တော်တွင် တော်လှန်ရေးအင်အားစုထံ လက်နက်ချ စာရင်းသွင်းရန် စောင့်ဆိုင်းနေသူများနှင့်အတူ တွေ့ရသည့် သေနတ်ကိုင်ထားသော အာဏာရှင်တပ်သားဟောင်းတစ်ဦး။  (ဓာတ်ပုံ – EPA-EFE/HASAN BELAL)

အိမ်နီးချင်းများအတွက် ဆီးရီးယား သင်ခန်းစာ

အထူးသဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားကြသော အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့သည် မင်းအောင်လှိုင် စစ်ရှုံးနေသည်ကို မြင်တွေ့လာရသည်နှင့်အမျှ ၎င်းတို့၏ အကျိုးစီးပွားများ ပျက်စီးဆုံးရှုံးနိုင်ခြေကြောင့် ဂနာမငြိမ် ဖြစ်လာကြပြီး၊ မင်းအောင်လှိုင် မပြုတ်ကျရေးနှင့် စစ်တပ်မပြိုလဲရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကူညီကာကွယ်ပေးလာကြသည်။

ထိုအိမ်နီးချင်းနိုင်ငံများသည် ဆီးရီးယား၏ လတ်တလောဖြစ်ရပ်ကို လေ့လာသင့်ပြီး၊ ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုး အကာအကွယ်ပေးခဲ့ကြသော ရုရှား၊ အီရန်တို့ ထိခိုက်ဆုံးရှုံးသွားခြင်းကို သင်ခန်းစာယူသင့်သည်။ ယခုအခါ အာဆတ်ကျဆုံးခြင်းနှင့်အတူ ရုရှား၊ အီရန်တို့၏ နိုင်ငံရေးဂုဏ်သိက္ခာလည်း နိုင်ငံတကာတွင် မရှုမလှ ကျဆုံးခဲ့ရပြီ ဖြစ်သည်။ 

အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့သည် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ကို ဆက်လက်ကူညီပံ့ပိုး အကာအကွယ်ပေးနေကြလျှင်၊ ရုရှားနှင့် အီရန်တို့ကဲ့သို့ အဖြစ်မျိုး ကြုံတွေ့လာရမည်မှာ သေချာသည်။ မြန်မာ ပြည်သူများက ထိုနိုင်ငံတို့၏ လုပ်ရပ်များကို မေ့ပျောက်ပစ်ကြလိမ့်မည် မဟုတ်ပါ။

အထူးသဖြင့် ဒီဇင်ဘာလ ၁၉ ရက်နေ့က  ဘန်ကောက်မြို့တွင် ထိုင်းအစိုးရက ဦးဆောင်ပြီး မြန်မာ့ အိမ်နီးချင်း ၅နိုင်ငံနှင့် စစ်ကောင်စီ ကိုယ်စားလှယ် သန်းဆွေတို့ အလွတ်သဘော ဆွေးနွေးမှုတစ်ခု ကျင်းပခဲ့ပြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ၆ နိုင်ငံ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း အချက်များ ကို နေ့တွင်းချင်း ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဥ်သည် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ကယ်တင်ရေး စီမံချက်ပင် ဖြစ်သည်။ 

ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အိမ်နီးချင်း ၅နိုင်ငံ၏ အကြံအစည်ကို ထပ်မံမြင်တွေ့ခဲ့ရသည်။ ဘန်ကောက်မြို့၌ပင် ထိုင်းအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာဆီယံ ၉ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ် သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီကို အစည်းအဝေးများသို့ ပြန်လည်တတ်ရောက်ခွင့်ပေးပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံသည့်နည်းဖြင့် မြန်မာပြဿနာကိုဖြေရှင်းရန်၊ အိမ်နီးချင်း ၅နိုင်ငံ၏ သဘောထားကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကြိုးပမ်းခဲ့သည်။ ထိုအချက်ကို ပထမနေ့ အစည်းအဝေး ထုတ်ပြန်ချက်တွင် အထင်အရှား တွေ့မြင်နေရသည်။ 

