“ပအိုဝ်းပြည်နယ်သစ်ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။
သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင်မူ “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပအိုဝ်းပြည်နယ်သစ်ပေါ်ထွန်းရေးမူကို ကိုင်စွဲကာ ပအိုဝ်းအမျိုးသားများ၏ တတိယတော်လှန်ရေးကို အောင်မြင်ပြီးပြည့်စုံစေမည်”ဟု ပါရှိသည်။
ထိုကဲ့သို့ ပအိုဝ်းအမျိုးသား နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများ၏ နိုင်ငံရေးရပ်တည်ချက် မတူညီနေမှုများသည် အတိတ်ကာလ၌ ရှိခဲ့သော ပအိုဝ်းနိုင်ငံရေးအကြပ်အတည်း သို့တည်းမဟုတ် အပြန်အလှန်တိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် ရှုပ်ထွေးပွေလီခဲ့သော နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်ဝင်သည်ထက် ပို၍နစ်မြုပ်လာစေသည်။
အတိတ်ကာလ ပအိုဝ်းလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ
ပအိုဝ်းအမျိုးသားများ၏ အတိတ်ကာလတော်လှန်ရေးသမိုင်းတွင် ဗဟိုအစိုးရတပ် သို့တည်းမဟုတ် မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲသော ဗမာစစ်တပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲများမှာ နည်းပါးပြီး ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းတိုက်ခိုက်မှုမှာ ပို၍များပြားခဲ့သည်။
ပအိုဝ်းအမျိုးသားများ၏ ပထမတော်လှန်ရေးကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးနှင့် အမျိုးသားတန်းတူရေးစသည့် နိုင်ငံရေးတောင်းဆိုမှုများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၈ ခုနှစ် ရှမ်းပြည်နယ်ရှိ နယ်ရှင်စော်ဘွားများ အာဏာစွန့်သည့်အခါ ပဒေသရာဇ်စနစ်ပြီးဆုံးခဲ့ကာ ပထမတော်လှန်ရေးလည်း ပြီးစီးအောင်မြင်ခဲ့သည်။
သို့သော်လည်း ၁၉၆၂ ခုနှစ် မတ်လ ဗိုလ်ချုပ်နေဝင်းမှ အာဏာသိမ်းယူသည့်အခါ ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရပြီး ပအိုဝ်းအမျိုးသားများ၏ ဒုတိယတော်လှန်ရေးစတင်ရန် တာဆူစေခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ခွန်စံသိန်းမှ ဦးဆောင်ကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ပြန်လည်ဖွဲ့စည်းပြီး ဒုတိယတော်လှန်ရေးကို စတင်ခဲ့သည်။
ဒုတိယတော်လှန်ရေးသည် ပအိုဝ်းနိုင်ငံရေးအရှုပ်အထွေး များပြားခဲ့သည့်ကာလဖြစ်ခဲ့ပြီး ယနေ့တိုင် ဖြေရှင်းနိုင်ငံခြင်းမရှိသေးသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပြသာနာကို စတင်စေခဲ့သော ကာလလည်းဖြစ်သည်။
ဒုတိယတော်လှန်ရေးကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ခွန်စံသိန်း ကျဆုံးပြီးနောက် ၁၉၆၈ ခုနှစ်တွင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းအမည်ကို ပအလဖမှ သျှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထိုကာလများသည် ကမ္ဘာ့စစ်အေးကာလဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)အားကောင်းနေသော ကာလလည်းဖြစ်သည်။
ထိုကြောင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ရလလဖသည်လည်း ကမ္ဘာ့သဘောတရားရေးရာလွမ်းမိုးမှုနှင့် ဗကပ၏ ဩဇာလွမ်းမိုးမှုကို ခံခဲ့ရသည်။
၁၉၇၀ ခုနှစ်တွင် ဖမ်းဆီးခံရသော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာခွန်လှဖေပြန်လည် လွတ်မြောက်လာခဲ့ပြီး ၎င်းသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးနယ်မြေ တနည်း ရလလဖ ထိန်းချုပ်နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ဖြားဗွာခွန်လှဖေသည် အမျိုးသားရေးဝါဒီတဦးဖြစ်ပြီး ရလလဖအတွင်းရှိ အမျိုးသားရေးဝါဒီခေါင်းဆောင်များနှင့် ပအိုဝ်းလူထုအပေါ် ဩဇာလွမ်းမိုးနိုင်သူလည်းဖြစ်သည်။
ထိုကြောင့် ရလလဖအဖွဲ့အစည်းအတွင်းရှိ ကွန်မြူနစ်သဘောတရား သို့တည်းမဟုတ် လက်ဝဲအတွေးအခေါ်ရှိသည့်အုပ်စုနှင့် အမျိုးသားရေးဝါဒီအုပ်စု၏ သဘောတရားရေးရာတိုက်ပွဲ ပိုမိုဆိုးရွားစေခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ရလလဖလည်း နှစ်ခြမ်းကွဲခဲ့သည်။
ထိုကဲ့သို့ ရလလဖအဖွဲ့အစည်း နှစ်ခြမ်းကွဲပြီးနောက် ဖြားဗွာခွန်လှဖေဦးဆောင်သော အမျိုးသားရေးဝါဒီအုပ်စုသည် ရှမ်းပြည်အမျိုးသားလွတ်မြောက်ရေးတပ်ဦး (SNLF) အမည်ဖြင့် ရပ်တည်လှုပ်ရှားခဲ့ပြီး ၁၉၇၅ ခုနှစ် ဖြားဗွာခွန်လှဖေကျဆုံးသည့်အခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ပအိုဝ်းဖြူအဖြစ် လူသိများသည်။
ရလလဖအဖြစ် ဆက်လက်ရပ်တည်သော ကွန်မြူနစ်အုပ်စုကိုမူ ပအိုဝ်းအနီအဖြစ် လူသိများသည်။ ထိုအချိန်မှစတင်ကာ အကြောင်းပြချက် မည်မည်ရရမရှိပဲ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းလုပ်ကြံသတ်ဖြတ်ခြင်းများ၊ ဒေသတွင်း ပအိုဝ်းဖြူ ပအိုဝ်းနီတိုက်ပွဲများကြောင့် ပအိုဝ်းအမျိုးသားများ၏ ဒုတိယတော်လှန်ရေးမှာ အကျဉ်းတန်စွာဖြင့် သမိုင်းတင်ကျန်ခဲ့လေသည်။
လာရာတူသော်လည်း လားရာမတူ
၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ကာလအပိုင်းအခြားများသည် မြန်မာ့နိုင်ငံရေး ရုတ်ချည်းအပြောင်းအလဲများခဲ့သော ကာလများဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်စောမောင်မှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့(နဝတ)ဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အခြားတဘက်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ဩဇာကြီးမားသော ဗကပသည် ၁၉၈၉ ခုနှစ်တွင် ပြိုကွဲခဲ့သည်။
ထိုကြောင့် နဝတစစ်အစိုးရသည် ဗကပပြိုကွဲပြီးနောက် ပြန့်ကျဲယိုင်နှဲ့သွားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလက်နက်ဖြင့် ကမ်းလှမ်းကာ စတင်ဖြိုခွင်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဧပြီလတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် နဝတစစ်အစိုးထံ စာချုပ်စာတမ်းဖြင့်မဟုတ်သော နှုတ်သဘောတူညီချက် တနည်း လူကြီးလူကောင်းသဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ရလလဖသည်လည်း ၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးရယူခဲ့သည်။
ငြိမ်းချမ်းရေးရယူပြီးနောက် PNO သည် စစ်အစိုးရထံမှ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကွက်များစွာရရှိခဲ့သည်။ ယခု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ်၏ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းသည် မြန်မာနိုင်ငံ၏ အချမ်းသားဆုံး ခရိုနီသူဌေးကြီးတဦးဖြစ်သည်။
ခွန်နေဝင်းထွန်းအပါအဝင် PNO ထိပ်ပိုင်းခေါင်းဆောင်များသည် ကျောက်မျက်ရတနာလုပ်ငန်း၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်နှင့် ဝိုင်လုပ်ငန်း စသည့်စီးပွားရေးလုပ်ငန်းများအပြင် ကျောက်မျက်ရတနာ၊ ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ကွက်များစွာကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် မဖြစ်မနေ ဒီမိုကရေစီအသွင်ကူးပြောင်းရန်ဖြစ်လာခဲ့ပြီး ၁၉၉၁ ခုနှစ် နှင့် ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူထားသည့်အဖွဲ့များကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။
ထိုကြောင့် PNO သည် ၂၀၀၉ ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ အသွင်ပြောင်းပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထို့အတူ ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူထားသော ရလလဖသည် ၂၀၀၇ ခုနှစ်တွင် အပြီးအပိုင်လက်နက်ချအညံ့ခံခဲ့သည်။ ထိုကြောင့် ရလလဖတွင် လက်နက်မချလိုသည့်အုပ်စုသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ဖွဲ့စည်းကာ ရလလဖမှ ခွဲထွက်ရပ်တည်ခဲ့သည်။
၁၉၉၁ ခုနှစ်၌ ငြိမ်းချမ်းရေးရယူသော PNO မှ ခွဲထွက်လာသော ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO) နှင့် ၂၀၀၇ ခုနှစ်တွင် လက်နက်ချအညံ့ခံသော ရလလဖမှ ခွဲထွက်ရပ်တည်သော PNLA သည် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံနယ်စပ်တနေရာ၌ ပအိုဝ်းနိုင်ငံရေးခေါင်းဆောင်များနှင့် ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အမျိုးသားညီလာခံတခုကိုကျင်းပကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖြစ် ပေါင်းစည်း၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
PNLO သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေးဟူသည့် နိုင်ငံရေးမူကို ချမှတ်ရပ်တည်သည်။ သို့သော်လည်း PNO အသွင်ပြောင်းပြည်သူ့စစ်၏ နိုင်ငံရေးရပ်တည်ချက်မှာ “ပြည်ထောင်စုအကျိုးကို ဦးစားပေးဆောင်ရွှက်ပြီး ပြည်နယ်အကျိုး၊ ဒေသအကျိုး၊ မိမိတို့လူမျိုးအကျိုးကို ဆောင်ရွှက်ခြင်း”ဖြစ်သည်။
ထို့ကြောင့် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ခွန်နေဝင်းထွန်းသည် “ပြည်နယ်အသစ်ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာအသာထား အခုကိုယ့်ရှိတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်လို့” ဆိုခြင်းဖြစ်သည်။
ဗဟိုဆုံချက်အဝေး (သို့) အတိတ်နိုင်ငံရေးဝဲဂယက်သို့ ပြန်လည်နစ်ဝင်ခြင်း
၂၀၁၇ ခုနှစ်တွင် PNLO၊ PNOနှင့် ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ပြီး နိုင်ငံရေးဘုံသဘောတူညီချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူမှုနောက်ပိုင်းတွင် အဆိုပါ သဘောတူညီချက်များသည် အကောင်အထည်မဖော်နိုင်ပဲ ဝေးသည်ထက်ဝေးလာကာ ပြောင်းလဲသွားသော မြန်မာ့နိုင်ငံရေးအခင်းအကျင်းအောက်တွင် ပအိုဝ်းအဖွဲ့အစည်းများသည် အတိတ်ကာလ နိုင်ငံရေးဝဲဂယက်ထဲသို့ ပြန်လည်နစ်ဝင်လာသည်။
PNO ထပ်ပိုင်းခေါင်းဆောင်များသည် အဖွဲ့အစည်းအကျိုးစီးပွားနှင့် ကိုယ်ကျိုးစီးပွားများအတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေး ဆက်လက်ထူထောင်ထားပြီး PNLO သည်လည်း အစောပိုင်းစစ်အာဏာသိမ်းမှုတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီမှုအရ စစ်ကောင်စီနှင့် ဆက်ဆံရေးမပြတ်ရှိခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် PNLO သည် NCA ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ လက်နက်သယ်ဆောင်လာသော PNLO/PNLA ယာဉ်တန်းကို PNO အသွင်ပြောင်းပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းအဖွဲ့မှ တားဆီးပိတ်ဆို့ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ PNLA ၏ လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့သည်။
ထိုကြောင့် PNLA သည် တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ ဆီဆိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး NCA သဘောတူညီမှုကို စွန့်လွတ်ကြောင်း ကြေညာခဲ့သည်။
ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်သည့်အတွက် PNLO/PNLA သည်လည်း နာယကဦးဆောင်အဖွဲ့နှင့် ဥက္ကဌဦးဆောင်အဖွဲ့ဟူ၍ အဖွဲ့အစည်းနှစ်ခြမ်းကွဲခဲ့သည်။
မည်သို့ပင်ဆိုစေကာမှု PNLA ၏ တော်လှန်ရေးထဲသို့ ပါဝင်လာမှုနှင့် ဆီဆိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်မှုသည် ဒေသတွင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပြင်းထန်သော တိုက်ပွဲကို ဖြစ်စေခဲ့သည်။
ဒေသတွင်းတိုက်ပွဲကြောင့် ဒေသခံ (၇၀,၀၀၀) နီးပါးစစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားသေဆုံးမှု (၁၀၀) နီးပါးရှိခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ထုတ်ပြန်ထားသည်။
ပြင်းထန်ခဲ့သော ဒေသတွင်းတိုက်ပွဲများကြောင့် PNO သည် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများကို တိုးမြင့်တည်ဆောက်ခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ဒေသတွင်း လူငယ်များနှင့် ပြည်သူများကို အတင်းအကြပ်စုဆောင်းခဲ့သည်။
ဆီဆိုင်တိုက်ပွဲပြီးနောက် PNO သည် တပ်သားသစ်များကို အတင်းအကြပ်စုဆောင်းကာ အကြီးအကျယ် စစ်ရေးပြမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ၎င်းတို့ လူမူကွန်ရက်စာမျက်နှာတွင် ဖော်ပြသော ကိန်းဂဏန်းများအရ တပ်သားသစ် (၄၀,၀၀၀) နီးပါး စုဆောင်းခဲ့သည်။
ထို့အပြင် PNO သည် ငွေကြေး ပြည်သူများထံ မကြာခဏငွေကြေးကောက်ခံမှုများရှိပြီး စစ်ရေးပြရာတွင် ဝတ်ဆင်ရန် စစ်ယူနီဖောင်းများကို စုဆောင်းခံရသော တပ်သားသစ်များကိုယ်တိုင် ဝယ်ယူရခြင်းဖြစ်သည်။
PNO သည် နိုင်ငံရေးသိမှုနည်းပါးသော ပအိုဝ်းလူငယ်များနှင့် ပြည်သူများကို ဘာသာရေးနှင့် လူမျိုးရေးမှိုင်းဖြန့်ကာ တက်သားစုဆောင်းနေမှုလည်းရှိသည့်အတွက် အချို့သော လူငယ်များသည် မျိုးကန်းမျိုးချစ်စိတ်ဖြင့် PNO ၏ တပ်သားစုဆောင်းမှုထဲသို့ လိုလိုလားလားဝင်ရောက်နေမှုလည်းရှိသည်။
PNO သည် သျှမ်း-ကရင်နီနယ်စပ်တိုက်ပွဲများတွင် “ကယန်း(ပဒေါင်)များ ပအိုဝ်းနယ်မြေကိုကျူးကျော်နေပြ” “ခရစ်ယာန်များက ပအိုဝ်းဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးသွားကြပြီ” စသည်ဖြင့် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများ အထူးသဖြင့် “KHUN SAN AUNG” Page မှတဆင့် အများဆုံးဝါဒဖြန့်လေ့ဖြစ်သည်။
PNO သည် ပအိုဝ်းဒေသကာကွယ်ရေးအတွက် အရန်စစ်အင်အားလေးသိန်းစုဆောင်းရန် လျာထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ NP News ၏ သတင်းတခုတွင် ဖော်ပြထားသည်။
ထိုကြောင့် ပအိုဝ်းလူငယ်များနှင့် ပြည်သူများသည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်၍ ချိုးဖောက်ခံရရန် ရှိနေသည်။
