၂၀၂၄ ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ ရှိနေတဲ့ စစ်ဌာနချုပ် ၂ ခု လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက် အထိနာခဲ့ပေမဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ လမ်းကတော့ နီးလာနေပြီလို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါ၀င်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီအကြီးအကဲကို ဖမ်း၀ရမ်းထုတ်ဖို့ ကြိုးပမ်းနေတဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim Khan ကတော့ ၂၀၂၅ခုနှစ်မှာ တရားမျှတမှုတွေ ပိုပြီးရလာဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ နယ်ပယ်အသီးသီးမှာ အထင်ကရ ပါ၀င်လှုပ်ရှားနေသူတွေရဲ့ နှစ်သစ်ကူး သံန္နိဌာန် ပြောကြားချက်တွေကို အထူးအစီအစဥ်အဖြစ် မအင်ကြင်းနိုင်က စုစည်းတင်ဆက်ထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါရှင်။ VOA မြန်မာပိုင်းရဲ့ ဒီမိုကရေစီရေးရာ အစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီတပတ်အတွက်တော့ ၂၀၂၄ ကုန်ပြီဖြစ်တဲ့အတွက် ၂၀၂၅ နှစ်သစ် ကူးပြောင်းမယ့် အခါသမယမှာ ကျမတို့ နယ်ပယ်အသီးသီးမှာ လှုပ်ရှားနေသူတွေရဲ့ အမှာစကားတွေ သူတို့ရဲ့ နှစ်သစ်အဓိဌာန်တွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒေါက်တာဆာဆာ (NUG အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေးဝန်ကြီး)
အားလုံးပဲ မင်္ဂလာပါ။ ၂၀၂၅ ကတော့ United States of Burma (USB) အဲဒါကို ကမ္ဘာကို ကြေညာဖို့လိုတယ်။ မြန်မာနိုင်ငံသည် စည်းလုံးတယ်။ မြန်မာနိုင်ငံသည် ညီညွှတ်တယ်။ မြန်မာနိုင်ငံသည် တနိုင်ငံပဲ ရှိတယ်။ United States of Burma ကို အမေရိကန်ကိုလည်း ပြရမယ်။ တရုတ်ကိုလည်း ပြရမယ်။ အိန္ဒိယကိုလည်း ပြရမယ်။ United States of Burma စည်းလုံးညီညွှတ်အောင်ကြောင်းဖြာ ဆိုတာကို တကမ္ဘာလုံးကို ပြနိုင်တဲ့ တော်လှန်ရေးက ပွဲပြီးတော့မှာ ဖြစ်တယ်။ United States of Burma ၂၀၂၅ အားလုံး Happy New Year ပါ။ ကျေးဇူးပါ။
Kim Aris – မောင်ထိန်းလင်း (ဒေါ်အောင်ဆန်းစုကြည် သားငယ်)
မင်္ဂလာပါ။ အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အခုလို ၂၀၂၅ ခုနှစ် ကို ဝင်ရောက်လာချိန်မှာ ကျနော် သတိပေးချင်တာက ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ မေမေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပြည်သူ့အစိုးရအဖြစ် အုပ်ချုပ်ခဲ့မယ်ဆိုရင် ဒုတိယသက်တမ်း ကုန်ဆုံးတော့မယ့် အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစား ကျနော့်မိခင်ဟာ အကျဥ်းထောင်ထဲမှာ တယောက်ထဲ တိုက်ပိတ်ခံထားရတာ ငါးနှစ် ဆက်တိုက်ရှိနေပါပြီ။
မြန်မာနိုင်ငံ ကအခြေအနေတွေဟာ ပိုမိုဆိုးရွားာနေပြီး လူပေါင်း ၃ သန်းကျော် ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါအပြင် တိုင်းပြည်ရဲ့ လူဦးရေ သုံးပုံတပုံကျော်ပမာဏရှိတဲ့ လူပေါင်း သန်း ၂၀ ကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာပါ။ ပြည်တွင်းစစ်ကြောင့် အရပ်သားတွေအပေါ် ကြီးမားတဲ့ ဒုက္ခတွေ ဆက်ပြီးသက်ရောက်နေပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဒီအကျပ်အတည်းကို သက်သာစေရေး ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်မိပါတယ်။ အထူးသဖြင့် တရုတ်၊ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံ တွေ့ဆုံဆွေးနွေးပြီး မြန်မာပြည် တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းအဖြစ် မေမေ့ကို လွှတ်ပေးရေး ကူညီပေးဖို့ ကျနော် တိုက်တွန်းချင်ပါတယ်။
မေမေ အပါအ၀င် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁,၀၀၀ လောက် လွတ်မြောက်ဖို့ ကျနော် ဆုတောင်းပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်ထူထောင်နိုင်ပြီး မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းရေး တဖန်ပြန်လည်ခံစားနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။
မေမေ – ကျနော်ကိုယ်တိုင် မေမေနဲ့အတူ မရှိနိုင်ပေမဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် ထားရှိတဲ့ မေမေရဲ့ခွန်အား၊ ကရုဏာနဲ့ မယိမ်းယိုင်တဲ့ မေတ္တာတွေကို ကျနော် ဆက်ပြီး အားကျဂုဏ်ယူမိပါတယ်။ မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းနေပါတယ်။
Karim Khan (ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး ရှေ့နေချုပ်)
ရိုဟင်ဂျာတွေအတွက် ပေးမယ့် သတင်းစကားဟာ ကျနော်တို့ ချစ်ခင်ရသူတွေ၊ မိသားစုတွေအတွက် ဆုတောင်းပေးနေကြအတိုင်း အားလုံးနဲ့ အကျုံး၀င်တဲ့ လူသားဆန်တဲ့ သတင်းစကား ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။
၂၀၂၅ ခုနှစ်ဟာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ကရုဏာတရား ပိုမိုကြီးမားလာတဲ့ နှစ်တနှစ် ဖြစ်လာဖို့ဟာ ကျနော်တို့ ဆန္ဒဖြစ်ပါတယ်။ အကြမ်းဖက်မှု နည်းပါးပြီး ထိတ်လန့်မှုဆိုတာ မခံစားကြရဘဲ တရားမျှတမှုများတဲ့ နှစ်အဖြစ်သတ်မှတ်ခံရဖို့ ဆန္ဒပြုပါတယ်။
ရိုဟင်ဂျာတွေအတွက်၊ အခက်အခဲတွေ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေကြရတဲ့ လူသားအားလုံးအတွက် နောက်ပြီး ကျနော့်မိသားစုအတွက် ကျနော့် ဆုတောင်းကတော့ – ငြိမ်းချမ်းရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အချိန်ကာလတွေ ရောက်ရှိလာဖို့ ဖြစ်ပါတယ်။
ပိုမိုတောက်ပတဲ့ မနက်ဖြန်ကို ကျနော်တို့ မျှော်လင့်ထားပေမဲ့ အဲဒီအတွက် အခက်အခဲ အတားအဆီးတွေကို ဖယ်ရှားဖို့ မဖြစ်မနေ ကြိုးစားရမယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုရမှာပါ။ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့ ကျနော်တို့ အတူတကွ လက်တွဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဇာနည်စိုး (ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူ)
မင်္ဂလာပါ။ အခုလို VOA ရဲ့ နှစ်သစ်ကူး အထူးအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ၂၀၂၅ နှစ်သစ်ကူးမှာ အဓိကပေးချင်တဲ့ message ကတော့ ရိုဟင်ဂျာတွေက Genocide ကျူးလွန်ခံနေရတဲ့ လူသားတွေ ဖြစ်တယ်။ Genocide လုပ်ခံရတာ အစိုးရက ကျူးလွန်တဲ့ Genocide ဖြစ်ပါတယ်လို့ နိုင်ငံတကာက လက်ခံထားပါတယ်။ အခု လက်ရှိခံစားနေရတဲ့ ခံစားချက်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ကို ဆုတောင်းလိုက်ပါတယ်။
ဒေါက်တာကိုထူး (နွေဦးကျန်းမာ)
အားလုံးပဲ မင်္ဂလာပါ။ တော်လှန်နှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါရစေ။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့က စပြီးတော့ ပြည်သူတွေရဲ့ အာဏာကို လွယ်လွယ်နဲ့ရမယ် ထင်ပြီးတော့ မတရားသိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတဲ့ မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရူးတစုဟာ သူတို့ရဲ့ ကြောက်လန့်မှု့တွေကို ဖုံးကွယ်ဖို့ ပွဲလမ်းသဘင်တွေ တက်နေတယ်။ ပွဲတွေ လုပ်ပြနေပေမယ့် ယခုချိန်မှာ အိပ်ကောင်းချင်းမအိပ်နိုင် စားကောင်းချင်းမစားနိုင် ဖြစ်နေတယ်ဆိုတာကို ကျနော် ရဲရဲကြီး အာမခံပါတယ်။ ဒါတွေက ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတဦးတယောက်ချင်းစီရဲ့ ဇွဲလုံးလ ဝရိယတွေ မပြိုလဲတဲ့ ခိုင်မြဲတဲ့ ယုံကြည်ချက်၊ ခံယူချက်တွနဲ့ ကျနော်တို့ အခုထိ ရှေ့ဆက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အခု ၂၀၂၄ ကုန်ပြီးတော့ ၂၀၂၅ ကိုရောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနှစ်မကုန်ခင်လေးမှာပဲ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားသိနေရတာ၊ မြင်တွေ့နေရတာကို အားလုံးပဲ အသိဘဲ ဖြစ်ပါလိမ့်မယ်။ လာမယ့် ၂၀၂၅ ခုနစ်မှာ ကျနော်တို့ ပြည်သူတွေရဲ့ အောင်ပွဲကို နွေဦးတော်လှန်ရေး ပိတ်ကားထက်မှာ အလုံးစုံပေါ်လာအောင် ကျနော်တို့အားလုံး အတူတူကြိုးစားကြပါမယ်။ အားလုံးလည်း ကျနော်တို့ လက်သီးဆုပ်တွေကို မဖြည်ကြည့်ပါ ကျနော်တို့ အတူတူရှေ့ဆက်ကြပါမယ်။ အားလုံးနဲ့အတူတူ ရှိနေပါတယ်။ အရေးတော်ပုံအောင်ရပါမည်။
ဇေယျာလွင် (တာဝန်ခံ (96 Soliders- PDF)
၂၀၂၄ က ကုန်ပြီပေါ့ဗျာ။ ၂၀၂၄ အတွင်းမှာ တောင်တန်းဒေသတွေ ERO အများစုဟာ စစ်အာဏာစစ်အာဏာရှင် အပြီးသတ် တိုက်ထုတ်ရေးကို များစွားပြုလုပ်နိုင်ခဲ့တယ်။ နောက်ဆုံး သက်သေဆိုရင် ၂၀၂၄ ရဲ့ နောက်ဆုံး အနှောင်းပိုင်းလတွေမှာ ရခိုင်ဒေသမှာ အာရက္ခတပ်တော်ဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်နိုင်တာ အားလုံးအတွေ့ပါ။ ကျနော်တို့ တော်လှန်ရေးဟာ တော်တော်လေးကို အရှိန်ကောင်းပြီး စစ်အာဏာရှင်ဟာ ချိနဲ့နဲ့သာ ရှိတော်တဲ့ အနေအထားသာ ဖြစ်တယ်။ ဒါပေမဲ့လည်း လာမယ့် ၂၀၂၅ မှာတော့ ၂၀၂၅ ပဲဖြစ်ဖြစ် ကျနော်တို့ ရှေ့နှစ်အပိုင်းအခြားတွေမှာ ကျနော်တို့ ဆက်ပြီးတော့ မြေပြန့်ဒေသက အင်အားစုတွေဟာ စစ်အာဏာရှင်ကို ဆက်ပြီး၊ ကျနော်တို့ တိုက်ခိုက်ရပါအုံးမယ်။ အဆုံးသတ် ဖြစ်နိုင်တယ်။ ၂၀၂၅ မှာလည်း ပြီးခဲ့တဲ့ ကျနော်တို့ ဖြတ်ကျော်ခဲ့တဲ့ နှစ်အပိုင်းအခြားတွေနဲ့ မတူတဲ့ အသွင်သဏ္ဌာန် မျိုးတွေလည်းရှိဖို့ အခြေအနေတွေက အသံမျိုးစုံ ရှိတယ်။ ကျနော်တို့တွေအနေနဲ့ ဘယ်နှစ်တွေမှာပဲ ဖြစ်ဖြစ် စစ်အာဏာရှင်ကို အမြဲတမ်းတိုက်ခိုက်နေဖို့ ဆက်သွားမယ်လို့ ကျနော်က ပြောချင်ပါတယ်။ ၂၀၂၅ မဟုတ်ဘဲ ၂၀၂၆ ဆိုလည်း ကျနော်တို့ ဆက်သွားနေမယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင် အမြစ်မပြတ်သေးသ၍ ကျနော်တို့ ဆက်သွားဖို့လိုတယ်။ အားလုံးကိုလည်း ကျနော်တို့ အကောင်းဆုံး ပြည်သူတွေ အကုန်အောင်ပွဲခံမယ့်နေ့ကို ဆက်သွားဖို့ လိုပါတယ်။ ရှိလာသမျှ ကိစ္စရပ်တွေအားလုံးကို အံတုပြီးတော့ ပြည်သူတွေ အောင်ပွဲခံနိုင်တဲ့ထိ ဆက်သွားပါမယ်လို့ ပြောချင်ပါတယ်။ ၂၀၂၅ တနှစ်လုံးကို တော်လှန်နေပါအုံးမယ်။ အားလုံးကို တော်လှန်ရေးနဲ့အတူ ရုန်းကန်တိုက်ပွဲဝင်ကြပါလို့ ကျနော် ထပ်ပြီးတော့ တိုက်တွန်းပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ကိုစိုးဝင်းဆွေ (ဥက္ကဌ -စကိုင်းဖိုရမ် ဖယ်ဒရယ်ရှင်း)
ကျနော်တို့ နှစ်သစ်ကူးအချိန်အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ဘေးဘရာဝေးကွာပြီးတော့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ကျနော်ကတော့ စစ်ကိုင်းဖိုရမ် ဖယ်ဒရယ်ရှင်းအဖွဲ့ရဲ့ အလုပ်အမှု့ဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုစိုးဝင်းဆွေ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ ၂၀၂၁ အကြမ်းဖက်စစ်တပ် အာဏာသိမ်းတဲ့အချိန်ကစလို့ ကျနော်တို့ နိုင်ငံဟာ အပြာင်းအလဲကြီးကို ဖြတ်သန်းနေရတဲ့ ကာလဖြစ်ပါတယ်။ အပြောင်းအလဲတခု ကြုံရတိုင်းမှာ ကျနော်တို့ အခက်အခဲတွေနဲ့အတူ အခွင့်အလမ်းတွေကလည်း တခါထဲအတူတူ ပေါ်ထွန်းလာစမြဲ ဖြစ်ပါတယ်။ ကျနော်တို့ ယခုကာလမှာဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှု့တွေကြောင့် တိုင်းပြည် တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားတွေ အခက်အခဲ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ တဘက်ကလည်း ကျနော်တို့ ပြည်သူပြည်သားတရပ်လုံး