မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မနေ့က ဒီဇင်ဘာ ၃၁ရက်ညပိုင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သားကျင်ကျေးရွာနေ မိသားစုတစ်စုထဲက ၅ဦးသေဆုံးကာ အပြင်အထန်ဒဏ်ရာရသူ ၆ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ မိသားစုဝင် ၅ဦးထဲမှာ ၂ဦးသာ အလောင်းပြန်ရပြီး ကျန်တဲ့ ၃ဦးက မမှတ်မိတော့လောက်အောင် သေဆုံးပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။ဇင်ဘာလ ၃၁ရက်၊ မနေ့ည ၈နာရီခွဲနဲ့ ၁၀ နာရီခွဲအချိန်တွေမှာ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာနဲ့ ရွာအနီးပတ်ဝန်းကျင်တွေကို ဂျက်ဖိုက်တာနဲ့ ၁ကြိမ်၊ စက်တပ် လေထီးနဲ့ ၂ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီပစ်ချလိုက်တဲ့ဗုံးဟာ မိသားစု ၇ဦးရှိတဲ့ ပြည်သူနေအိမ်ပေါ်ကျရောက်ခဲ့ပြီး ၅ဦးပွဲချင်းပြီးသေဆုံးကာ ၂ဦးသာအလောင်းပြန်ရခဲ့သလို သားကျင်ရွာအတွင်းက နေအိမ် ၉လုံးထိခိုက်ပျက်စီးပြီး နွား၈ကောင်လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာ စက်တပ်လေထီးတွေကို မန္တလေးတိုင်းအတွင်းစတင်အသုံးပြုနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက်က မန္တလေးတိုင်း တောင်သာမြို့နယ်မှာ လေယာဉ်ရော စက်တပ်ထားတဲ့လေထီးတွေနဲ့ပါ ဗုံးကြဲမှုကြောင့် ပြည်သူ ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။မနေ့က နှစ်သစ်ကူးနေ့ ဒီဇင်ဘာ ၃၁ရက်အတွင်းမှာတော့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၅ဦး သေဆုံးခဲ့တဲ့အပြင် ကရင်နီပြည်နယ်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းပေါ်ကို ဒီဇင်ဘာ (၃၁) ရက် ညနေ (၄) နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ၃လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၄ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
The post ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့ first appeared on Voice of Revolution Live News.