ylliX - Online Advertising Network

၂၀၂၄ ကုန်စည်စျေးနှုန်း သုံးသပ်ချက်



မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံနည်းတူ စိုက်ပျိုးရေးကဏ္ဍဟာလည်း အခက်အခဲ ပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရုန်းကန်နေရပါတယ်။

စိုက်ပျိုးစရိတ် သွင်းအားစုဈေး မြင့်တက်နေပြီး နယ်မြေမတည်ငြိမ်မှုကြောင့် တောင်သူတွေ အကြွေးနွံ့နစ် ဒုက္ခရောက်နေကြ ရသလို ကုန်သည်တွေဟာလည်း ပြည်ပတင်ပို့မှု အခွင့်အလမ်းတွေ လျော့ကျတာအပြင် ပို့ကုန်မူဝါဒတွေကြောင့် အခက်ကြုံ နေရဆဲ ဖြစ်ပါတယ်။

အလားတူပဲ ငွေကြေးဖောင်းပွမှုနဲ့ ဝင်ငွေနည်းပါးမှုများကြားက စားသုံးသူ ပြည်သူတွေဟာလည်း နေ့စဉ်စားသုံးနေရတဲ့ စိုက် ပျိုးရေးထွက်ကုန်တွေရဲ့ ဈေးကြီးမြင့်မှုဒဏ်ကို ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ အားလုံးရဲ့ အများစုဟာ ကုန်သွယ်ရေးမလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံက စိုက်ပျိုးရေး ထွက် ကုန်တွေအတွက် လမ်းကြောင်းသစ်ရှာ တင်ပို့ရတာတွေ လုပ်ခဲ့ရသလို၊ မြန်မာနိုင်ငံက သစ်သီးဝလံတွေအတွက် အဓိက ဈေး ကွက်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကို မြန်မာ့လယ်ယာထွက်ကုန်တွေ တင်ပို့ရာမှာလည်း နယ်စပ်ဂိတွေ ပိတ်ထားလို့ လမ်းခရီးမှာ သီးနှံအရည်အသွေး ကျဆင်းပြီး၊ ဈေးကောင်းမရတာ၊ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာမှုဒဏ်ကို ကုန်သည်တွေက ရင်ဆိုင်နေ ရပါတယ်။

အလားတူပဲ မြန်မာနိုင်ငံနဲ့ ထိုင်းအကြားက အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီလမ်းကြောင်းဟာ လည်း တိုက်ပွဲတွေကြောင့် ရပ်နားထားရလို့ ရန်ကုန်-ကော့သောင်း-ရနောင်းလမ်းကြောင်းကနေ ပြောင်းလဲ တင်ပို့နေရပါ တယ်။ အခြားဈေးကွက်တွေကို ပြောင်းရွှေ့ဖို့ကလည်း မလွယ်သေးတဲ့ အခြေအနေလို့ ကုန်သည်တွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေ အမျိုးမျိုးကြောင့် တစ်နယ်နဲ့ တစ်နယ် ကုန်စည်အပြန်အလှန် တင်ပို့မှုတွေလည်း တစ် ဖြည်းဖြည်း လျော့ကျလာတာကို တွေ့ရပါတယ်။

ဒါ့အပြင် အခုနှစ်မှာ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာမြေတွေ ရေနစ်မြှပ်ပြီး သီးနှံအထွက်နှုန်းတွေ ထိခိုက်ခဲ့ခြင်းက လည်း စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်၊ ဈေးနှုန်းအပေါ် သက်ရောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

ဆန်
လက်ရှိကာလဟာ ဆန်အသစ်တွေ စျေးကွက်ထဲဝင်ရောက်ချိန် ဖြစ်ပေမယ့် ဆန်ရည်ညွှန်းဈေးတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေနဲ့ယှဥ်ရင် တစ်နှစ်အတွင်း ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာတာကို တွေ့ရ ပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့ ရည်ညွှန်း ဈေးသတ်မှတ်ပြီး ဆန်စက်တွေနဲ့ ဆန်ကုန်သည်တွေကို ထိန်းချုပ်တာတွေ ပြုလုပ်နေပေမယ့်လည်း ပြင်ပဈေးကွက်မှာ သတ် မှတ်ဈေးထက် မြှင့်ပြီးရောင်းချနေကြတာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေတာကလည်း ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်တင်ပို့ရောင်းချရာမှာ အခက်တွေ့စေ တယ်လို့ ကုန်သည်တွေ ပြောပါတယ်။

