မုံရွာမှာ မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲလူသတ်မှုကို မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး ဦးဆောင်၍ ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဓားပြတိုက်သူများ၏ သေနတ်နဲ့ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ကျော် အရွယ် မမို့မို့စန်း သေဆုံးခဲ့ပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။ အဆိုပါ ဓားပြမှုကို ၁၂ နာရီတွင်းမှာပဲ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖော်ထုတ်ခဲ့တာဖြစ်ပြီး ကျူးလွန်များ၏ ဓါတ်ပုံနှင့်တကွ နောက်ဆက်တွဲအရေးယူမှုများ၊သက်သေခံထွက်ဆိုချက်များကို ပြည်သူများအား တရားဝင် ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။ “အခုစစ်ကြောရေးဝင်နေပါတယ်။ အကုန်မိပါပြီ၊ ပြစ်မှုထဲမှာပါဝင်တဲ့ ယောက်ျားလေးတွေရော၊ အဲဒီကိစ္စကို ကြိုးကိုင်တဲ့သူတွေရော အကုန်မိထားပါတယ်။ ကျူးလွန်သူတွေထဲမှာ မိန်းကလေးတွေရောပါဝင်ကြောင်း၊ အိမ်ထဲဝင် တိုက်တာက ၆ ယောက်၊ ကြိုးကိုင်တာက ၃ ယောက်ဆိုတော့ ၉ ယောက်လောက်ရှိမယ်ခန့်မှန်းကြောင်း၊ ဖမ်းမိတဲ့သူတွေအားလုံး ကျနော့်ဆီမရောက်သေးဘူး။ ဖြန့်ကောက်နေရတာမို့၊ ပစ္စည်းသိမ်း ဆည်းမှုနဲ့ပတ်သက်လို့ကတော့ စစ်ဆေးနေတုန်းပဲ” လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ ကထုတ်ပြန်ပါတယ်။ လူသတ်ကားလုယူသွားသူများအား မုံရွာပလဖနှင့်အဟာမိတ်များက လိုက်လံဖမ်းဆီးခဲ့ရာ အက်တောရပ်ကွက်လမ်းပေါ်တွင် ကားကိုပြန်ရပြီးနောက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ခြိမ်းခြောက်ငွေတောင်းခံမှုတွေကြုံရင် တော်လှန်ရေးအင်အားစုတွေထံ အကြောင်းကြားဖို့ တောင်သာ ပ.က.ဖမှ ထုတ်ပြန်ပြည်သူလူထုအား ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများရှိနေတာကြားရပြီး ထိုအခြေအနေမျိုးကြုံရပါက တော်လှန်ရေးအင်အားစုများထံ အကြောင်းကြားကြဖို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့ရက်စွဲပါ စာတစောင်တွင် ပြည်သူလူထုထံ ကျပ် ၁၀သိန်း ခြိမ်းခြောက်တောင်းဆိုထားသည့် စာနှင့်ပတ်သက်ပြီး တောင်သာ ပ.က.ဖ အနေနဲ့ အခုလို ကြေငြာချက်ထုတ်တာဖြစ်ပါတယ်။ အဲ့လိုစာပါအကြောင်းအရာကို တုံ့ပြန်ရာမှာ “ မြို့နယ်ပကဖ အနေဖြင့် ထိုသို့ငွေကြေးခြိမ်းခြောက်တောင်းခံမှုမျိုးကို ပြုလုပ်မည်မဟုတ်ကြောင်း အပြည့်အ၀ တာဝန်ယူ ဖြေရှင်းနိုင်သည်ဟု ဖော်ပြထားပါတယ်။ ထိုကဲ့သို့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုကို စစ်ကောင်စီဘက်က အသွင်ယူပြုလုပ်သည် ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်သည်ဖြစ်စေ အောက်တန်းကျသောလုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း တောင်သာ ပကဖက ဆိုထားပါတယ်။ “ပြည်သူတွေအနေနဲ့ ဒီလို ခြိမ်းခြောက်တောင်းခံတာမျိုးကို မကြောက်လန့်ဖို့၊ ကြောက်ပြီး မပေးမိဖို့လိုကြောင်း၊ အဲဒီလို ခြိမ်းခြောက်တောင်းခံရလို့ရှိရင် နည်းလမ်းရှာပြီးတော့ တော်လှန်ရေးအင်အားစုတွေဆီကို အကြောင်းကြားသင့်ကြောင်း” တောင်သာ ပကဖ တာဝန်ရှိသူက ပြောပါတယ်။ တောင်သာ ပကဖသည် ပြည်သူကိုကိုယ်စားပြုသော မြို့နယ်ကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်ကြောင်း ပြည်သူကိုအနှောက်အယှက်ဖြစ်စေသော၊ ပြည်သူထိတ်လန့်စေသော မည်သည့်ငွေကြေးတောင်းခံမှုမျိုးကိုမျှ မည်သည့်အချိန်အခါကမှ မပြုလုပ်ခဲ့ကြောင်း အသိပေးပြီး နောင်ဘယ်အခါမှလည်း ပြုလုပ်မည်မဟုတ်ဟု ကတိပြု ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ မိမိတို့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးရဲဘော်များပီပီ ပြည်သူကို အမြဲတမ်း အလေးအမြတ်ပြုသော၊ ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်သော အဖွဲ့အစည်းအဖြစ် အမြဲတမ်းရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့ထံကတိသစ္စာပြုပါသည်ဟု တောင်သာ ပကဖက ကြေညာခဲ့တာ တွေ့ရပါသည်။
The post မုံရွာမြို့က လူသတ်ဓားပြမှုကို မုံရွာပ.လ.ဖမှ ဖော်ထုတ်နိုင်ခဲ့ first appeared on Voice of Revolution Live News.