တရုတ်နိုင်ငံဦးဆောင်သော အိမ်နီးချင်းနိုင်ငံများ၏ ခြေလှမ်းများ

ယခုနှစ်အတွင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည့် အာဆီယံပြင်ပ ဒေသဆိုင်ရာအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားလှယ် သန်းဆွေကို ဖိတ်ကြားခြင်း၊ အစည်းအဝေးပြင်ပ တွင် အလွတ်သဘော သီးခြားတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြင့် စစ်ကောင်စီကို အသိအမှတ်ပြုမှု ခြေလှမ်းများ တစတစ လှမ်းလာခြင်း ဖြစ်သည်။  

ဇူလိုင်လ ၁၁-၁၂ ရက်နေ့ နယူးဒေလီမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် ထိုင်း၊ အိန္ဒိယတို့က စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သလို၊ ဩဂုတ်လ ၁၆ ရက်နေ့ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော ၉ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံတို့က စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြသည်။ 

အထူးသဖြင့် ဩဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်သို့သွားကာ  စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှ ထောက်ခံရပ်တည်ကြောင်း ကမ္ဘာသိကြေညာခဲ့ပြီးနောက် မဲခေါင်-လန်ချန်း အစည်းအဝေးကျင်းပရာ ချင်းမိုင်မြို့သို့ တိုက်ရိုက်သွားရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံအရေးကိစ္စ တွင် ကျော်လွန်၍မရသော “စည်း ၃စည်း” ရှိသည် ဆိုပြီး ကြွေးကြော်ခဲ့သည်။ 



အဆိုပါ စည်း ၃စည်းမှာ (၁) မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊ (၂) အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ (၃) ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ ဖြစ်သည်။ 

ဒုတိယစည်းမှာ အာဆီယံကို တိုက်ရိုက်ပြောကြားခြင်းဖြစ်သည်။  အာဆီယံက မြန်မာကို ပြန်လည်လက်ခံရမည်ဟု တရုတ်က အာဆီယံခေါင်းဆောင်များကို ဩဇာပေးခြင်း၊ အာဆီယံ ဗဟိုပြုမှု (ASEAN Centrality) ကို ဝင်ရောက်စွက်ဖက်ခြင်းလည်း ဖြစ်သည်။ 

ထို့အပြင် ဝန်ကြီး ဝမ်ယိက မြန်မာ့အရေးဖြေရှင်းရာတွင် စစ်ကောင်စီ၏ “ရှေ့လုပ်ငန်းစဥ် ငါးရပ်” ကို နားလည် လေးစားပေးသင့်သည်၊ အာဆီယံ “ဘုံသဘောတူညီချက် ငါးရပ်” နှင့် ကိုက်ညီသည့်အချက်များကို အပြန် အလှန်မြှင့်ဖော်ဆောင်ရမည်ဟု အာဆီယံခေါင်းဆောင်များကို တစ်ပါတည်း ဩဇာပေး ပြောကြားခဲ့သည်။  

ထိုင်းအစိုးရကလည်း တရုတ်ဩဇာပေးသည့် လမ်းကြောင်းအတိုင်း ဒီဇင်ဘာ ၁၉-၂၀ အစည်းအဝေးနှစ်ခုကို သေချာစီစဥ်ပြီး၊ အိမ်နီးချင်း ၅နိုင်ငံ၏ သဘောထားကို ကိုင်စွဲလျက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိအားပေး၍ စစ်ကောင်စီနှင့် တိုက်ရိုက်ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ နောက်ခံအခြင်းအရာများအားလုံးကို ထောက်ရှုသုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင်းစစ်တွင် စစ်တပ် စစ်ရှုံးနေပြီး လျင်မြန်စွာ ပြိုလဲလာနေချိန်၊ စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်၏ အနာဂတ် မရေရာတော့ဘဲ ခြိမ်းခြောက်ခံနေရချိန်၊ မင်းအောင်လှိုင်နှင့် စစ်တပ်ကို ကယ်တင်ရေး အိမ်နီးချင်းနိုင်ငံများ၏ ကြိုးပမ်းမှုများသည် ဆီးရီးယားအာဏာရှင် အာဆတ်နှင့် သူ၏စစ်တပ်ကို ထောက်ခံကျားကန်ပေးခဲ့သော ရုရှားနှင့် အီရန်နိုင်ငံ တို့၏ လုပ်ရပ်များအတိုင်း ဖြစ်နေသည်။