လိုလားတောင်းတနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို တည်ဆောက်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေနဲ့ ပေါ်ထွန်းနေတဲ့ကာလ ဖြစ်ပါတယ်။ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအနေနဲ့ကတော့ စစ်ကိုင်းကြမ္မာ စစ်ကိုင်း ဖန်တီးရေးမူကို ကိုင်စွဲပြီးတော့ စစ်ကိုင်းတိုင်းကို စစ်ကိုင်းတိုင်းသူတိုင်းသားတွေ စီမံပိုင်ခွင့်ရှိရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ပြီးတော့ ဖော်ဆောင်နေတဲ့ အစုအဖွဲ့တခု ဖြစ်ပါတယ်။ Bottom Up Approach လို့ခေါ်တဲ့ အောက်ကနေ အထက်ကို ပြန်စုစည်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်လာတဲ့အခါမှာ အောက်ခြေက စုစည်းလာခြင်းဟာ ဗဟိုကို တိုက်တာပဲဆိုပြီး အဓိပ္ပါယ် ဖွင့်နေသူတွေလည်း ရှိပါတယ်။ တကယ်တမ်းက အဲဒီလို မဟုတ်ပါဘူး။ အောက်ခြေက ခိုင်မာခြင်းက ဗဟို အားကောင်းရေး ဖြစ်ပါတယ်။ အောက်ခြေက စုစည်းနိုင်မှ ဗဟိုဆိုတာ မာခြာကျစ်လစ်ခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့က စစ်ကိုင်းမြေမှာ ဒီတော်လှန်ရေးကာလမှာ အားအကောင်းဆုံး တိုင်းတတိုင်း ဖြစ်တာနဲ့အညီ ဆ စစ်ကိုင်းတိုင်းက တော်လှန်ရေးသူ၊ တော်လှန်ရေးသားတွေကိုယ်တိုင် ဦးဆောင်ပြီး တိုက်ပွဲဝင်မယ်။ အနာဂတ်မှာလည်းပဲ ကျနော်တို့ဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို စွဲကိုင်ပြီးတော့ အခြားသော နယ်ပယ်အသီးသီး ဒေသအသီးသီး ပြည်နယ်အသီးသီးက ပြည်ထောင်စုသားတွေနဲ့ ညှိနှိုင်းပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးအတွက် ခိုင်ခိုင်မာမာ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်သူလူထုကို ကျနော် အလေးအနက် ကတိသစ္စာပြုချင်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ စစ်ကိုင်းတိုင်းသူတိုင်းသားတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တခြားသောပြည်နယ်တွေမှာ စစ်အာဏာရှင်ကို ခိုင်ခိုင်မာမာ မောင်းထုတ်နိုင်တဲ့ အောင်ပွဲတွေရသလို ကျနော်တို့ စစ်ကိုင်းမြေမှာလည်းဘဲ စစ်အာဏာရှင်ကို အပြီးအပိုင် မောင်းထုတ်ပြီးတော့ အာဏာရှင်ကင်းစင်တဲ့ ဒေသတခု အဖြစ် ကျနော်တို့ လက်တွဲကြိုးဖမ်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်းနဲ့ ကျနော်ရဲ့ နှစ်သစ်ဆုတောင်းစကားကို နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
CDM ဗိုလ်မှူးနောင်ရိုး (ပြည်သူ့ပန်းတိုင်)