ဆန်ဈေးက ပြည်တွင်းမှာ မြင့်နေပေမယ့် အခုနှစ် ပြည်ပတင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဆန်၊ ဆန်ကွဲ တန်ချိန် ၉ သိန်း ကျော်ထိ တင်ပို့ထားနိုင်တာကို တွေ့ရပါတယ်။ အခုလို ပြည်ပကို ဆန်တန်ချိန် တိုးမြှင့်တင်ပို့ထားချိန်၊ တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုတွေကြောင့် ဆန်စပါးအထွက်နှုန်း ထိခိုက်ပြီး ပြည်တွင်းစားနပ်ရက္ခာဖူလုံမှု ထိခိုက်မှာကို စိုးရိမ်နေကြပါ တယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ကတော့ ပြည်တွင်းစားသုံးဖို့အတွက် ဆန်အလုံအလောက် ရှိတယ်လို့ ပြော ဆိုထားပါတယ်။

စားအုန်းဆီ

စားသုံးဆီ ကြီးကြပ်ရေး ကော်မတီက စားဆီရည်ညွှန်းဈေးကလည်း တစ်ပိဿာကို ကျပ် ၇,၀၀၀ ကျော်ထိမြင့်တက်လာပြီး၊ ပြင်ပဈေးကွက်မှာတော့ ၁၅,၀၀၀ ကျပ်လောက်ထိ ပေါက်စျေးရှိနေပေမယ့်၊ ဈေးကွက်ထဲ ပစ္စည်းရှားပြီး၊ ဝယ်ယူရ ခက်ခဲနေ တယ်လို့ ကုန်သည်တွေနဲ့ စားသုံးသူတွေက ပြောပါသေးတယ်။

စားသုံးဆီကြီးကြပ်ရေး ကော်မတီက ထုတ်ပေးထားတဲ့ ဝယ်ယူခွင့် စာအုပ်နဲ့ ဆီတန်းစီဝယ်သူတွေထံကနေ မှောင်ခိုဈေးနဲ့ ပြန်ဝယ်ယူနေရတဲ့ အခြေအနေပါ။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတော့ စားသုံးဆီကြီးကြပ်ရေး ကော်မတီက စားဆီရည်ညွှန်းဈေး အနေနဲ့ တစ်ပိဿာကို ၄,၈၀၀ ကျပ်ဝန်းကျင် သတ်မှတ်ခဲ့ပြီး၊ ပြင်ပစျေးကွက်မှာတော့ တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်ထိ ပေါက်စျေး ဖြစ် ပေါ်ခဲ့ပါတယ်။

အာလူး

လမ်းပန်းဆက်သွယ် အခက်အခဲတွေကြောင့် ဈေးကွက်ထဲကို အာလူး အဝင်နည်းခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရန်ကုန်ဘုရင့် နောင်ကုန်စည်ဒိုင်မှာ တရုတ်အားလူး တစ်ပိဿာကို ၉,၅၀၀ ကျပ်ထိ အမြင့်ဆုံးစျေး ရောက်ရှိခဲ့ပါတယ်။