အိမ်နီးချင်းများ၏ဖိအားကို နိုင်ငံရေးအရ ညီညွတ်မှုဖြင့်သာ ခုခံနိုင်

အိမ်နီးချင်း ၅နိုင်ငံ၏ ကယ်တင်ရေး စီမံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (ERO) မျက်ခြေမပြတ် စောင့်ကြည့်သင့်သလို၊ ၎င်းတို့ ၏ အကြံအစည်းများကို တုန့်ပြန်ချေမှုန်းမည့် အစီအမံများ ၂၀၂၅ ခုနှစ်တွင် ချမှတ်လုပ်ဆောင်သင့်ပါသည်။

စစ်ကောင်စီသည် စစ်ရေးတွင် ရှုံးနိမ့်နေသော်လည်း၊ အိမ်နီးချင်းသံတမန်ရေးတွင် (Neighboring Diplomacy တွင်) အောင်မြင်နေသည်ကို တရုတ်အစိုးရ၏ ကြားဝင်စွက်ဖက်မှုများ၊ ထိုင်းအစိုးရ၏ ဘန်ကောက်ဆွေးနွေးပွဲ ခြေလှမ်းများ ဖော်ပြနေသည်။ ထိုအချက်ကို တော်လှန်ရေးအင်အားစု လစ်လျှူမရှုသင့်ပါ။ 

ထို့အပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေသော ERO များသည် စစ်ရေးအောင်မြင်မှုများ ရရှိပြီး၊ ထိန်းချုပ်စိုးမိုးနယ်မြေများ ပိုမိုရရှိလာသော်လည်း၊ စစ်ရေးနည်းလမ်း တစ်ခု တည်းနှင့် မလုံလောက်မှန်း အထက်ပါအချက်များက သက်သေဖြစ်သည်။

ဤနေရာတွင် ERO ခေါင်းဆောင်များသည် ၎င်းတို့ချည်းသက်သက် နိုင်ငံတကာဆက်ဆံရေးကို ထိုးဖောက်၍ မရသလို၊ ၎င်းတို့ ဒေသများတွင် စစ်ရေးအောင်မြင်မှုများကြောင့် နိုင်ငံအဆင့်ကိုယ်စားပြုသူများ (State-level Representatives) အဖြစ် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေများအရ ၎င်းတို့ကို အသိအမှတ်ပြု ဆက်ဆံ ရန် မဖြစ်နိုင်ကြောင်း လက်တွေ့ကျကျ အသိအမှတ်ပြု လက်ခံရန် လိုအပ်ပါသည်။

သို့သော် ERO ခေါင်းဆောင်များကို နိုင်ငံအဆင့်ကိုယ်စားပြုသူများအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံလာမည့် နည်းလမ်းရှိနေပါသည်။ ယင်းမှာ မြန်မာပြည်သူများကို ကိုယ်စားပြုသော နိုင်ငံအဆင့် ကိုယ် စားလှယ်အဖြစ် နိုင်ငံတကာမှ လက်ခံထားပြီးဖြစ်သော NUG ကို ERO ခေါင်းဆောင်များက ပွင့်လင်းစွာ အသိ အမှတ်ပြုခြင်း၊ ၂၀၂၅ ခုနှစ်တွင် NUG အစိုးရအတွင်း ERO ခေါင်းဆောင်များ ပေါင်းစည်း၍ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း ဖြစ်ပြီး၊ ယင်းကို မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။ 

ထို့အပြင် လက်ရှိ စစ်ရေးအောင်မြင်မှုများကို နိုင်ငံရေးရည်မှန်းချက်များနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး တိကျသောအစီအမံကို နိုင်ငံတကာအား ချပြစည်းရုံးနိုင်မည် ဆိုလျှင် ၂၀၂၅ ခုနှစ်သည် မင်းအောင်လှိုင်နှင့် အာဏာရှင်စစ်တပ် ပြုတ်ကျမည့် နှစ် ဖြစ်လာပေလိမ့်မည်။

သို့မှသာ သံတမန်ရေးမျက်နှာစာတွင် စစ်ကောင်စီကို အိမ်နီးချင်း၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား ထိရောက်စွာ ထိုးနှက်နိုင်မည် ဖြစ်သည်။ 

ထိုကဲ့သို့ နိုင်ငံရေးအရ ရှင်းလင်းပြတ်သာသော ဦးဆောင်မှုကို စုစည်းညီညွတ်စွာ မပြသနိုင်ရွေ့၊ အိမ်နီးချင်း နိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံ၏ မင်းအောင်လှိုင်နှင့် စစ်တပ်ကို ကယ်တင်ရေး စီမံချက်အောက်တွင် ဖိအားမျိုးစုံကို ERO များ ဆက်တိုက်ရင်ဆိုင်လာရဖွယ်ရှိနေပြီး၊ တော်လှန်ရေးအင်အားစု အချင်းချင်း ညီညွတ်ရေး တည်ဆောက်မှုလမ်းကြောင်းမှ ပို၍ဝေးကွာသွားနိုင်ပါသည်။ ထိုအချက်ကို ERO ခေါင်းဆောင်များ အလေးအနက်ထား ဆင်ခြင် သတိချပ်သင့်ပါသည်။

ယခုပင် တရုတ်အစိုးရ၏ ဖိအားများကို နိုင်ငံမြောက်ပိုင်းအခြေစိုက် ERO များဖြစ်သော ကချင်၊ တအာင်းနှင့် ကိုးကန့်တို့ ရင်ဆိုင်နေရပြီ ဖြစ်သည်။ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ကြာရှည်လာသည်နှင့်အမျှ မင်းအောင်လှိုင်ကို အသိအမှတ်ပြုဆက်ဆံမှုများ အိမ်နီးချင်းနိုင်ငံများအားလုံးအကြား လက်ခံလာကြပြီး၊ ထိုဂယက်သည် အာဆီယံအဖွဲ့ကြီး အတွင်းထိ ပြန့်နှံ့သွားမည်ဆိုပါက တော်လှန်ရေးအတွက် အန္တရာယ်ကြီးမားပေလိမ့်မည်။

ညီညွတ်မှုကင်းမဲ့ခြင်းက မင်းအောင်လှိုင်ထက် ကြောက်စရာကောင်းသော အကြီးမားဆုံးရန်သူ 

ဤနေရာတွင် ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် စိုးမိုးအုပ်ချုပ်ခဲ့သော အာဏာရှင်အာဆတ် ကျဆုံးခြင်း နှင့် ဆီးရီးယားစစ်တပ်ပြိုလဲခြင်း ဖြစ်စဥ်များကို မြန်မာ့တော်လှန်ရေးအင်အားစု အသေအချာ လေ့လာ သင်ခန်းစာ ယူသင့်ပါသည်။

ဆီးရီးယားအစိုးရ ပြုတ်ကျခဲ့ရသည့် အဓိကအကြောင်းရင်းမှာ အာဏာရှင်အာဆတ်ကို ဆန့်ကျင်တော်လှန် ကြသော လက်နက်ကိုင်အင်အားစုများအကြား စုစည်းညီညွတ်မှုကြောင့် ဖြစ်သည်။ ဆီးရီးယား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံက ERO များ အရေအတွက်ထက် ပို၍များပြားသည်ဟု သိရှိရသည်။ 

၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့က ဆီးယားနိုင်ငံ မြို့တော် Damascus အနီးရှိ လူသတ်ကုန်းဟု နာမည်ကြီးခဲ့သော Sednaya အကျဉ်းထောင်တွင် လေ့လာ စစ်ဆေးနေသူတစ်ဦး။ ဒီဇင်ဘာ ၈ ရက်နေ့တွင် တော်လှန်ရေးသမားများ  မြို့ပေါ်ရောက်လာပြီး မြို့တော် လွတ်မြောက်ကြောင်း၊ သမ္မတကို ဖြုတ်ချလိုက်ကြောင်း၊ အကျဉ်းသားအားလုံးကို လွှတ်ပေးကြောင်း ကြေညာလိုက်ကြသည်။  (ဓာတ်ပုံ – EPA-EFE/ANTONIO PEDRO SANTOS)

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ အရေအတွက်များပြားခြင်းက ရှင်းလင်းပြတ်သားသော နိုင်ငံရေးရည်မှန်းချက် ဖော်ထုတ်ရန် အတားအဆီးမဖြစ်ခဲ့သလို၊ ထိုရည်မှန်းချက်အောက်တွင် ညီညွတ်စွာ စုစည်းရပ်တည် တိုက်ပွဲဝင်ရေးကိုလည်း အတားအဆီးမဖြစ်ကြောင်း ဆီးရီးယားက သက်သေပြသခဲ့ပြီ ဖြစ်သည်။ 

ထိုအချက်ကို မြန်မာ့တော်လှန်ရေးကာလ ၄နှစ်ကြာလာသည်အထိ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အဆင့်မှ နိုင်ငံရေးအရ ညီညွတ်သော ဦးဆောင်မှုပေးနိုင်သည့် အဆင့်ထိ မလုပ်ဆောင်နိုင်သေးသော တော်လှန်ရေး အင်အားစုများ အလေးအနက်ထား စဥ်းစားသင့်ပြီး၊ အမြန်ဆုံး ပြင်ဆင်သင့်ချိန် ရောက်နေပြီ ဖြစ်သည်။  

ပြည်တွင်းစစ် သက်ဆိုးရှည်နေခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ကျရသည်ကို အမှန်တကယ် စာနာထောက်ထားလျှင်၊ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးမည့် နည်းလမ်းကို ရွေးချယ်ရန် သာ ဖြစ်ပြီး၊ ယင်းမှာ တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်စွာ တစ်ပြိုက်နက်ထဲ တော်လှန်သည့် နည်းလမ်းမှတစ်ပါး အခြားမရှိပြီ။   

ထိုသို့ မလုပ်ဆောင်နိုင်သော အကြောင်းတရားမှာ  တော်လှန်ရေးအဖွဲ့တချို့က စစ်တပ်ကို မဖြုတ်ချနိုင်သေးမီ၊ ဖက်ဒရယ်စနစ်ကို မည်သို့မည်ပုံ ဒီဇိုင်းချတည်ဆောက်သင့်သည် ဟု အဆင့်ကျော် စဥ်းစား လုပ်ဆောင်နေကြခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် အချင်းချင်းအကြား နိုင်ငံရေးအငြင်းပွားမှုများနှင့် အချိန်ဖြုန်းနေကြပြီး၊ ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်း ဖြစ်သည်။ 

ထိုအယူအဆ ထောင်ချောက် (Ideology Trap) ထဲမှ မလွတ်မြောက်နိုင်သည်မှာ ပြည်တွင်းစစ်သက်တမ်း နှစ် ၇၀ ကျော်လုံးလုံး ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ 

ယနေ့အချိန်ထိ ထိုသင်ခန်းစာကို လက်တွေ့ကျကျ မရယူနိုင်ခြင်း၊ ပြင်ဆင်မှုများ မလုပ်နိုင်ပါက တော်လှန်ရေး အင်အားစုများအကြား ခေါင်းဆောင်မှုအရည်အသွေးနှင့် အမြော်အမြင် နိမ့်ပါးခြင်းတို့၏ ဘေးဒုက္ခကို ပြည်သူများ ဆက်လက်ခံစားကြရန်သာ ရှိပါတော့ကြောင်း သတိပေး သုံးသပ်တင်ပြလိုက်ရပါသည်။

၂၀၂၄ နိုဝင်ဘာ ၃၀ ရက်နေ့က ဆီးရီးယားနိုင်ငံ  ဒုတိယအကြီးဆုံးမြို့တော်  Aleppo တွင် တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။   (ဓာတ်ပုံ – EPA-EFE/Mohammed Al-Rifai)





Source link

Leave a Reply

Your email address will not be published. Required fields are marked *