ylliX - Online Advertising Network
သပိတ်ကျင်းတွင် တိုက်ပွဲဆက်နေ၊ တွင်းငယ်ရွာအနီး စစ်တပ်ထိုးစစ်ဆင် - Myanmar Now

သပိတ်ကျင်းတွင် တိုက်ပွဲဆက်နေ၊ တွင်းငယ်ရွာအနီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီတပ် ၃ တပ်နေရာများတွင် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်က တွင်းငယ်ရွာအနီး တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှ အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးဖြစ်သည့် ထိုရွာကို ဒီဇင်ဘာလဆန်း၌ နေရာပြန်ရယူထားသည့် စစ်တပ်က ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရ သည်။ 

ဒီဇင်ဘာ ၃၁ ရက် နှစ်ကူးနေ့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ မြေပြင် ထိုးစစ် ဆင်ခဲ့သည်ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Myanmar Now ကို ပြောသည်။

“၃၁ ရက်နေ့ မနက်အစောကြီးကတည်းက သူတို့ လာတိုက်တယ်။ အင်အားအလုံးအရင်းနဲ့ သူတို့ ရှေ့ကို တိုးချင်နေတော့ လာတိုက်တယ်။ ဒါပေမယ့် ကျွန်မတို့ရဲဘော်တွေက မဟာမိတ်တွေနဲ့ ဝိုင်းတိုက်လွှတ် လိုက်တော့ သူတို့ တိုးလို့မရဘူး”ဟု  ဆိုသည်။

ထိုနေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ပြီးနောက် ညသန်းခေါင်ယံ နှစ်သစ်ကူးတော့မည့် အချိန်တွင်လည်း တွင်းငယ်ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သူများအခါကြီးရက်ကြီးတွေမှာ သူတို့တမင်ကို လုပ်နေတာတွေပေါ့နော်။ ခရစ္စမတ်နေ့မှာတုန်းကလည်း လေယာဉ်နဲ့ဗုံးလာကြဲခဲ့တယ်။ သူများတွေပွဲတော်ကျင်းပနေချိန်တွေမှာ ခုလို တမင်ကို ညစ်ပတ်ပြီးတော့ လုပ်တဲ့လုပ်ရပ်တွေပေါ့”ဟု ရဲဘော်နီနီကျော်က ပြောသည်။

PLA အပါအဝင် ပူးပေါင်းတပ်များက ပြန်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာ ၂၁ မှ ၂၅ ရက်အထိ ၅ ရက်ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅) ကလည်း စစ်တပ်က လေယာဉ် ပစ်ကူဖြင့် ဗုံးကြဲ ခဲ့သေးသည်။ 

တွင်းငယ်ကျေးရွာကို PLA, တအာင်းတပ်(TNLA)နှင့်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ဩဂုတ်လ ဒုတိ ယပတ်ကတည်းက သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏လက်ကျန် ၃ တပ်က တွင်းငယ်ကျေးရွာကို ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာလဆန်းတွင် ပြန်လည်ရယူသွားကာ နေအိမ်အများအပြားကို မီးရှို့ခဲ့သည်။

စစ်တပ်က ထိန်းချုပ်ထားစဉ် ဒီဇင်ဘာ ၄ ရက်မှ ၁၄ ရက်အတွင်း တွင်းငယ်ရွာမှ နေအိမ်များ မီးရှို့ခံရပြီး နေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးသည်ဟု Data For Myanmar ဆိုသော သုတေသနအဖွဲ့ကလည်း ဒီဇင်ဘာ လကုန်က ထုတ်ပြန်ထားသည်။

“လူနေအိမ်တွေလည်း (မီးရှို့တာ) ကုန်သလောက်ကို ဖြစ်နေပါပြီ။ သူတို့နေ့စဉ်နဲ့အမျှရှို့နေတာ။ ထပ်ပြီး လည်း တွင်းငယ်ရွာတစ်ဝိုက်က ကျန်တဲ့အိမ်တွေ ဒီရက်ထဲရှို့နေတယ်”ဟု သပိတ်ကျင်းမြို့မှ ရှောင်တိမ်း နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တွင်းငယ်ကျေးရွာအနီးတစ်ဝိုက်မြေပုံ။

သပိတ်ကျင်းမြို့ပေါ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်များက ၂၀၂၄ ဩဂုတ်၂၅ ရက်တွင် သိမ်းပိုက်ခဲ့သော်လည်း မြို့မြောက်ဘက်၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ရွာအနီးရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း(တတက-၁၃)၊မြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာ ကျောက်ကြီးရွာရှိ ကျောက်ကြီး(နည်းပညာတပ်)၊  ၇မိုင်ကျေးရွာဝန်းကျင်ရှိ စခတ (၂) ခေါ် အမှတ် (၂) စစ်အခြေခံ လေ့ကျင့် ရေးတပ်တို့တွင် စစ်ကောင်စီတပ်များ ကျန်ရှိခဲ့ သည်။



ထိုတပ်များတွင် PDF များလက်သို့ ကျသွားသည့် စဉ့်ကူး၊သပိတ်ကျင်းတို့မှ တပ်ဆုတ်သွားသော စစ်သား များပါ ရောက်ရှိနေသဖြင့် အင်အားအတော်အတန်ရှိသည်ဟု တော်လှန်ရေးတပ်များက ယူဆနေကြပြီး စစ်ကောင်စီမှလည်း လေယာဉ်ဖြင့် အင်အားနှင့်ရိက္ခာဖြည့်တင်းနေသည်။

ထိုတပ်များက အင်အားပြန်စုစည်းကာ ပိတ်ဆို့ခံထားရသည်မှ ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းနေရာ လတ်တလောတွင် တွင်းငယ်ရွာကိုသာ ရသေးပြီး ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေရာ အနီးဝန်းကျင်တွင် ရှိသော တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်။ 

တော်လှန်ရေးတပ်များ သိမ်းယူရန်ကျန်ရှိနေသည့် အဆိုပါ ၃ တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေရာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

PLA တွင် လီဆူတိုင်းရင်းသား အများစုပါဝင်သည့်  အမှတ် (၂၂၂) တပ်ရင်းသည် မဟာမိတ်များနှင့်ပူးပေါင်းကာ ထိုတိုက်ပွဲများတွင် ပါဝင်နေသည်ဟု ပြောသည်။ 

“၇ မိုင်ဘက် ကျောက်ကြီးဘက်တွေမှာလည်း ကျွန်မတို့ PLA တပ်ဖွဲ့က (၂၂၂) တပ်ဖွဲ့တွေပါဝင်ပြီးတော့ မဟာမိတ်TNLA တို့ မိုးကုတ်ဗျူဟာ (PDF) တို့နဲ့တွဲပြီး တိုက်ပွဲဝင်နေတာတွေရှိတယ်။ အဲဒီဘက်တွေမှာ လည်း တိုက်ပွဲက နေ့စဉ်ရှိနေတယ်”ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် က ဆိုသည်။

တိုက်ပွဲများကြောင့် တွင်းငယ်ကျေးရွာမှ လူဦးရေ ၄၀၀၀ ကျော်နှင့် သပိတ်ကျင်းဒေသခံတစ်သောင်းကျော် စစ်ရှောင်ထွက်ပြေးနေကြရပြီး နေရပ်မပြန်နိုင်ဘဲအခက်အခဲမျိုးစုံဖြစ်ပွားနေသည်ဟု သပိတ်ကျင်းမြို့မှ ရှောင်တိမ်း နေသူ အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။

“ပြည်သူတွေကတော့ တောထဲတွေတို့၊ နောက်အဲ့ဒီနားကရွာတွေတို့ တချို့လည်းမြို့ပေါ်ပြေးတဲ့သူ ပြေးပြီး ပတ်ချာလည်ရှောင်နေကြရတာပေါ့နော်။ အတော်များများကတော့ မရှိကြတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

“ခုဆိုအိမ်တွေလည်း ဖျက်ဆီးခံရတော့ နေရပ်ပြန်နေဖို့ အခြေအနေက မဖြစ်နိုင်တော့ပါဘူး”





Source link

Leave a Reply

Your email address will not be published. Required fields are marked *