ylliX - Online Advertising Network
တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး - Kachin News Group (KNG)

တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး – Kachin News Group (KNG)


တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့  ဗန်းမော်ဒေသခံတွေ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။ ပြည်သူတွေလည်း ဘယ်သူမှ မရှိတော့ဘူး။ တစ်ချို့အိမ်စောင့် လောက်ပဲရှိတယ်။ ပြာပုံဖြစ်သွားတာက မြို့အလယ်ကောင် ပတ်ပတ်လည် အားလုံးမီးလောင်ပျက်စီးသွားပြီ။ မြို့မရပ်၊ တိမ်တော်ကြီးအထိ အကုန်ပါသွားပြီ။ အိမ်ခြေက ထောင်ကြီးဂဏန်းမရှိရင်တောင်ရာကြီးဂဏန်းတော့ပါသွားပြီ။ အဓိကတော့ စစ်တပ်ကနေ လေကြောင်းနဲ့ ပစ်တယ်။ ပြီးရင် ဒရုန်း ၊ တင့်ကားတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြလို့ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့တိုက်ပွဲဟာ တစ်လအတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ တစ်ရက်ကို ၁၀ ကြိမ်ထက်မနည်း နေ့စဉ်နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ တစ်လအတွင်းမှာ ဗန်းမော်အရပ်သား သေဆုံးမှု ရာဂဏန်းရှိလာပြီလို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပေမယ့် လက်ရှိအခြေအနေအရ ထိခိုက်သေဆုံးမှု စားရင်းအတိအကျကို သိရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာ တိုက်ပွဲကြောင့် ဗန်းမော်ဒေသခံ သောင်းချီ ဗန်မော်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ တိမ်းပြေးတိမ်းရှောင်နေကြပြီး စစ်ရှောင်အကူအညီ မရရှိတဲ့အတွက် အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့လည်း ဗန်းမော် စစ်ရှောင်တွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော် စကခ(၂၁)၊ ခလရ ၄၇ တပ်ရင်း၊ ဗန်းမော်တက္ကသိုလ်ဝင်း နေရာနဲ့ မံစီမြို့စောင့်တပ်တွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၃၅၂၊ ခမရ ၆၀၁ စတဲ့ တပ်ရင်းနေရာအားလုံးကို တစ်ပြိုင်နက် ဝင်ရောက်ခိုက်ခဲ့ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားတဲ့ တစ်လအတွင်းမှာ KIA ဘက်ကနေ တပ်စခန်းအကြီးတွေရဲ့ ရှေ့တန်း တပ်စခန်းငယ်တစ်ချို့နဲ့ ရဲစခန်းအပါ အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးနေရာတစ်ချို့ကိုသာ ဝင်ရောက်ထိန်းချုပ်ထားနိုင်သေးတယ်လို့ KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပြပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့ မံစီ နေရာတွေမှာက နေ့တိုင်းလိုလို တိုက်ပွဲက ဆက်ဖြစ်နေသေးတာဖြစ်တယ်။ တပ်စခန်းအကြီးတွေမှာ နီးကပ်ပြီး တိုက်ပွဲဖြစ်နေတဲ့ အနေအထားမှာရှိနေတယ်။ ဟို တပ်စခန်းအကြီးတွေ ထပ်မံသိမ်းပိုက်ထားနိုင်တာ ကတော့ မရှိသေးဘူးလို့ ပြောလို့ရတယ်။ ဗန်းမော်မြို့ထဲမှာက ရဲစခန်း၊ စုပေါင်းရုံးတွေလို တစ်ချို့ဝင်ရောက်ရှင်းလင်း ထိန်းချုပ်ထားနိုင်တာတယ်လို့တော့ ပြောတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့တွင်း ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတစ်ချို့ကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး စကခ(၂၁) နဲ့ ခလရ ၄၇ တပ်ရင်းနေရာတွေမှာ မြို့သိမ်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

မံစီမြို့ နဲ့ လေယာဉ်ကွင်းရှိတဲ့ ဗန်းမော်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အတွက် ကချင်ပြည်နယ် ဧရာဝတီအရှေ့ဘက်ခြမ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ မြို့ဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်သလို စစ်ကောင်စီရဲ့ အမှတ် (၂၁စစ်ဆင်ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး၊ ခလရ ၂၃၆၊ ခလရ ၄၇၊ နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆) ၊ ၃၀၄ နဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်၊ လက်ရုံးတပ်ရင်း ၅ခုလောက်အခြေစိုက်ထားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)







Source link

Leave a Reply

Your email address will not be published. Required fields are marked *