လက်လီဈေးကွက်မှာတော့ အာလူး တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျော်ထိ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အခု လိုအချိန်က စျေးကွက်ထဲမှာ တရုတ်အာလူးက တစ်ပိဿာကို ၂,၈၀၀ ကျပ်သာ အမြင့်ဆုံးစျေး ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ တရုတ်အားလူးက ကုန်အဝင်ပုံမှန် ပြန်ဖြစ်လာပြီး တစ်ပိဿာကို ၅,၈၀၀ ကျပ်အထိ ပြန်ကျဆင်းသွားတာကို တွေ့ရ ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပုံမှန်တင်ပို့နေတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ တရုတ်-မြန်မာ၊ ထိုင်း၊ ဘင်ဂလားဒေ့်ရှ် နယ်စပ်တို့မှာ တိုက်ပွဲ တွေ ဖြစ်နေတာကြောင့် လမ်းကြောင်းပြောင်းလဲတင်ပို့နေရတာဖြစ်လို့ ပြည်ပကိုတင်ပို့မှု လျော့နည်းနေတယ်လို့ ကုန်သည် တွေက ပြောပါတယ်။

လမ်းကြောင်းအသစ်ကနေ တင်ပို့ခဲ့ရာမှာလည်း အချိန်ကြန့်ကြာပြီး သယ်ယူစရိတ်မြင့်မားတာကြောင့် အကျိုးအမြတ် ရရှိမှု နည်းပါးနေတယ်လို့ တောင်သူတွေ ပြောကြပါတယ်။ လက်ရှိမှာလည်း ကြက်သွန်နီဈေးတွေ တောက်လျှောက် ကျဆင်းနေ တာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)ဈေးကတော့ ကုန်အဝင်နည်းခဲ့တာကြောင့် ဒီဇင်ဘာ လဆန်းပိုင်းက တစ်ပိဿာကို ကျပ် ၂၃,၀၀၀ အထိ အမြင့်ဆုံးစျေး ရောက်ရှိခဲ့ပြီး၊ လက်ရှိမှာတော့ တစ်ပိဿာကို ၁၇,၀၀၀ ကျပ်ဝန်းကျင်ထိ စျေးပြန်ကျဆင်းနေ ပါတယ်။

ပြောင်း

သွင်းအားစု ဈေးတွေ မြင့်နေတာအပြင် ရေကြီးရေလျံမှုကြောင့် အထွက်နှုန်းထိခိုက်ခဲ့ရလို့ ၂၀၂၄ ခုနှစ်မှာ ပြောင်းထွက်ရှိမှုက နည်းခဲ့ပါတယ်။

လတ်တလောမှာ ပြည်ပဈေးကွက် ဝယ်လိုအားကောင်းနေပေမယ့် ပြည်တွင်းရောင်းလိုအားက နည်းနေတာပါ။ ဝယ်လိုအားနဲ့ ကုန်ရရှိနိုင်မှု မမျှတဖြစ်ပေါ်ပြီး ပြောင်းဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။

အခုနှစ်မှာ အိန္ဒိယနိုင်ငံက အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ပြောင်း တန်ချိန် အများအပြား ဝယ်ယူနေသလို၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကလည်း ဝယ်ယူမှု ရှိတာကြောင့် ၂၀၂၄ ခုနှစ်မှာ ပြည်ပဈေးကွက် အခွင့်အလမ်းကတော့ တိုးလာ တယ်လို့ ဆိုနိုင်ပါတယ်။

အိန္ဒိယနိုင်ငံနှင့် အသစ်ချုပ်ဆိုမယ့် နားလည်မှု စာချွှန်လွှာ (MOU) မှာ ပြောင်းတန်ချိန် ၅ သိန်း ဝယ်ယူပေးဖို့ အဆိုပြုချက်က လည်း မြန်မာ့ပြောင်းဈေးကွက် ချဲ့ထွင်နိုင်မယ့် အခြေအနေကောင်း တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်း ပိုင်းကာလမှာ မြန်မာနိုင်ငံက ကြံနဲ့ ပြောင်းကို ဝယ်ယူနိုင်ဖို့အတွက် နယ်စပ်ဂိတ်အချို့ကို တရုတ်နိုင်ငံက ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ကုန်ကျစာရိတ် မြင့်တက်လာတဲ့အတွက် စိုက်ပျိုးထုတ်လုပ်မှုစာရိတ်နဲ့ သယ်ယူတင်ပို့စာရိတ်တွေကြောင့် အကျိုး အမြတ် ရသင့်သလောက် မရရှိဘူးလို့ တောင်သူတွေနဲ့ ကုန်သည်တွေက ဆိုကြပါတယ်။

