ရခိုင်ပြည်နယ် အမ်းမြို့၊ ချင်းပြည်နယ်တောင်ပိုင်းဒေသကို အာရက္ခတပ်တော် (AA) နှင့် ၎င်း၏ မဟာမိတ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လက်နက်ခဲယမ်း စက်ရုံများရှိရာ မကွေးတိုင်းတွင် စစ်ရေးပြင်ဆင်လာသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ကို AA က ဒီဇင်ဘာလအတွင်း သိမ်းပိုက်လိုက်သလို ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက ထိန်းချုပ်လိုက်ရာ မကွေးတိုင်းအနောက်မြောက်ဘက်ခြမ်း နယ်စပ်တလျှောက်မှာ တော်လှန်ရေးအင်အားစု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီဖြစ်သည်။
ထို့ကြောင့် စစ်တပ်က လက်နက်စက်ရုံအများအပြားရှိသော မကွေးတိုင်းအတွင်း အင်အားစုဖွဲ့ကာ ခဲယမ်းများ ဖြည့်တင်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (မကွေး) PRA ၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က စစ်တပ်သည် တိုက်ပွဲအတွက် ခဲယမ်း ထပ်မံ ဖြည့်တင်းနေသည်၊ စစ်သားသစ်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၏ လှုပ်ရှားမှုလည်း ရှိနေသည်ဟု သိရကြောင်း ပြောသည်။
“မင်းဘူးဝန်းကျင်မှာလည်း ပျူနဲ့ သင်တန်းဆင်းအင်အားတွေ စုဖွဲ့နေတယ်လို့ကြားရတယ်။ ဘယ်ဘက်ကို ပို့မလဲ ဆိုတာတော့ မသိရဘူးပေါ့နော်။ နောက်တစ်ခုကတော့ ခဲယမ်း ဖြည့်တင်းတာမျိုးတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
“အဓိကတော့ မစခ (အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်) ၉၀၅ နဲ့ ပဒါန်းတပ်နယ်အတွက် 120 မမ လက်နက်ကြီး ကျည်ဆန်တွေအပါ အရံလက်နက်ခဲယမ်းတွေ ထပ်ဖြည့်နေတာရှိတယ်”
အမ်းမြို့ကို လက်လွှတ်ရပြီးနောက်ပိုင်း ကပ်လျက်မကွေးတိုင်းမှ မြို့နယ်များဖြစ်သည့် မင်းဘူး၊ ငဖဲ၊ ပဒါန်းမြို့နယ်တို့တွင် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ရခိုင်ရိုးမပေါ်တွင် ပိုမိုခြေကုပ်ယူနိုင်ရန်စစ်တပ်က ကြိုးပမ်းနေသည်ဟု ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) ၏ စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာက ပြောသည်။
“အမ်း ပဒါန်းလမ်းကို အခြေပြုပြီး ရိုးမပေါ်မှာ စစ်စခန်းတွေ တိုးချဲ့ တည်ဆောက်နေပါတယ်။
ရှိပြီးသား စခန်းတွေကို ဗျူဟာကုန်းအဆင့်အထိ တိုးချဲ့ တည်ဆောက် နေတာမျိုးရှိပါတယ်၊ နတ်ရေကန်တောင်နဲ့ ကံမြင့်ကန်ဂိတ်စခန်းတွေမှာ တိုးချဲ့ အထိုင်ချ ဖွဲ့စည်းနေကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ချင်းပြည်နယ်နှင့်ထိစပ်နေသည့် ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်တို့နှင့်ပါဝင်သည့် ယောဒေသ တွင်လည်း စစ်တပ်က ဘန်ကာ၊ ကတုတ်ကျင်းများ တည်ဆောက်ကာ ခံစစ်ပြင်နေသည့်အပြင် လေကြောင်းမှတဆင့် ခဲယမ်း ဖြည့်တင်းနေသည်ဟု ယောအခြေစိုက် ယောတပ်တော် (Yaw Army) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
နယ်မြေထိစပ်နေသည့် ကန်ပက်လက်မြို့သိမ်းခံရပြီးနောက် ဆုတ်ခွာလာသောစစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတပ်ဖွဲ့များ ၊ မိသားစုဝင်များ အပါအဝင် အင်အား ၁၅၀ နီးပါးမှာ ဆောမြို့နယ်အတွင်း ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။
ချင်းပြည်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက် လက်လွှတ်လိုက်ရသည့် စစ်တပ်အတွက် ခံစစ်စည်း ဖြစ်လာသည့် ယောဒေသတွင် မကြာမီကာလတွင်း စစ်ရေးအရှိန်မြင့်တက်လာနိုင်သည်ဟု ထိုသူက သုံးသပ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် တို့ကို ထိန်းချုပ်လိုက်ခြင်းကြောင့် မကွေးတိုင်းအတွင်း စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း နှင့် ကပစဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံများကို အချိန်မရွေး ခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်ကြောင်း PRA ၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။
“အဓိကတော့ ရန်သူရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ လက်နက်ခဲယမ်းထုတ်လုပ်နေတဲ့ ကပစ စက်ရုံ တွေကိုတော်လှန်ရေးအဖွဲ့တွေနေနဲ့ အချိန်မရွေးခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်မယ်။ နောက် တစ်ခုကတော့ ပြည်မထဲ တော်လှန်ရေးအင်အားစုအနေနဲ့ လွယ်လင့်တကူ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အနေအထား ဖြစ်သွားမယ်”
လက်ပစ်ဗုံး၊ ကျည်ဆန်မှအစ နိုင်ငံအနှံ့ လေတပ်ကလိုက်လံကြဲချနေသည့် ဗုံးများအထိ ထုတ်လုပ်ပေးရာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ခုရှိသည့်အနက် ၁၅ ခုမှာ မကွေးတိုင်းတွင် ရှိပြီး အများစုမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို အခြေပြု တည်ဆောက်ထားသည်။
မကွေးတိုင်းအတွင်းရှိ ထိုစက်ရုံများကို တော်လှန်ရေးအဖွဲ့များက ရံဖန်ရံခါ တိုက်ခိုက်တတ်ပြီး ၂၀၂၁ နိုဝင်ဘာအတွင်း ကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောမြို့အခြေစိုက် ကပစ (၂၃)မှ ဗိုလ်ကြီးသော်ဇင်နှင့် တပ်သား စိုးရာဇာကို PRA က ဖမ်းမိခဲ့သည်။
အလားတူ ကပစ ၁၄၊ ကပစ ၁၂ တို့ကို ၂၀၂၃ ဖေဖော်ဝါရီတွင် PRA က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
လတ်တလော လက်လွှတ်ထားရသည့်မြို့များအနီးတွင် ကပစ စက်ရုံ ၄ ရုံထက်မနည်းရှိနေသည့် အနက် ဆောမြို့နှင့်လောင်းရှည်အနီးရှိ ကပစ ၂၅ မှာ အခြိမ်းခြောက်ခံရနိုင်ဆုံးစက်ရုံ ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်သည်။
“ပထမဆုံး ကျသွားနိုင်တဲ့ ကပစ ဖြစ်လာနိုင်တယ်” ဟု သူက မှတ်ချက်ပြုသည်။
“သူကနောက်ဆုံးမှလုပ်တဲ့ ကပစ ဖြစ်တဲ့အတွက် လူအင်အားများများ လည်ပတ်နိုင်တဲ့ ကပစ မဟုတ်ဘဲနဲ့ တပ်အသစ်ပေါ့။ အာဏာမသိမ်းခင်ကာလ ရှေ့ပိုင်းလောက်ကမှ သိပ်မကြာခင် လူအင်အား၊ ထုတ်လုပ်မှု အင်အား လုပ်နိုင်နေတာတွေမဟုတ်ဘူး။ တိုက်ခိုက်ဖို့အတွက် အလွယ်ဆုံးနေရာ ဖြစ်တယ်”
မကွေးတိုင်း အနောက်ခြမ်းကိုဖြတ်သန်းသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင်လည်း တော်လှန်ရေး အင်အားစု၏ စိုးမိုးနယ်မြေ ယခုနှစ်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာကြောင်း ထိုအဖွဲ့များက ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့် ပြည်မကို ဆက်သွယ်ထားရာ လမ်းကြောင်းတစ်ခုဖြစ်သည့် တောင်ကုတ်မြို့ကို လည်း AA က ထိန်းချုပ်လိုက်ပြီးနောက် စစ်တပ်က ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း စစ်ရေး ပြင်ဆင်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ ရခိုင်ပြည်နယ် တောင်ပိုင်း အစွန်ဆုံးရှိ ဂွမြို့ကို AA က အပြင်းအထန် ထိုးစစ်ဆင်နေချိန်တွင် ရိုးမ တစ်ဘက်ခြမ်းရှိ ဧရာဝတီတိုင်းတွင်လည်း စစ်ရိပ်စစ်ငွေ့သန်းလာပြီး ယခင်ကထက် လုံခြုံရေးပိုမို တင်းကျပ်ထားသည်။