အားလုံးမင်္ဂလာပါ။ အခုလို ဗီအိုအေရဲ့ နှစ်သစ်နှုတ်ဆက်စကား ပါဝင်ပြောကြားခွင့်ရတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ ပထမဦးစွာ ၂၀၂၅ နှစ်သစ်ဟာ ပြည်သူလူထုအားလုံးအတွက် ကံကောင်းခြင်းတွေ ယူလာတဲ့ နှစ်ဖြစ်လိမ့်မယ်လို့ သတင်းစကားပါးချင်ပါတယ်။ ၂၀၂၄ တခုလုံးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံအနှံ့မှာ ကျနော်တို့ သိသာမြင်သာတဲ့ စစ်ရေးအောင်မြင်မှု့အရွေ့တွေ နိုင်ငံရေးအသီးအပွင့်၊ တော်လှန်ရေး အသီးအပွင့်တွေ အများကြီး ဖော်ဆောင်နိုင်တာကို တွေ့မြင်နိုင်ပါတယ်။ သို့ပေမယ့်လည်း ကျနော်တို့ ပြည်သူလူထုတရပ်လုံး လိုလားမျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးအမြစ်ပြတ် ပယ်ချနိုင်ဖို့ဆိုရင် ကျနော်တို့ အားလုံးမှာ စုစည်ညီညွတ်မှုတွေ နားလည်မှုနဲ့ အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။
စစ်သားဟောင်းတယောက်အနေနဲ့လည်း တပ်မတော်အတွင်းက ရဲဘော်ရဲဘက်ဟောင်းတွေကို သတင်းစကား ပါးချင်ပါတယ်။ ဒီစစ်အာဏာသိမ်းပြီး ကျနော်တို့ချစ်တဲ့ တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ချနင်းဖျက်ဆီးလိုက်ခြင်း ဖြစ်ပါတယ်။ အခု နိုင်ငံတဝှမ်းမှာ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ ကျယ်ပြန့်နေတဲ့ စစ်ပွဲတွေ တပ်မတော်တရပ်လုံး ရင်ဆိုင်နေရတဲ့ စစ်ရေး ရှုံးနိမ့်ချည့်နှည့်မှုတွေအားလုံး စစ်အာဏာသိမ်းမှေကို ကျူးလွန်ခဲ့ကြတဲ့ ကိုယ်ကျိုးစီးပွာအာဏာကို ဖက်တွယ်စုပ်ကိုင်ထားတယ် စစ်ဗိုလ်ချုပ်ကြီးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံနဲ့ တပ်မတော်ရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ရပ်တန့်နိုင်ဖို့ အနာဂတ်ကို ပြန်လည်ရယူနိုင်ဖို့ဆိုရင် စစ်သားတွေ လုပ်ဆောင်ရမယ့် တခုတည်းသော နည်းလမ်းက ကျနော်တို့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို ဖယ်ရှားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ လိုလားတဲ့ အနာဂတ်ကို ပြန်လည်ရယူနိုင်ဖို့ ကျနော်တို့အားလုံး လိုလားတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ တော်လှန်ရေးပန်းတိုင် ရောက်တဲ့ထိ ကျနော်တို့အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူလက်တွဲ ချီတက်ကြပါစို့လို့ တိုက်တွန်းရင်းနဲ့ဘဲ လူထုအားလုံး ဘေးကင်းကျန်းမာ ခွန်အားပြည့်ဝပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
CDM တပ်ကြပ်ကြီး ယဥ်လဲ့လဲ့ထွန်း (ပြည်သူ့ပန်းတိုင်)
မင်္ဂလာပါရှင်။ ဗီအိုအေရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်အစီအစဥ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးအထားပဲ တင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ညီမတို့ ၂၀၂၄ ရဲ့ နှစ်ကုန်ပိုင်းဟာဆိုရင် ညီမတို့အတွက် အောင်ပွဲတွေ အများကြီးရရှိခဲ့တဲ့ကာလလို့ ပြောလို့ရပါတယ်။ ရခိုင်ဘက်မှာဆိုရင်လည်း တိုင်းစစ်ဌာနချုပ်တွေ စွန့်လွှတ်လာရတယ်။ နှစ်ကုန်ပိုင်းကို ရောက်လာလေလေ တိုင်းစစ်ဌာနချုပ်တွေကို ဆုံးရှုံးလာတာတွေ ပိုပြီးတော့ များလာလေလေ အောင်ပွဲတွေအများကြီး ရလာလေလေလို့ ပြောလို့ရပါတယ်။ ၂၀၂၅ ဆိုရင်လည်း ညီမတို့ အောင်ပွဲတွေက လက်ကမ်းကြိုနေမယ်လို့ မျှော်လင့်ရပါတယ်။ ဆိုတော့ ၂၀၂၅ က တော်လှန်ရေးပန်းတိုင်က မဝေးတော့ဘူး ဆိုပြီးတော့ကို မြင်လာရတယ်။ ပိုပြီးအားရှိလာတဲ့ အနေအထားမျိုးတွေ ရှိလာတယ်။ သူတို့အနေနဲ့လည်း ပိုပြီးတော့ စိတ်ဓာတ်ပျက်ပြားတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ၂၀၂၅ နှစ်သစ်ကို နှုတ်ခွန်းဆက်စကားအနေနဲ့ဆိုရင်တော့ ကျမတို့အားလုံးလိုလားနေတဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပြီးတော့ ပြည်သူတွေ အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်ချင်ပါတယ်ရှင်။
ဒါရိုက်တာ ကိုပေါက် (နွေဦးတော်လှန်ရေး)
အားလုံးပဲ မင်္ဂလာပါ။ တော်လှန်နေ့ရက်လေးကနေ ကြိုဆိုလိုက်ပါတယ်။ အခုဆိုလို့ရှိရင် ၂၀၂၄ နစ်ကို ကုန်လွန်ပြီးတော့ ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့တွေ ၂၀၂၄ သည် ပျော်စရာတွေ၊ အောင်မြင်ခြင်းတွေ – ကျနော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို စားသုံးရတဲ့ မင်္ဂလာရှိသော နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာတွေလည်း ရှိသလို၊ ၂၀၂၄ မှာ ကျနော်တို့တွေဘက်က ဝမ်းနည်းခြင်းတွေ၊ ကြေကွဲခြင်းတွေ၊ အဆင်မပြေခြင်းတွေလည်း အများကြီးဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေကတော့ နှစ်တိုင်းနှစ်တိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲပြီးတော့ ဖြတ်သန်းနေကြရတဲ့ လူ့ဘဝမှာ တော်လှန်ရေးကာလ ဖြစ်တဲ့အတွက်ဖြစ်တာကြောင့် ပုံမှန်ဘဝတွေထက် ပိုပြီးတော့ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသူတွေ အများကြီးရှိပါတယ်။ အဲဒီတော့ လာမယ့်နှစ်သစ် ၂၀၂၅ မှာ အရင်နှစ်တွေနှစ်တွေ အဆိုးဆုံး အမှောင်မိုက်ဆုံးတွေ ဖြစ်ခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ – ဒီအဆိုးဆုံးတွေကို အဆုံးသတ်ပြီးတော့ ၂၀၂၅ မှာ ကျနော်တို့ရဲ့ ရောင်နီနဲ့အတူတူ ကျနော်တို့ရဲ့ အိမ်ပြန်လမ်းတွေပေါ်မှာ သာသာယာယာ၊ ချောချောမွေ့မွေ့၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပြီးတော့ ၂၀၂၅ ကျနော်တို့ရဲ့ အောင်ပွဲအတိ၊ အောင်မြင်ခြင်း ပြီပြည့်စုံသော အောင်မြင်ခြင်းတွေနဲ့အတူတူ ၂၀၂၅ ကို ကြိုဆိုလိုက်ပါတယ်။ ၂၀၂၅ က ကျနော်တို့အတွက် မင်္ဂလာကောင်းချင်းတွေ အများကြီးယူဆောင်ပေးမယ့်နှစ်လို့ ယုံကြည်ပါတယ်။ မိဘပြည်သူများ၊ တော်လှန်ရေး ညီအကိုမောင်နှမ ထောက်ပို့ ရဲဘော်အားလုံးအားလုံးသည် ကျန်းမာအောင်နေပါ။ ကျနော်တို့ ပြန်ဆုံမယ်။ ၂၀၂၅ မှာ အိုးစည်ဒိုးပတ် ဆိုင်ဝိုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံမယ့်နေ့ကို ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၂၅ က ကျနော်တို့အတွက် မင်္ဂလာနှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မိဘပြည်သူတွေအားလုံးလည်း ဆန္ဒနဲ့ဘဝ တထပ်တည်းကျပြီးတော့ ရန်သူမျိုး ငါးပါးရန်ကနေ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ကင်းဝေးကြပါစေ။
စိန်သီး (နွေဦးတော်လှန်ရေး)
၂၀၂၄ ကနေ ၂၀၂၅ နှစ်သစ်ကို ကူးပြောင်းတော့မယ့် အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်ဝကြပါစေလို့ ဦးစွာပမာဏ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာပြည်သူပြည်သားတွေနဲ့အတူတူ နိုင်ငံအသီးသီးမှာ ရှိကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမ မြန်မာပြည်သူပြည်သားတွေ၊ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ PDF သားကောင်းရတနာလေးတွေကို ဦးစွာပထမ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတော့ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပြည်သူချစ်ရင် ကဗ္ဗည်းတင်ပါလိမ့်မယ်၊ ပြည်သူမုန်းရင် ပျက်သုန်းလိမ့်မယ်။ ပြည်သူသည်သာ အခရာ အရာရာကို ပြောင်းလဲနိုင်ပါတယ်။ ကျနော်တို့အားလုံးဟာ အဆိုးတွေကိုလည်း မြင်တွေ့ပြီးသွားပါပြီ။ နာကျည်းစရာတွေကိုလည်း ရင်ဆိုင်ခံစားရပြီးပါပြီ။ ဟိုးရှေ့မှာ မှုန်းဝါးဝါး မြင်နေရတဲ့ အရာတခုကို လှမ်းမျှော်ငေးကြည့်နေမဲ့အစား ကျနော်တို့ရဲ့ လက်တကမ်းမှာရှိတဲ့အရာကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့က အရေးကြီးပါတယ်။ မြန်မာပြည်သူပြည်သားအားလုံးဟာ ဧရာဝတီကို ချစ်ကြတယ်။ ထိုနည်းတူစွာပဲ သံလွင်၊ ချင်းတွင်း၊ မြစ်မင်းဧရာ ငါတို့ချစ်တဲ့ ပြည်မြန်မာ ရာဇဝင်ထဲမှာ ချစ်တတ်ဖို့ရာ သစ္စာဖွဲ့ချည်းလာခဲ့ပြီ။ တို့ပြည်သူတွေ ကမ္ဘာသစ်တည်မှာ။ ကမ္ဘာသစ် တည်ရမယ့်နေ့ကိုလည်း မကြာမီ ရောက်တော့ပါမည်။ စစ်ကို လိုလားဆန့်ကျင်မှားကြောင့် များပြားလူတွေ ခန္ဓာကြွေ ဧရာဝတီကို အဖျားခတ် အနားတော့ မကပ်လိုက်ကြပါနဲ့။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ မြန်မာပြည်ကြီး အေးချမ်းပါစေ။ မြန်မာပြည်ကြီး ဘေးဘရန်ဖြာဝေ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဟာသအနုပညာရှင်ပေါက်စီ
မကြာခင်အချိန်မှာ နှစ်ဟောင်းကုန်၍ ၂၀၂၅ နှစ်သစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ကူးပြောင်းတော့မယ့် နှစ်သစ်မှာ တော်လှန်ပြည်သူတွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ပြည့်စုံ၍ တော်လှန်ပြည်သူများ လိုလားတောင့်တနေသော ပြည်သူ့အောင်ပွဲကြီး အမြန်ဆုံး ပြီးမြောက်အောင်မြင်ပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးရင် တော်လှန်ပြည်သူများအားလုံး ကျန်းမာအောင်နေကြပါ။