အတိတ်ကာလ ရှုပ်ထွေးသောပအိုဝ်းနိုင်ငံရေးကြောင့် မြေစာပင်ဖြစ်ခဲ့သော ပအိုဝ်းပြည်သူများသည် ယနေ့တိုင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်ူများကြောင့် မြေစာပင်ဖြစ်နေလျက်ရှိသည်။
ထို့အတူ အတိတ်ကာလတွင် အဖွဲ့အစည်းသင်းကွဲမှုရှိခဲ့သော ပအိုဝ်းအဖွဲ့အစည်းများသည် ယခုတွင်လည်း PNO/PNA, PNLO/PNLA, PNLO-NCA-S, PNFC, PAF စသည်ဖြင့် ဆက်လက်ပြန့်ကျဲနေသည်။
တခုတည်းသော အမျိုးသားနိုင်ငံရေးဘုံသဘောတူညီမှုဆုံချက်
အမျိုးသားညီညွတ်မှုအဖြေမရှိသေးသော ပအိုဝ်းအဖွဲ့အစည်းများအတွက် ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့သည့် နိုင်ငံရေးဘုံသဘောတူညီမှုများမှာ အနီးစပ်ဆုံးသော ညီညွတ်ရေးဆုံချက်ဖြစ်သည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိရမည်” ဟူသောအချက်အပါအဝင် နိုင်ငံရေးဘုံသဘောတူညီချက် (၁၂)ချက်ကို ချမှတ်နိုင်ခဲ့သည်။
ထိုကဲ့သို့ တခုတည်းသော တူညီသည့်ဆုံချက်ကို ဦးတည်၍ ညီညွတ်မှုရရှိရန် PNFC နှင့် PNLO မှ ပူးတွဲထုတ်ပြန်ချက်ဖြင့် ပြန်လည်ကြိုးပမ်းလာခြင်းသည် ကြိုဆိုသင့်သော ချဉ်းကပ်မှုဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် အခက်အခဲများစွာရှိနေသည်။
PNFC နှင့် PNLO ၏ ပူးတွဲထုတ်ပြန်ချက်ပါ “PNO အနေဖြင့် လုံးဒါညီလာခံတွင် ချမှတ်ခဲ့သော စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မူအတိုင်း ဆက်လက်ရပ်တည်ကာ လူထုတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန်”ဟူသော PNO အပေါ် တိုက်တွန်းမှုသည် လက်တွေ့တွင် ဖြစ်လာရန်အခက်အခဲများစွာရှိသည်။
အထူးသဖြင့် PNO ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့အစည်းအကျိုးစီးပွားနှင့် ကိုယ်ကျိုးစီးပွားများကို ကျော်လွန်ကာ လူထုတော်လှန်ရေးသို့ ကူးပြောင်းပူးပေါင်းလိုသည့် သဘောထားမရှိပါ။
စင်စစ် PNO သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုလျော့ရဲလာနေသော စစ်ကောင်စီကို ယခုတိုင် မပြိုလှဲနိုင်သော အင်စတီကျူးရှင်းအဖြစ် ရှုမြင်နေမှုလည်း ရှိနေသည်။
အတိတ်ကာလ ပအိုဝ်းတော်လှန်ရေးသမိုင်းတွင် အဖွဲ့အစည်း အကျိုးစီးပွားအနည်းအကျဉ်းသာပါ၍ သဘောတရားရေးရာအပေါ်အခြေခံကာ ကွဲပြဲခဲ့သည့် PNO နှင့် ရလလဖ၏ ၁၉၈၉ ခုနှစ် အဖွဲ့အစည်း ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပါ။
ယခုတွင် အကျိုးစီးပွားအများအပြား ပါဝင်နေသည့်အတွက် အဖွဲ့အစည်း ပေါင်းစည်းရေး မဆိုထားနှင့် ညီညွတ်ရေးရရှိရန်ပင် မလွယ်ကူပေ။
ထိုကြောင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးဆွေးနွေးမှုများ အမှန်တကယ်ဖြစ်လာနိုင်ရန်မှာ PNO ၏ အဖွဲ့အစည်းအကျိုးစီးပွားနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေမှုကို စွန့်လွတ်ကာ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုမှသာ လက်တွေ့ဖြစ်လာနိုင်မည့်အပြင် စစ်ကောင်စီပြိုလှဲမှသာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
သို့မဟုတ်လျှင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ့်အင်အားကိုယ်တည်ဆောက်ခြင်း၍ အချင်းချင်းတိုက်ခိုက်ခြင်းဖြင့် အတိတ်ကာလထက် ပိုမိုဆိုးရွားသော နိုင်ငံရေးဝဲဂယက်ထဲသို့ ပြန်လည်နစ်မြုပ်နေဦး ဖြစ်ပါသည်။
ဆောင်းပါးရှင် ပအိုဝ်းလူငယ် ” သုဝဏ္ဏခွန်” ရေးသားပေးပို့သည်။