မြန်မာ့ပြောင်းကို အဓိကဝယ်ယူနေတဲ့ ထိုင်းနိုင်ငံက လာမယ့်နှစ်မှာတော့ တောင်ယာတောမီးရှို့ထားတဲ့ ပြောင်းခင်းတွေက ထွက်ရှိလာတဲ့ ပြောင်းကိုမဝယ်ယူဘူးလို့ ပြောဆိုမှုတွေလည်း ရှိခဲ့တာကြောင့် မြန်မာပြည်တွင်း ပြောင်းဈေးကွက်အပေါ် သက်ရောက်လာမူ ရှိ၊ မရှိ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပဲမျိုးစုံ

မြန်မာ့ပဲတွေအတွက် အဓိက ဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံကို နှစ်ဆတိုးပြီး ဝယ်ယူဖို့ ရှိနေတာကြောင့် ပဲဈေးကွက်ဟာ အလားအလာကောင်း ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဒေါ်လာငွေလဲနှုန်း ပြန်ကျဆင်းနေတာအပြင် အိန္ဒိယနိုင်ငံက ဝယ်လိုအား နည်းနေတာကြောင့် မြန်မာ့ ပဲဈေးက တဖြည်းဖြည်း ပြန်ကျဆင်းလာနေပါတယ်

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မတ်ပဲ တစ်တန်ကို ၄၅ သိန်းကျပ်နှင့် ပဲစင်းငုံနီက တစ်တန်ကို ၅၂ သိန်းကျပ်အထိ အမြင်ဆုံး စျေးရောက်ရှိခဲ့ပေမယ့် တစ်ဖြည်းဖြည်း ပြန်ကျဆင်းလာပြီး လက်ရှိမှာတော့ အကျဈေးမှာ တည်ငြိမ်နေပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကုန်သွယ်မှု ရပ်တန့်နေတာကြောင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန် တွေဟာ ရေလမ်းကြောင်းကို အဓိကအားထားပြီး တင်ပို့နေရပါတယ်။

လက်ရှိမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိတာကြောင့် နိုင်ငံ့စီးပွားရေးနဲ့အတူ စိုက်ပျိုးရေး ကဏ္ဍကလည်း ၂၀၂၅ ခုနှစ်မှာ အလားအလာကောင်းတွေအစား စိန်ခေါ်မှုတွေ အများအပြား ရှိနေတာကို တွေ့ရပါတယ်။

သွင်းအားစုဈေးနှုန်း မြင့်တက်တာကအစ ပြည်တွင်းသယ်ယူပို့ဆောင်မှုလမ်းကြောင်း ခက်ခဲတာအလယ်၊ အမျိုးမျိုးဖြစ်နေတဲ့ ပို့ကုန်/သွင်းကုန် မူဝါဒတွေ၊ ငွေကြေးဖောင်းပွမှုတွေအဆုံး အခက်အခဲတွေ ကြားထဲမှာ အခြေခံစားသောက်ကုန် ဈေးနှုန်း တွေက ဆက်လက်မြင့်တက်ဖွယ် ရှိနေပါတယ်။

တောင်သူတွေ အနေနဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စိုက်ပျိုးရခက်ခဲမှု၊ စိုက်ပျိုးစာရိတ် မြင့်တက်မှု၊ ရာသီဥ တုကြောင့် ပျက်ဆီးဆုံးရှုံးမှု အပါအဝင် ဝယ်လက်နည်းပါးလာမှုတို့ကြောင့် ဈေးကောင်းမရရှိတဲ့အတွက် စိုက်ပျိုးစာရိတ် ဆုံး ရှုံးပြီး၊ အကြွေးသံသရာမှာ လည်ပတ်နေကြရပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်ပြီးနှေးကွေးနေဦးမှာ ဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက် ကျယ်ပြန့်လာနိုင်တယ်လို့လည်း ပြောဆိုသုံးသပ်ထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *