၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်းကို အောင်မြင်စွာပြီးဆုံးကြောင်း အခမ်းအနားတခု ထွက်ရှိလာခဲ့ကြပါတယ်။ KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းဆင်းပွဲမှာ TNLA ရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး တားဆငည်းလေး၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော်ရဲ့ ဒုစစ်ဦးစီးချုပ် နိုင်မာဃ နဲ့ စစ်ဦးစီးရုံးချုပ်က ဗညားမင်းကန်စီ၊ အရှင်တေဇိန္ဒာဘိဝံသ ၊ ABSDF ဦးဇော်ထွန်းတို့က တက်ရောက်ဂုဏ်ပြုခဲ့တာ တွေ့ရပါတယ်။သင်တန်းဟာ ၄၅ ရက်ကြာ စစ်သင်တန်းဖြစ်ပြီး ဒီစစ်သင်တန်း ပြီးဆုံးတဲ့အထိ စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်၊ ရဲမေတွေရဲ့ တော်လှန်ရေးယုံကြည်ချက် ခိုင်မာမှု နဲ့ ဇွဲလုံလကြီးမှုကို အထူးဂုဏ်ယူမိတယ်လို့ MLA က ဆိုပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) စစ်ဦးစီးရုံးချုပ် (GSO) ဗညားမင်းကန်စီ မှ ဂုဏ်ပြုအမှာစကားကိုပြောကြားရာမှာ “ အိုစစ်သည်တို့…ငါတို့မွန်လူမျိုးသည် ဧကရာဇ်မျိုးဖြစ်ပါတယ်။ယဉ်ကျေးမှုလည်းကောင်း၊အုပ်ချုပ်မှုဆိုင်ရာလည်းကောင်း ခေတ်အဆက်ဆက် အာဏာဖြင့်ပြည့်ပြည့်စုံစုံဦးစွာ ရပ်တည်လာခဲ့သည်။ မြတ်စွာဘုရားရဲ့သာသနာတော်(၃)ရပ်ကိုလည်း ငါတို့သည်သာ ရှေးဦးစွာတည်ထားခဲ့သည်။ အို မွန်အမျိုးတို့…အိုမွန်စစ်သည်တို့..ဒီနေ့သည် ငါတို့နိုင်ငံမရှိတော့ပါ။သူများလက်အောက်မှာရောက်သွားပြီး ကျွန်အမျိုးဖြစ်သွားပါပြီ။
ဒါကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် မွန်ရဟန်းတော်လည်းကောင်း၊မွန်တိုင်းသူပြည်သားလည်းကောင်း၊မွန်စစ်သည်တော်တွေလည်းကောင်းအားလုံးမှာ တာဝန်ရှိပါသည်။အကယ်၍ငါတို့မွန်လူမျိုးသည် ကျွန်ဘဝမှ မလွတ်မြောက်ရင် ဘယ်နေရာဒေသပဲသွားသွား၊သူဌေးဖြစ်ဖြစ်၊သေပြီး နတ်ဖြစ်သွားတာတောင်မှ ငါတို့သည် ကျွန်အမျိုးသာဖြစ်သည်။ ထို့ကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် ကိုယ့်ကိုယ်ကိုချစ်ခြင်းကိုလည်းကောင်း၊စည်းစိမ်ဥစ္စာကိုချစ်ခြင်းအားလည်းကောင်း၊ကိုယ့်အသက်ကိုချစ်ခြင်းကိုလည်းကောင်း စသည့်သံယောဇဉ်တွေကို အကုန်လုံးစွန့်လွှတ်ရမည်။လွတ်မြောက်ခြင်းရဲ့အခွင့်အရေးမှလွဲ၍ ဘာကိစ္စမှ အရေးမကြီးပါ။ထို့ကြောင့် အိုစစ်သည်တို့…ကျိုက်ထီးရိုးဘုရား၊ရွှေတိဂုံဘုရားတို့ကိုသစ္စာပြုပြီး၍ ညီညီညာညာ မှန်မှန်ကန်ကန်ရိုးသားစွာဖြင့် မွန်အမျိုးသားရေးကိုထမ်းဆောင်ကြပါလို့ နှိုးဆော်ခဲ့တာ တွေ့ရပါတယ်။မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မဟာလူမျိုးကြီးဝါဒ ပျက်သုဉ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသလို အရည်အချင်းပြည့်ဝတဲ့ မွန်တော်လှန်ရေးရဲဘော်တွေ ပေါ်ထွက်လာရေးအတွက် စစ်သင်တန်းများဆက်တိုက် ပို့ချလျက်ရှိပါတယ်။
The post မွန်ပြည်လွတ်မြောက်ရေးတပ်မတော်ရဲ့ အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းခဲ့ပါပြီ first appeared on Voice of Revolution Live News.