ylliX - Online Advertising Network

ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ – Myanmar Now


ကချင်ပြည်နယ်တောင်ပိုင်း တရုတ်နယ်စပ်အနီးရှိ ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက စစ်ကောင်စီ အခြေစိုက်စခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်အထိ တိုက်ပွဲများပြင်းထန်နေသည်။

မြို့တွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) နှင့် တပ်ရင်းဌာနချုပ်စခန်းများကို KIA နှင့်ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်ခုခံနေသည်ဟု သိရသည်။

ဗန်းမော်မြို့တွင်းရှိ အထပ်မြင့် အဆောက်အဦးအချို့တွင် စစ်ကောင်စီ စနိုက်ပါသမားများ နေရာယူထားသလို အချို့နေရာများတွင် ဆက်လက်တပ်စွဲထားသည်။ ဒဏ်ရာရသည့် စစ်ကောင်စီတပ်အချို့မှာ စကခ(၂၁)တပ်တွင်းသို့ ဆုတ်ခွာနေသည်ဟု ဗန်းမော်မြို့ သတင်းများကို စုစည်းဖော်ပြနေသည် Banmaw Scout Team အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မြို့တောင်ဘက်ရှိ ခြေလျင်တပ်ရင်း ခလရ(၄၇)၊ ဗန်းမော်တက္ကသိုလ်နှင့် စကခ(၂၁)တို့တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု အဆိုပါ Banmaw Scout Team အဖွဲ့ဝင်က ပြောသည်။

“ဒီနေ့ (ဒီဇင်ဘာ ၃၁ရက်)တော့ တော်တော်တိုက်ပွဲပြင်းနေတယ်၊ လေယာဉ်ကြဲတာတွေလည်းရှိတယ်။ မနက်ထဲက (မြို့ထဲမှာ)မီးလောင်နေတာ အခုထိမငြိမ်းသေးဘူး စကခ ၂၁ နဲ့ နီးတဲ့နေရာတွေမှာ ဒီကောင်တွေ(စစ်ကောင်စီတပ်သားများ) Drone ‌တွေ အများကြီး လွှတ်ထားတယ်၊ သံကျပ်ကာကားတွေနဲ့ လှည့်ကင်းသွားနေသေးတယ်”ဟု အဆိုပါ အမျိုးသားကပြောသည်။

ဗန်းမော်မြို့သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ(၂၃၆)၊ ခလရ(၄၇)နှင့်အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။

တိုက်ပွဲဆက်ဖြစ်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ သို့သော် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် မြေပြင်သတင်းအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်းသူက ဆိုသည်။

ဗန်းမော်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၃၁၉)၊(၆၀၁)နှင့် အမြောက်တပ် အမတ(၅၂၃)တို့ကိုပါ တိုက်ခိုက်နေပြီး အဆိုပါ စခန်းများကို KIA သိမ်းပိုက်ထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသော ဗန်းမော်၊ မန်စီဒေသပြမြေပုံ

ဒီဇင်ဘာ ၄ ရက်က စတင်သည့် ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲမှာ တစ်လခန့်ကြာမြင့်လာသည့်နောက် ဗန်းမော်မြို့ရှိဒေသခံ အများစုမှာ မြို့ကို စွန့်ခွာသွားကြပြီဖြစ်သည်။

ဒီဇင်ဘာ တတိယပတ်တွင် ဖြစ်ပွားသည့် မြို့တွင်းတိုက်ပွဲများအတွင်း စစ်ရှောင်အများစု ခိုလှုံနေသည့် မြို့ပေါ်ရှိ သိမ်းတော်ကြီးဘုန်းကြီးကျောင်းဝန်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် လူမှုရေးအသင်း သုညသုခ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်တွင်လည်း အဆိုပါ သိမ်တော်ကြီးဝန်းအတွင်း လက်နက်ကြီးထပ်မံ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ ၇ဦး ဒဏ်ရာရခဲ့သည့်အတွက် သွားရောက်ကူညီခဲ့ရသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

“မြို့ထဲမှာဖြစ်တော့ သိမ်တော်ကြီးဘုန်းကြီးကျောင်းထဲကို ဝင်ခိုလှုံကြတာလေ၊ ၂၈ ရက်နေ့က ရောက်တဲ့အခေါက်ကကျွန်တော်တို့ကားမှာ သိမ်းတော်ကြီးကျောင်းက လူနာ ၇ ယောက်ပါတယ် လက်နက်ကြီးထိတာပေါ့၊ အခုဖြစ်စဉ်ကိုကြည့်လိုက်တော့ သိမ်တော်ကြီးထဲမှာလည်း လုံခြုံမှုမရှိတော့ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။



မြို့တွင်းမှ ထပ်မံ တိမ်းရှောင်သူများကို ဗန်းမော်မြို့အခြေစိုက် သုညသုခအသင်းနှင့် အခြားလူမှုရေးအသင်းများက ကူညီပြီး မန္တလေးနှင့် အခြားမြို့များကို ကူညီပို့ဆောင်ပေးနေသည်ဟု သုညသုခအသင်းမှ တာဝန်ရှိခံ အမျိုးသားကပြောသည်။

“ထွက်နေတုန်းပါပဲ၊ စင်းခန်းတို့ ရွှေကူတို့ ရေလဲရွာတို့ အဲဒီဘက်တွေကို တောက်လျှောက် ထွက်နေကြတုန်းပါပဲ၊ ကားလမ်းထွက်ရင်က တစ်လမ်းပဲရှိတယ်၊ ရေလမ်းထွက်ရင်လည်း ရေလဲရွာ အဲဒီလိုပဲ ထွက်တယ်၊ ထွက်တော့ ထွက်နေတုန်းပဲလူဦးရေက များတော့ များလိမ့်မယ် ဘယ်လောက်ရှိမှန်းတော့ အသေးစိတ်မသိဘူး” ဟု ၎င်းက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ရွှေကူလမ်းပိုင်းတွင် လုံခြုံရေးအရ ဖြတ်သန်းမရသည့်အတွက် ကူညီမှုများ ရပ်ဆိုင်းထားပြီးနောက်ရက်များတွင် ပြန်လည်ကူညီသွားမည်ဟုလည်း သူက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်းမြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *