ပေါက်ပေါက်
နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာ တွေ့ကြုံခဲ့ရတဲ့ လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကိုအရိပ်မှာထားခဲ့ရင်း ဒီလောကဓံတွေကို နည်းနမူနာယူ၍ အမြတ်ထုတ်ကာ မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်မှာအကောင်းဆုံး ဖြတ်သန်းကြပါစို့လားရှင်။
လူတချို့က နှစ်သစ်ကူးညမှာ ချစ်ခင်ရတဲ့မိသားစု သို့မဟုတ် ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ တပျော်တပါး မိတ်ဆုံစားကာ နှစ်သစ်အခါသမယကို ကြိုဆိုကြရင်း၊ “Happy New Year” လို့ သံပြိုင်အော်ဟစ်လက်ခုပ်တီးကြိုဆိုကြသလို လူအချို့ကလည်း ပရိတ်၊ ပဋ္ဌာန်းစသဖြင့် ဘုရားစာတွေ ရွတ်ဖတ်ပွားများကာ မေတ္တာပို့သရင်းနဲ့ နှစ်သစ်ကိုကြိုဆိုကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း “Happy New Year” လို့ အပြန်အလှန်နှုတ်ခွန်းဆက်သကြပါတယ်။ မြန်မာလူမျိုးအများစုကတော့ ရိုးရာအစဉ်အလာအရ နှစ်ဟောင်းမှ အညစ်အကြေးတွေ နှစ်သစ်သို့မပါသွားအောင် ထိုနေ့မှာ ခေါင်းဆေး ခေါင်းလျှော်ကြသလို ခြင်ထောင်၊ အိပ်ရာခင်း၊ စောင်၊ ခန်းဆီးလိုက်ကာ၊ ထိုင်ခုံစွပ်တွေ လျှော်ကြပြီး အဝတ်အထည် သစ်သစ်လွင်လွင် ဝတ်ဆင်ပြီးတော့ နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ လူသန့်ရှင်းဖို့ထက်၊ စိတ်သန့်ရှင်းဖို့က ပိုအရေးကြီးပါတယ်။ တစ်နှစ်တာကာလပတ်လုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာပြည့်ဝစေဖို့အတွက် စိတ်သစ်၊ လူသစ်၊ အတွေးသစ်များစွာနဲ့ နှစ်သစ်အတွက်အကောင်းဆုံး ရည်ရွယ်ချက်လေးတွေနဲ့ စတင်လိုက်ကြပါစို့လားရှင်။
အာရောဂျံ ပရမံလာဘံ
“အာရောဂျံ ပရမံလာဘံ”ပါ။ “အစာလဲဆေး၊ ဆေးလဲအစာ”အဖြစ် သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးအတွက် သင့်တော်သော အစားအစုံအာဟာရစုံ စားပေးရပါမယ်။
နံနက်အိပ်ရာက နိုးထတာနဲ့နေကိုမြင်အောင်ကြည့်ပါ။ ဆိုလိုသည်မှာသဘာဝတရားကြီးက လက်ဆောင်ပေးသော ငွေမကုန်ဘဲကျန်းမာစေမယ့် နေပူစာလှုံခြင်းဖြစ်ပါတယ်။ နံနက်စာ စားပြီးတိုင်းပေးဖူးသူ၊ ကျွေးဖူးသူတွေကို သတိရပါ။ ကိုယ်နဲ့ဆက်ဆံသူတွေရဲ့မျက်နှာကိုနေ့စဉ်ဖတ်ပါ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ဖောဖောသီသီပြောပါ။ ကျေးဇူးပြု၍ဆိုတဲ့ စကားကိုလည်း ပြောဖို့မမေ့ပါနဲ့။ သူတစ်ပါးကို ကိုယ်ချင်းစာနာစိတ်နဲ့ဆက်ဆံပါ။ စကားကို သူတစ်ပါးနားဝင်အောင် ချိုချိုသာသာပြောပါ။ လမ်းဘေး၌ဈေးရောင်းနေတဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေကို ကူညီတဲ့အနေနဲ့ တတ်နိုင်သလောက်ဝယ်ယူအားပေးပါ။ ကျန်းမာနေလျှင် နှစ်စဉ်သွေးလှူပါ။ မိတ်ဆွေသစ်ကိုရှာပါ။ မိတ်ဟောင်းဆွေဟောင်းကို တန်ဖိုးထားပါ။ မိတ်ကောင်းဆွေကောင်းတွေနဲ့ခရီးသွားပါ။ မိတ်သစ်မိတ်ဟောင်းလူအားလုံးရဲ့ လျှို့ဝှက်ရမယ့်ကိစ္စတွေကို နှုတ်လုံပါ။ အတတ်ပညာကိုသင်ယူရာတွင် ဖြတ်လမ်းနည်းကိုမလိုက်ပါနဲ့။ ရဲရင့်တဲ့စိတ်ကိုမွေးမြူပါ။ ကိုယ့်အမှားကို ကိုယ်တိုင်ဝန်ခံပါ။
ကျန်းမာသုခလူနေမှုဘဝကို အမှန်တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားကို မဖြစ်မနေလုပ်ပေးရပါမယ်။ တကူးတကအချိန်ပေး၍ gym , work out တွေ မလုပ်နိုင်သူတွေအတွက် တစ်နေ့လျှင် မိနစ်သုံးဆယ်ခန့် မရပ်မနားခပ်သွက်သွက်လမ်းလျှောက်ခြင်းကို ရက်သတ္တပတ်လျှင် ငါးရက်မျှလုပ်ပေးခြင်းနဲ့ လုံလောက်ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့
လေ့ကျင့်ခန်းလုပ်ဖို့မပျင်းပါနဲ့။ နေ့စဉ်လှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက်ပြုလုပ်ပေခြင်းကလည်း ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် ရာသီပေါ်သီးနှံလေးတွေကို အလေ့အကျင့်ကောင်းလုပ်၍ ပုံမှန်စားပေးပါ။ ဟင်းနုနယ်၊ ဂေါ်ဖီ၊ ကညွတ်၊ ကိုက်လန်၊ ဆလတ်၊ မုန်ညင်းရွက်၊ ဘူးညွန့်၊ ကန်စွန်းစတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ ပိုစားပေးပါ။ တစ်နေ့သောက်ရေသန့်ရှစ်ဖန်ခွက် ထက်မနည်းသောက်ပါ။ အချိုရည်၊ ဖျော်ရည်တွေ အစားသဘာဝသစ်သီးကိုသာ ဦးစားပေးစားသောက်ပါ။ အိပ်ရာဝင်ချိန်၊ အိပ်ရာနိုးထချိန်၊ အစာစားချိန် မှန်ပါစေ။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်၊ စနစ်နဲ့အညီ မိမိတစ်ယောက်တည်း မကျန်ခဲ့ရအောင် စူးစမ်းလေ့လာမှတ်သားတတ်ရပါမယ်။
နိစ္စဓူဝ ကြိုးစားရုန်းကန်နေရသူတွေအဖို့ စိတ်ထွက်ပေါက်အဖြစ် ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ပါးပါး ခရီးထွက်ခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း၊ အချိန်ပေး၍ ကလေးငယ်တွေနဲ့ အဖော်ပြုပေးခြင်း၊ သီချင်းဆိုခြင်း၊ အစားအသောက်ချက်ပြုတ် စားသောက်ခြင်း၊ သစ်ပင်စိုက်ခြင်းစတဲ့ မိမိဝါသနာပါရာကို လုပ်ကြည့်ပါ။
မတွန့်တိုပါနဲ့။ မနှမြောပါနဲ့
နှစ်ဟောင်းမှာတင်ခဲ့တဲ့ ကြွေးဟောင်းတွေကို ကျေအောင်ဆပ်ပြီး နှစ်သစ်မှစ၍ တတ်နိုင်သလောက် ပိုက်ဆံ (ငွေကြေး) စုဆောင်းတဲ့အလေ့အကျင့်ကောင်းကို စတင်မွေးမြူရပါမယ်။ ငွေစုဖို့ကိုပျင်းရိဖွယ်ရာလို့ မအောက်မေ့ပါနဲ့။ လစဉ်မိမိနိုင်သလောက် စုဆောင်းထားခြင်းနဲ့ ငွေအင်အားကြောင့် မိမိကိုယ်ကိုလည်း ယုံကြည်မှုရှိလာပါလိမ့်မယ်။ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာမှုကြောင့် ကမ္ဘာနဲ့အဝန်းအဝလွန်သူတွေ တစ်နေ့တခြားတိုးပွားနေပါတယ်။ အဲဒီအထဲမှာ ကိုယ်မပါအောင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်ရပါမယ်။ မတွန့်တိုပါနဲ့။ မနှမြောပါနဲ့။ မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲလှူဒါန်းပါ။ ပေးလှူ ပြီးနောက် နှမြောတသနောင်တမရဘဲ ပီတိဖြစ်စေမယ့် အလှူမျိုးသာ ဖြစ်ပါစေ။ ခေတ်ကာလ လူ့အလွှာအားလုံး အဘက်ဘက်က ခက်ခဲကျပ်တည်းနေကြပါတယ်။ ဒါကြောင့် မိမိနိုင်သလောက် မျှဝေပေးကမ်းခြင်းနဲ့ တစ်နိုင်ကုသိုလ်လုပ်ပေးပါ။
အင်တာနက်သုံးရင်း၊ ဂိမ်းတွေဆော့ကစားရင်း အချိန်တွေမဖြုန်းတီးပစ်ပါနဲ့။ အချိန်အကန့်အသတ်ထား၍ သုံးစွဲပါ။ မတူညီတဲ့ ဘာသာစကားအသစ်တွေကို လေ့လာသင်ယူခြင်းက အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက်ဇရာအကြိုရောဂါတွေဖြစ်မလာအောင် ကာကွယ်ရာရောက်ပါတယ်။ နိုင်ငံခြားဘာသာစကားသင်တန်းတွေကို တကူးတက မတက်ရောက်နိုင်သူတွေအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် website တွေကို လေ့လာ၍ မိမိကိုယ်တိုင် သင်ယူနိုင်ပါတယ်။ အွန်လိုင်းကိုအကျိုးရှိရှိ အသုံးချတတ်ပါစေ။
စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အကောင်းဆုံးဆေးတစ်ခွက်က “အိပ်ရေးဝဝအိပ်စက်ခြင်း” ဖြစ်တယ်ဆိုတာကို အမြဲသတိရနေပေးပါ။ စိတ်ချမ်းသာဖို့အတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ရပ်ပါပဲ။ နှစ်ဟောင်းမှာ ဆက်ဆံရေး အဆင်မပြေခဲ့သူတွေကို နှစ်သစ်ကစလို့ အသွင်သစ်၊ စိတ်သစ်၊ လူသစ်၊ အကောင်းမြင်စိတ်ဓာတ်နဲ့ ပြောင်းလဲဆက်ဆံကြည့်ပါ။
ဘယ်လောက်ပဲ အလုပ်ရှုပ်၊ စိတ်ရှုပ်၊ အတွေးရှုပ်နေပါစေ မိသားစုအတွက် အချိန်ပေးပြီး ပျော်ရွှင်စရာ မိသားစုကမ္ဘာကို တည်ဆောက်ပေးရပါမယ်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ နေခွင့်ရချိန်ကို မြတ်နိုးတန်ဖိုးထားတတ်ပါစေ။ တီဗွီကြည့်ချိန်၊ ဂိမ်းကစားချိန်၊ အင်တာနက်သုံးချိန်ကို လျှော့ချပြီး အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူခြင်းနဲ့ ဗဟုသုတရစရာတွေ ရှာမှီးပါ။
အများအတွက် မျက်နှာမူပါ
“ဆေးလိပ်၊ ကွမ်း၊ အရက် စိတ်ကိုပြောင်းလဲစေတတ်သော စိတ်ကြွဆေးပြား၊ မူးယစ်ဆေးဝါး” များကို မသုံးဖူးသေးသူတွေ အစလုပ်၍ စမ်းသပ်သုံးစွဲခြင်း လုံးဝမပြုလုပ်မိပါစေနဲ့၊ ဝေးဝေးကရှောင်ပါ။ ဆေးလိပ်၊ ကွမ်း၊ အရက်တို့ကို လက်ရှိသောက်သုံးနေသူတွေကလည်း အတတ်နိုင်ဆုံး လျှော့ချဖြတ်တောက်ပါ။ အကယ်၍ သင်သည်အဝေးမှာရောက်နေပါက မိခင်နဲ့ဖခင်တို့ကို မကြာခဏဆက်သွယ်ပါ။ သူတစ်ပါးပြောစကားကို အဆုံးထိအောင်နားထောင်ပေးပါ။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်ကို မဖျက်ဆီးပါနဲ့။ အများအတွက်မျက်နှာမူပါ။ ကိုယ်လိုချင်သောအရာအတွက် ဆုမတောင်းပါနဲ့။ လက်တွေ့ကြိုးစား၍ ရအောင်ယူပါ။ ယုံကြည်ချက်၊ ရည်ရွယ်ချက် အပြည့်အဝထားပါ။ သူတစ်ပါးမကောင်းကြောင်း အတင်းမပြောပါနဲ့။ လူ့လောကတွင် အမှန်တရားချည်း တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးကို နားလည်သဘောပေါက်အောင်ကြိုးစားပါ။ ပြဿနာနဲ့တွေ့လျှင် အခွင့်အလမ်းကိုရအောင်ရှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို ရှောင်ကြဉ်ပါ။မသိဘူးလို့ပြောရမှာကို မရှက်ပါနဲ့။ ဝမ်းနည်းပါတယ်လို့ ပြောရမှာကို မကြောက်ပါနဲ့။
သက်ငယ်မုဒိမ်းမှုများ ပပျောက်စေဖို့၊ တစ်လင်တစ်မယားစနစ်ထူထောင်ဖို့အတွက် သင်နဲ့ သင့်ပတ်ဝန်းကျင်တွင် တာဝန်ရှိပါတယ်။ လော်လီဖောက်ပြားသော ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေကို ရှက်တတ်ပါစေ။ ရိုးရာဝတ်စားဆင်ယင်မှုနဲ့ မိမိနဲ့မိမိနိုင်ငံပုံရိပ်ကိုမြှင့်တင်ပါ။ လူ့အခွင့်အရေးနဲ့ ဥပဒေကိုလေးစားပါ။ လိုက်နာပါ။ ကိုယ်တစ်ယောက်တည်းရဲ့ အကျိုးအမြတ်ကိုမကြည့်ပါနဲ့။
လူကုန်ကူးခြင်း၊ လက်နက်အရောင်းအဝယ်ပြုခြင်း၊ အဆိပ်ရောင်းဝယ်ခြင်း၊ သတ္တဝါကြီးတွေကို တရားမဝင်ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းစတဲ့ မိစ္ဆာအာဇီဝ ငါးမျိုးကို ရှောင်ကြရပါမယ်။ ဖြစ်နိုင်ရင် ကား၊ ဆိုင်ကယ် (စက်တပ်ယာဉ်အမျိုးမျိုး)မစီးဘဲ လမ်းများများလျှောက်သော အလေ့အကျင့်ကိုပြုပါ။ စက်လှေကား၊ ဓာတ်လှေကားမသုံးဘဲ မိမိခြေထောက်ကိုသာ အားကိုးပါ။
လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးများများတင်ပါ။ ကျေးဇူးပြုနိုင်သမျှပြုပါ။ လောကမှာ ကိုယ်မသိ၊ မတတ်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ မိမိထက်ကြီးသူ၊ ရွယ်တူ၊ ငယ်သူတွေဆီကနေ မိမိမသိသေးတာတွေကို လေ့လာသင်ယူဖို့မရှက်ပါနဲ့၊ ဝန်လေးမနေပါနဲ့၊ တတ်သိဟန်မဆောင်ပါနဲ့။ ကြောက်ရွံ့စိုးရိမ်၊ အားငယ်စိတ်တွေရှိနေရင် ထိုစိတ်တွေကို မိမိဖာသာ အနိုင်ယူပစ်ရပါမယ်။ သူများစိတ်နဲ့ ကိုယ့်ကိုယ်အဖြစ်မခံပါနဲ့။ အမှီအခိုကင်းကင်းနဲ့ မိမိကိုယ်ကိုသာ ကိုးကွယ်အားထားပါ။ မိမိနဲ့ စိတ်တူဝါသနာချင်းတူသော အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်၍ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးပါ။
တရားထိုင်ခြင်းက မိမိခံစားနေရတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူမီးတွေကို လျှော့ချပေးပါတယ်။ တစ်နည်းဆိုရင်တရားထိုင်တဲ့အခါ စိတ်ဖိစီးမှုတွေပြေလျော့သွားစေပြီး နှလုံးစိတ်ဝမ်းအေးချမ်းမှုကို ရရှိနိုင်ပါတယ်။ တရားမှတ်တဲ့အလေ့အကျင့်ကောင်းကို မွေးမြူခြင်းက နှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုအတွက် အာဟာရဖြစ်စေပါတယ်။
ကျန်းမာရေးကောင်းစဉ် မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို ချစ်ရတဲ့မိသားစု သို့မဟုတ် မိတ်ဆွေများနဲ့ ခရီးထွက်ကြည့်ပါ။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်၊ ကိုယ်နေတဲ့မြို့ (ကိုယ့်ပတ်ဝန်းကျင်က အနီးဆုံးလူတွေ)အတွက် ပျော်ရွှင်အောင်၊ သာယာအောင်၊ အဆင်ပြေအောင်၊ လှပအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုများကူညီရမလဲ။ နည်းလမ်းတွေရှာဖွေပါ။ ပါဝင်လှုပ်ရှားပါ။ ကျရာတာဝန်ကို ပျော်ပျော်ရွှင်ရွှင်ထမ်းရွက်ပါ။
အချုပ်ဆိုရသော် ဗလငါးတန်မဏ္ဍိုင်ထူထောင်ရင်း မိမိကိုယ်ကို ကျန်းမာအောင်၊ အသိပညာ အတတ်ပညာပြည့်ဝအောင်၊ စိတ်ချမ်းသာအောင်၊ ဘေးဘယာကင်းအောင်၊ သောကကင်းဝေးအောင်၊ ကောင်းသတင်းရနံ့မွှေးအောင်၊ ကျက်သရေရှိအောင်၊ သီလမြဲမြံအောင်၊ ယခုဘဝနောက်ဘဝသံသရာမှာ အပြစ်ကင်းအောင်စသဖြင့် ကျင့်ကြံကြိုးကုတ်အားထုတ်ရပါမယ်။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းက မိမိချစ်ခင်ရတဲ့သူတွေကို မိမိကြောင့် သောကအပူမဖြစ်စေတော့ဘဲ၊ သူတို့ကို မိမိအတွက် စိတ်ချမ်းမြေ့စေခြင်းဖြင့် သူတို့ပျော်ရွှင်ချမ်းမြေ့အောင် မိမိကစောင့်ရှောက်ခြင်းမည်ပါတယ်။
ယုတ်စွအဆုံး မိမိမှာ အကုသိုလ်ကင်းတယ်၊ သီလလုံတယ်ဆိုရင် မိမိသေလွန်တဲ့အခါ အပါယ်လားလိမ့်မည်မဟုတ်ဟု ကျန်ရစ်သူမိသားစုက မိမိလားရာခရီးအတွက် ပရိဒေဝမီးလျော့ကျစေခြင်းဖြင့် ယခုဘဝမှာချစ်ခင်ရတဲ့ မိသားစုတွေကို နောက်ဆုံးလက်ဆောင်ပေးနိုင်ခဲ့ပါလိမ့်မယ်။ စာရေးသူကျွန်မလည်း အထက်ပါနည်းစနစ်တွေကို ကြိုးစားအားထုတ်လျက်ပါရှင်။ အကောင်းဆုံးနှစ်သစ်ကို ဖြတ်သန်းဖို့သန္နိဋ္ဌာန်တွေချကြည့်ကြပါစို့ဟု တိုက်တွန်းလိုက်ပါရစေ။ နှစ်သစ်မှာ ကြည်သာရွှင်ပြအေးမြကြပါစေ။